Showing posts with label တာရာမင်းဝေ (ကဗျာ). Show all posts
Showing posts with label တာရာမင်းဝေ (ကဗျာ). Show all posts

Saturday, January 23, 2010

ဆရာ တာရာမင်းဝေ ၏ ချစ်သူသို့ ကဗျာများ

ဆရာ တာရာမင်းဝေ ၏ ချစ်သူသို့ ကဗျာများ

ချစ်သူ..သို့ (၁)

သံချေးတစ်ထပ်ရွှံ့တစ်ထပ်မို့လို့
သူတို့ရဲ့စိတ်အတင်အချကို
မင်း..ဘယ်လိုမှဖတ်ရမှာမဟုတ်ဘူး။

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှု နဲ့ကိုယ်အိပ်လိုက်ပေါ့ကွယ်။

ချစ်သူရေ
လောကရဲ့မာယာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
.....ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကိုစိုက်ပျိုးနိုင်တယ်...ဆိုတာ..။ ။

တာရာမင်းဝေ



ချစ်သူ...သို့ (၂)

နတ်ဒေဝတာတွေ
ပျံသန်းလာသံကို ကြားရတယ်
ရင်ခွင်မှာမီးတောက် တန်းလန်းနဲ့
မိုးတွေချုန်းအောင် သူတို့လွမ်းပြပလေ့စေ။

မျက်တောင်လေးရေ
မြေပြင်ပေါ်မှာကိုယ်နဲ့နေရစ်ခဲ့။

သူတို့ရဲ့ ယန္တရားသော့ချိတ် နဲ့
ကိုယ်တို့ရဲ့မြေသောက်ရေအိုးလေးကို
အဖုံး လှမ်းမပိတ်နိုင်ပါဘူး။

မြင်းသည်တော်တွေနဲ့
...ကျော်မတက်နိုင်တဲ့အရပ်မှာ
စပါးပင်ကို ပျိုးကျဲနေကျလက်နဲ့ပဲ
မှုန်းဖွဲ့လို့ကိုယ်ခေါ်ဝံ့ပါရဲ့..
လိုက်ခဲ့တော့ကွယ်။ ။

တာရာမင်းဝေ


ချစ်သူ...သို့ (၃)

မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလား...လို့တွေးမနေနဲ့တေ့
ချစ်သူရေ...တို့တတွေပေခံလိုက်ကြစို့ရဲ့။

မသေချာတာတွေကတော့အများကြီးပဲ
ဒါပေမယ့်
သေချာတာလေးတွေလည်းရှိတတ်လို့
တို့...စောင့်...ရ ဦးမယ်။

(မကြာခင်မှာ
လင်းရနံ့တွေဝေလာမှာပါပဲ
ကိုယ်ယုံတယ်)
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။ ။

တာရာမင်းဝေ

ချစ်သူ..သို့ (၄)

မုရောအပွင့်တွေ
ပြီးတော့..သက်တံ အငွေ့
လခြမ်းလို..ပြန်ကွေ့လာကြလိမ့်မယ်။

ငါဆောင်းချင်တဲ့ထီးကလေးရေ..
ငါဆောင်းချင်တဲ့ထီးကလေးရေ..
ငါဆောင်းချင်တဲ့ထီးကလေးရေ..
မိုးသွန်ရာသီအတွက်
မကြာမီမှာထွန်ရေးဝင်ရတော့မယ်နော်

ငြိမ်သက်စွာ
သစ်ပင်အိုအောက်ကနတ်ကွန်းမှာ
ဖယောင်းတိုင်မီးရှုးတစ်တိုင်ညှိရင်း
(ဒီဆောင်းတွင်းထဲ..)
တို့တွေ..အလင်းခိုနေကြစို့ရဲ့..။ ။

တာရာမင်းဝေ


ချစ်သူ...သို့ (၅)

သုံးဆယ်ကျော်တာတောင် မလိမ္မာ ဘူး
ဒီအရွယ်ကြီးရောက်မှ စာမေးပွဲ'ကျ'တယ်
ညီမလေးရယ်.. ငါ့ကိုရိုက်ပါ..

နီကိုရဲ ထွန်းဝေမြင့် ...စသဖြင့်ပြန်သွားကြပြီ
ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ.....

ကိုယ့်ကို ကိုယ်တစ်ခန်းလုံး မီးဖွင့်ပြီး
ကပိုကရို ဖွင့် လိုက်တယ်...
ညီမလေးရယ်.. စိတ်ထဲမှာ စာမေးပွဲကျတယ်..

တကယ်တော့လည်း
လောကဓံ ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့အရာပါ...
လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်။

ဟော...
ကိုရင်တစ်ပါးက တုန်းမောင်ခေါက်သံလက်ဆောင်ပါးတယ်
မကြာခင်(၆)နာရီ နေဝန်းဆိုက်ရောက်တော့မှာပါတဲ့ ။

ညီမလေးရေ.....
မြင်းရထားတွေကို လက်ပြမတားတော့ဘူး
ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။
အဝေးကြီးကို ရွေးလျားချင်မှတော့
လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။

တာရာမင်းဝေ

ဆရာမ မနော်ရီ ရဲ့ ကျွန်မ ချစ်သောကဗျာများမှာ တွေ့လို ကူးလာတာပါ ။
ဆရာရဲ့ ကဗျာအားလုံးကို နှစ်သက်တယ် ..
ဖြစ်နိုင်ရင် ကျနော့် ဘလောဂ်လေးမှာ အမှတ်တရ သိမ်းထားချင်တယ် ..
အဲ့လိုနဲ့ ဆရာ့ ကဗျာလေးတွေကို လိုက်ပြီးစုဆောင်းနေတာပါ ။


သက်အောင် (ကလောင်တိုက်ပွဲ )

Monday, January 18, 2010

နိုဝင်ဘာ

နိုဝင်ဘာ

ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ
မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကရိုနဲ့ ... လှလို့။

ငါ .. တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်း အဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့ ။ ။

တာရာမင်းဝေ

P.S
ဆရာ့ရဲ့ စာတွေကိုဖတ်မိတိုင်း ရင်ထဲနာကျင်နေအောင် မျက်ရည်ဝဲမိတယ်ဆရာ ။ ။
ဆရာ ကောင်းရာသုဂတိလားပါစေ ။

Monday, August 10, 2009

“နက္ခတ်ရစ်သမ်”

ဒီကဗျာတွေကတော့ ကိုရွှေဘုန်း(တာရာမင်းဝေ) မကွယ်လွန်မီ နောက်ဆုံးရေးသွားတဲ့ ကဗျာတွေပါ။ ဒီကဗျာတွေကို ကျွန်တော့်ရဲ့စာအုပ်တိုက်ဖြစ်တဲ့ “ငါတို့စာပေ” မှထုတ်ဝေဖို့ စီစဉ်ထားတာ ဖြစ်ပြီး စာပေစိစစ်ရေးက ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။ စာအုပ်ထုတ်ခါနီးမှ မမျှော်လင့်ဘဲ “သူ” ကွယ်လွန် သွားခဲ့ပါတယ်။ သူ ကွယ်လွန်ပြီးတော့မှ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် မထုတ်ဖြစ်တော့တာပါ။ ဒါပေမယ့် online ပေါ်က ညီအစ်ကိုတွေအတွက် ဖတ်ရှုရအောင် တင်ပေးလိုက်ပါတယ်။ ကဗျာစာအုပ်နာမည်ကတော့…. “နက္ခတ်ရစ်သမ်” တဲ့။


ဗေဒင်ဟောသည်

“ဒေါက်”ခနဲ ဓားပေါက်သံအဆုံးမှာ
ကံကြမ္မာက ကားယားကြီးကျလာတယ်
သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ
ခုချိန်ကစပြီး ကျုပ် ဗေဒင်ဆရာလုပ်မယ်
ကံကြမ္မာမရှိတဲ့ ဗေဒင်ဆရာ
မြင်းရိုင်းကိုစီးပြီး မြို့တော်ထဲဝင်လာမယ်။

တာရာမင်းဝေ
-
ဝေးသူ

စကားတစ်ခွန်းနှစ်ခွန်း စွတ်စိုရုံလောက်နဲ့
မြင်းမိုရ်တောင်ကို မွန်းတည့်စေမလား
ဒါပေမဲ့ ဒါဟာ ဖြစ်ခဲ့တယ်
အိုဒက်ဆာမှာ မဟုတ်ဘူး၊ ကြေးရုပ်နံဘေးမှာဖြစ်ခဲ့တယ်
ဒါဟာ တကယ်ဖြစ်ခဲ့တယ်။
လ၀န်းကျကွဲသံတွေကြားမှတော့
ဘာကိုမှ မလွမ်းဆွတ်တော့ပါဘူး
ချုပ်ပလိုင်းထဲက ငါ မျှော်ရည်ငေးလင့်
တစ်နေ့တော့”ဆိုတာ
ဘယ်တော့ပွင့်”မလဲလို့။

တာရာမင်းဝေ
-

တန်ရာတန်ကြေး

နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှ ထမင်းခဲကိုက်ပြီး မွေးလာတာမဟုတ်ဘူး
အဲဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှာ
စောင်းကြိုးတစ်ချက် လျှော့ခဲ့တယ်။
အနုပညာဆိုတာ
မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမဟုတ်ဘူး
နေညိုချိန် တိမ်ပွင့်အမျောလေးပါဆိုတော့လည်း
ပြောသူကို မယုံကြည်ချင်ကြဘူး
ကြည့်ပါ
ဒီမြှားကို ငါပစ်ပြပါ့မယ်။
ပစ်မှတ်ကို လွယ်လွယ်နဲ့မှန်ရင်တော့
အဲဒီသူယောင်နတ်သမီးကို
တို့တွေ တန်ရာတန်ကြေး ပေးလိုက်ကြတာပေါ့။

တာရာမင်းဝေ
-

သင်းကွဲသူများ (၁)

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ
ဟိုးမှာ
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။

တာရာမင်းဝေ
-

ဖြစ်စဉ်

တစ်ခါတလေမှာတော့လည်း တွေးကြည့်မိပါတယ်
နက်ဖြန်ခါ သေသွားရင် ဘာဖြစ်မလဲလို့။
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးပြီ
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့ စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘ၀မှာ နေပျော်ရတာပါပဲ ကလေးရယ်။

တာရာမင်းဝေ
-

နေ

ကြယ်ကလေးတွေ စိုးစီစိုးစီနဲ့ပဲ
ငါ နိုးခဲ့ရ…။
မှော်ဆရာရဲ့ လွယ်အိတ်ထဲက
လွတ်ထွက်လာတဲ့နေလုံးလို
တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ…
ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။

တာရာမင်းဝေ
-

သင်းကွဲသူများ(၂)

နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။

တာရာမင်းဝေ
-

နွေခံစားမှု

အငွေ့တထောင်းထအောင်ပူရဲ့
လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ်
ဒီရိုးပြတ်ကိုကျော်ရင်ရောက်ပါပြီတဲ့...။
ပတ်ကြားအက်ထဲကလူကအသံကုန်အော်တယ်...။
မိုးနတ်မင်းကြီးရယ်....
ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ...
ကျွန်တော်စိတ်တွေက
မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ။

တာရာမင်းဝေ
-

သက်ပြင်းလောင်းသံ

ငါ...... ကြေကွဲနေပြီ
ရင်ဘက်မှာလည်း ၀ိဥာဉ်ကျောက်သားတွေအက်ကွဲလို့...
ငါ....ဘယ်လိုလုပ်ရမလဲ
ပိတ်ထားတဲ့ ပန်းပွင့်ကိုကော
ဘယ်လိုအလင်းနဲ့နမ်းမလဲ
အငွေ့ပြယ်ပြီး ပျောက်သွားရင်လည်းပြီးရော...
တကယ်ဆို
ကောင်းကင်တိုက်ပွဲအသစ်တွေနဲ့သာနေ/သေချင်တော့တယ်....

တာရာမင်းဝေ
-

ပင်လယ်ရေးတဲ့စာ

ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်
မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။
ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်ထချင်တယ်
ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။
ခုတော့....ဘယ်ဖြစ်တော့မှာလဲ
သူမက
ငါ့ကို
ငြိမ်ငြိမ်လေးပဲ
လက်ပိုက်ရပ်နေတဲ့....။

တာရာမင်းဝေ
-

တစ်ခွန်းစကား

ရနံကိုတော့ရတယ်
ဒါပေမယ့်....ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ....သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်...။

တာရာမင်းဝေ
-

ကကြီး

အဖေ့ရဲ့မျက်နှာမှာ
အင်္ဂတေအက်ကွဲရာ အမြောင်းမြောင်းနဲ့
အဖေ့ရဲ့အရိုးငေါငေါ လက်အစုံမှာလည်း
ဘယ်ဆီကူးမယ်မှန်းမသိတဲ့ ၀တ်မှုန်တွေလည်းပျံ့သင်းလို့
အဖေ့ရဲ့စိတ်အာရုံထဲ ငါဝင်ကြည့်တော့
လောကဓံရှစ်ပါးနဲ့ပိတယ်။
အဖေရယ်......
ကျောသက်သက်ကိုခင်းပြီး ကျွန်တော်ဝင်ထမ်းပေးပါ့မယ်
အဖေ့အတွက် နိုင်ရာဝန်ကို ကူမပေးရင်း
အဲ့ဒီလို.....ကကြီးမျိုးတော့
ကျွန်တော် ရေးချင်ပါသေးတယ်။

တာရာမင်းဝေ
-

နဂါးချော့တေး

ကလူ ..... ကလူ လို့
ငါ့ကိုဘယ်သူချော့ရဲသလဲ
တကယ်တော့ ချော့တယ်ဆိုတာ
ပျော့ပြောင်းစေလိုရုံတင် မကပါဘူး
ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ်
“ခရူး...ခရူး” တဲ့
မရဏမင်းက
နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ....ငါ....ကျေးဇူးတင်ပါတယ်
သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင်
ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား…
နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။

တာရာမင်းဝေ
-

ပလုံ

ရေထဲကိုခဲကျသွားတာလည်းဖြစ်နိင်တယ်....
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိင်တယ်....
တစ်နေ့မှာ ငါ့အထ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်....
ဘယ်လိုဖြစ်သွားသလဲမသိဘူး...
“ပလုံ”

တာရာမင်းဝေ
-

အထက်ပါကဗျာတွေအကုန်လုံး ဖတ်ပြီးသွားရင် သူ ကွယ်လွန်ခါနီး စိတ်အခြေအနေကို မှန်းဆနိုင်မှာပါ။ သူ့ နောက်ဆုံးနှစ်များမှာ ကျွန်တော်နဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ထုတ်ဝေသူနဲ့ စာရေးဆရာတို့ ပြောသလို အလုပ်အကြောင်းတွေ မဟုတ်ပါဘူး။ အလုပ်အကြောင်းကို သူနဲ့ ကျွန်တော်ပြောရင် အလွန်ဆုံး နှစ်ခွန်းသုံးခွန်းတည်းပါ။ “ကျွန်တော် ဒီစာအုပ် ထုတ်ချင်တယ်”ဆိုရင် သူက “အေး… ထုတ်” “မထုတ်ပါနဲ့ကွာ” ဒီလောက်ပါပဲ။ စာမူခဆိုရင် တစ်ခါမှ ဘယ်ရွှေ့ဘယ်လောက်ပေးပါလို့ မတောင်းခဲ့ဘူးပါဘူး။

ထားပါတော့။ အဓိကပြောချင်တာက သူ့ကဗျာတွေပါ။ သူ့ရဲ့ soul ကို အထက်ပါကဗျာများထဲမှာ တွေ့နိုင်ပါတယ်။ သူ တောင့်တနေတဲ့ မိသားစုဘ၀၊ သူ လိုအပ်နေတဲ့ “မိသားစုဘ၀” သူ့ရဲ့ အထီးကျန်ရက်စွဲတွေကို့ ကျွန်တော့်အနေဖြင့် ကဗျာထဲမှာ ဖတ်ခဲ့ရသလို သူ့နှုတ်ကဖွင့်ဟပြောတဲ့ စကားတွေလည်း ကြားခဲ့ရပါတယ်။ သေချာတာကတော့ သူ ကွယ်လွန်ခါနီးအချိန်မှာ သူ အရမ်း အထီးကျန်နေတယ် ဆိုတာပဲ။

အရမ်း နှမျောမိပါတယ်။ နေချင်ရင် အချိန်တွေ အများကြီး ကျန်သေးတယ်။ သူ လောကကြီးဆီက အများကြီး ယူသွားခဲ့ပြီး သူ့ဆီက လောကကြီးက နည်းနည်းပဲပြန်ရခဲ့တာ အရမ်းနစ်နာပါတယ်။ သူ့ကို အများကြီး ညှစ်လို့ရပါသေးတယ်။ သူ တစ်ခါပြောဖူးတဲ့ သူရေးချင်နေတဲ့ ငါးအုပ်တွဲဇာတ်ကြီးဆိုရင် အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဇာတ်အိမ်ကလည်း အကြီးကြီးပါ။ ရေးမယ့်အကြောင်းကလည်း ရှယ်ပါပဲ။ ဒါပေမယ့်………………..ကိုရွှေဘုန်း………। ခင်ဗျားကိုကြည့်ပြီး ကျွန်တော် ပင်ပန်းလွန်းလို့ နောင်ဘ၀ အနုပညာရှင် မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။


မြေမှုန်လွင်

[ဆရာတာရာမင်းဝေရဲ့ မထုတ်ဝေဖြစ်လိုက်တဲ့ “နက္ခတ်ရစ်သမ်” ကဗျာစာအုပ်ထဲက ကဗျာတွေကို ဆရာ့ရဲ့ အမှတ်တရဘလော့မှာ မျှဝေဖော်ပြဖို့ မိုးလှိုင်ညကနေတဆင့် ကြည်ဖြူစွာ ပေးလိုက်တဲ့အတွက် ကဗျာဆရာ မြေမှုန်လွင်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ သြဂုတ်လ ၅ ရက်နေ့ ဆိုရင် ဆရာတာရာမင်းဝေ ကွယ်လွန်သွားခဲ့တာ ၂ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။]

P.S

ဆရာ ကောင်းရာသုဂတိလားပါစေ။

ကျနော့်ဘလောဂ်လေးမှာ ဆရာ့ ရဲ့ စာလေးတွေကိုရှိစေချင်တဲ့အတွက် ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
တာရာမင်းဝေအမှတ်တရ ဘလောဂ်လေးမှ ကူးယူဖော်ပြသည်။
ဘာဆိုဘာမှမပြင်ပဲ မှုရင်းအတိုင်း ပြန်တင်ပါသည်။

Sunday, May 31, 2009

မိုး

မိုး

ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။

အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။

အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။

ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။

အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။

လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။

ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

P.S
ဆရာကောင်းရာသုဂတိလားပါစေ။

သီချင်း

သီချင်း

နတ်ဆိုးတွေ ငါ့ပန်းရနံ့ကို ရှုရင်းနဲ့ လဲကျ
ကောင်မလေးတစ်ယောက် ငါ့ကိုလွမ်းတဲ့ည

ငါ့ကောင်းကင် နက္ခတ်တွေ ရှက်သွေးရောင်တောက်ပ
ကောင်မလေးတစ်ယောက် ငါ့အမည် ရွတ်တဲ့ည။

ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း .. လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည။

သူမိုက်တွေ ဆောင်မြဲဓါးကို ယောင်ယမ်းကာ လွှတ်ချ
ကောင်မလေးတစ်ယောက် အဝေးကို ငေးတဲ့ည။

ငါ့လမ်းမှာ လျှောက်ရင်းနဲ့တောင် ကျောက်တုံးတွေ မွှေးမြ
ကောင်မလေးတစ်ယောက် ငါ့ကိုချစ်တဲ့ည။

ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း.. လင်းနေတဲ့ည။
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

P.S
ဆရာကောင်းရာသုဂတိလားပါစေ။

ကျောင်းဖွင့်ချိန်

ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)
http://nnai.blogspot.com မှ ကူးယူဖော်ပြပါသည်။

P.S
ဆရာကောင်းရာသုဂတိလားပါစေ။

မျှော်

မျှော်

မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

ပိတ်မထားရသေးတဲ့
သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။

ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။

တနေ့ နေ့ လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့  တိုက်ပွဲဝင်နေပါတယ်။ ။

ရွှေဘုန်းလူ

P.S
ဆရာကောင်းရာသုဂတိလားပါစေ။

တစ်ဝက်တစ်ပျက်မှတ်တမ်း

တစ်ဝက်တစ်ပျက်မှတ်တမ်း

ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကို ဆွဲဖွင့်တယ်
ယမမင်းရဲ့ သြ၀ါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ။

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓါးသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ့။

ငယ်ငယ်ဝံ့ဝံ့ လောဂဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့…..၀ှက်ထားတဲ့ ဗျက်စောင်းပါပဲ။

သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့သံများ
နက္ခတ်ဦးလို…..ပျံစေသား ။


တာရာမင်းဝေ



P.S

ဆရာကောင်းရာသုဂတိလားပါစေ။

Friday, May 29, 2009

ဒိုင်ယာရီ ရဲ့နောက်ဆုံးစာမျက်နှာ

နှင်းစက်လက်တွဲခိုနေတ
ဲ့စံပယ်အိုလေးရေ . . .
ဒီ လကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။
တချို့လူတွေကဘ၀မှာ
ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
်ကိုယ့်မှာက . . .
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။
``သွားတော့မယ်နော် . .
.ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့´´လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခ
ွဲကျော်စရစ်ခဲတွေ အပြိုင်းအရိုင်းလွင့်ကြဲနေတယ်။
(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတ
ဲ့မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖန်ခါဟာ နာမည်ဆိုးမရှိပါဘူး။
ဒါပေမယ့် . . .
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေရထားမှာစူးစူးဝါးဝါး
ဥသြဆွဲပစ်လိုက်တယ်။
ဒီည . . .
နောက်ည . . .
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မ
ှတိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။
``ပျော်ခွင့်မပိုင်သောဒိုင်ယာရီ၏
နောက်ဆုံးစာမျက်နှာထက်၌´´
နတ်သူရူးတွေ ကြဲပက်တဲ့ကောင်းကင်ဘုံက
အက်ဆစ်တစ်စက်လိုရှ
အက်ကြေကွဲ ရှ - -အက် - -ကြေ - -ကွဲ . . .
မင်နီတွေနဲ့ `ရဲ´လို့ပေါ့ကွယ်။ ။


တာရာမင်းဝေ
P.S
အရမ်းကြိုက်တဲ့ကဗျာလေးပါ ။
ဆရာ ကောင်းရာသုဂတိ လားပါစေ။

Thursday, May 28, 2009

ပလုံ

ရေထဲကို ခဲကျသွားတာလည်းဖြစ်နိုင်တယ်...

ရေထဲက ငါးခုန်တက်လာတာလည်းဖြစ်နိုင်တယ်...

တစ်နေ့မှာ ငါအထ္ထုပ္ပ္ပ္ပ့္ပတိကို ငါဖွင့်ကြည့်လိုက်တယ်..

ဘယ်လိုဖြစ်သွားလည်းမသိဘူး..

“ပလုံ”

တာရာမင်းဝေ
P.S
ဆရာရဲ့နောက်ဆုံးရေးခဲ့တဲ့ကဗျာလေးပါ။
ဆရာကောင်းရာသုဂတိလားပါစေ။

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP