Showing posts with label တာရာမင်းဝေ (ဝတ္ထု တို). Show all posts
Showing posts with label တာရာမင်းဝေ (ဝတ္ထု တို). Show all posts

Saturday, June 6, 2009

ဘယ်သူမှ "Three Dimension" ထဲကပြေးမလွတ်ပါဘူး

ဆယ်တန်းစာမေးပွဲကြီး ဖြေရသောရက်များသည် ရွယ်နု တို့ အဖို့  အခက်အခဲမရှိ ကုန်လွန်ပြီးဆုံးသွားပါသည်။ စာမေးပွဲ နောက်ဆုံးအနေ့ အပြီးမှာ ပေါ့ပါး ကြည်လင်စွာ ကျောင်းထဲမှထွက်လာခဲ့ရဧ။် ။

"ဖြေနိုင်လား"
"ဖြေနိုင်ပါတယ်....."

ထိုမေးခွန်းသည်လည်း ဖြေနိုင်မည်ဟုယုံကြည်ရသူများကိုရွေးမေးရ သည်။ မဖြေနိုင်သူကို မေးမိပါက ကိုယ်ပါစိတ်ဆင်းရဲ ရသည်။

"မရဘူး ၊ မဖြေနိုင်ဘူး"
[စာ မှ မကျက်ပဲ ]

"ဘာတွေမေးမှန်းလဲမသိဘူး"
[ဘာတွေဖြေလိုက်မှန်း လဲသိမှာမဟုတ်ပါဘူး]

"ဒီနှစ်တော့ သတ်တာပဲဟယ်"
[နောက်နှစ်လည်း အဲ့လိုပဲ ပြောဦးမှာပဲ]

"မတိုးဘူးဟာ....'
[တိုးမယ်လို့ သူ့ ဘယ်သူပြောလဲ]

ဒါဒါနှင့်အတူ ကျောင်းနံဘေးက အအေးဆိုင်မှာ စိတ်အေး လက်အေးထိုင်နေမိကြသည်။

"ကောင်မလေးတွေ ဖြေနိုင်လား...."
"ဟာ.....ဖြေနိုင်တယ်ဆရာ...."

သမိုင်းဆရာ ဦးအောင်ကျော်ဦးဖြစ်သည်။ စာအသင်အပြကောင်းသောဆရာ ဖြစ်၍တပည့်များက ချစ်ကြသည်။

"ဆရာ....လာထိုင်လေ.....အအေးသောက်ပါဦးလား"
"အေး.....ငါလည်းအအေးသောက်မလို့ လာတာ....ညည်းတို့ နဲ့တွေ့နေတာ ထိုင်မှာပေါ့....သောကမှာပေါ့..."

ဆရာနှင့်စကားလက်ဆုံပြောနေမိကြသည်။

"အောင်စာရင်းထွက်ဖို့ က ညည်းတို့ တော်တော်စောင့် ရဦးမှာ....ညည်းတို့ ကအောင်မှာပါ....ကြားထဲမှာ အားနေတယ်....ဘာလုပ်ကြမလဲ"

ရွယ်နုတိုလည့်း မျက်လုံးလေးတွေက ပေကလပ် ပေကလပ် ဖြစ်သွားကြသည်။
ဒါဒါက.....

"သမီး ကအေရိုးဗစ်ကချင်တာ.....သင်တန်းတက်ချင်တက်ရမှာပေါ့...."
"အေး.....ကောင်းတယ်"

ဆရာကရွယ်နုဆက်မေးဧ။် ။

"ညည်းကရော ......"
"သမီးက အင်းသမီးက...."

လွယ်အိပ်ကိုပိုက်ပြီး ရွယ်နုစဉ်းစားနေလိုက်သေးသည်။ ပြီးမှ

"သမီး က စာရေးဆရာမဖြစ်ချင်တာ....အဲ့ဒါ ဘာလုပ်ရမလဲ မသိဘူး...."
"စာများများဖတ်ပေးပေါ့...အင်္ဂလိပ်စာ လည်းလေ့လာ........သင်တန်း တက်ရင်တက်ပေါ့...."
"အင်းနော်......ဆရာ....အဲ့လိုလုပ်ရမှာပဲ..."

ထိုအခိုက်မှာပင် ဒါဒါက

"ဟဲ့....ဟိုမှာ ဖိုးကြယ် .....ဖိုးကြယ်"

ဖိုးကြယ် ကမလှမ်းမကမ်း မှဖြတ်သွားသဖြင့် ရွယ်နုတို လက်ခုပ် တီးပြီးလှမ်းခေါ်ရသည်။ လည့်ကြည့်လိုက်ပြီး ရွယ်ဖြဲဖြဲ နှင့်ဝင်လာသည်။
ဆရာ့ကိုအရင်နှုတ်ဆက်ဧ။် ။

"ဆရာ....ဖြေနိုင်လား.."

ဆရာက ဖိုးကြယ်လက်မောင်းကိုလှမ်းထိုးသည်။ ခုံမှာ ဆွဲထိုင်ခိုင်းဧ။် ။

"ငါတို့  စကားပြောနေကြတာ....တစ်နှစ်လုံးခုမှပဲအေးအေးဆေးဆေးစကားပြောရတော့တယ်"
"အင်းနော်....ဆရာ....ဟုတ်တယ် ဒါနဲ့...."

ဖိုးကြယ်က အရင် ဆရာ့ကိုမေးလေဧ။် ။

"နွေကျောင်းပိတ်လို့ စာမသင်ရင် ဆရာတို့  အားနေမှာပေါ့ အားနေမှာပေါ့။ ဒီ နွေမှာဆရာဘာလုပ်မလဲ...."
"အမ်....."

ဆရာဦးအောင်ကျော်ဦး ကြောင်သွားသည်။ သူကပင် အင်္ဂလိပ်စာသင်တန်း ဖြစ်ဖြစ် , အေရိုးဗစ် သင်တန်း ဝင်တက်ရမလိုဖြစ်နေသည်။
ရွယ်နု နှင့်ဒါဒါက တခစ်ခစ် ရယ်ကြသည်။

"ဖိုးကြယ် ကတော့ လုပ်လိုက်ရင်ပြောင်းပြန် ချည် ပဲ....."
"အေးလေ.....အဲ့ဒါ ဆရာက နင့်ကိုမေးရမယ့် မေးခွန်းဟဲ့ "
"သြော်....ငါကဖြေရမှာလား ....."

ဆရာ က ဝင်ပြောသည်။

"အေးလေ....ငါက မင်းကိုမေးမလို့ ၊ အောင်စာရင်းမထွက်ခင် မင်းဘာလုပ်မှာလဲ"

ဖိုးကြယ် ကမဆိုင်း မတွ ပြန်ဖြေသည်။

"ကျွန်ုတော် မုတ်ဆိတ်မွေး ထားမယ် ဆရာ....."


အားလုံးမျက်လုံးပြူးသွားကြဧ။် ။

"ဘာရယ်....ဘာထားမယ်"
"မုတ်ဆိတ်....မုတ်ဆိတ်မွေးထားမလို့ ..."
"ဟယ်..."

ဆရာဦးအောင်ကျော်ဦးခေါင်း ကုတ်မိလေသည်။
ရွယ်နုတို့ ကတော့ [ ဘာတွေဆက်ပြောကြမလဲဆိုတာကို] သူတို့ နှစ်ယောက်အပေါ် စိတ်ဝင်စားမိဧ။် ။

"ဘာကိစ္စ မင်းက မုတ်ဆိတ်ထားချင်ရတာလဲ...."
"ကောင်းမယ်ထင်လို့ဆရာ....."
"အင်းဘယ်လိုကောင်းမယ်ထင်တာလဲ....လုပ်စမ်းပါဦး "
"သြော် ...ဆရာရယ် မုတ်ဆိတ်မွေးထားတာက ယောက်ကျားတစ်ယောက်အတွက် ခံညားမှု့၊ ရင့်ကျက်မှု့၊ အတွေ့အကြုံ ကြွယ်ဝမှု့ ၊
ညဏ်ပညာကြီးမား မှု့ စတဲ့သဘော တွေကို ဆောင်တာကိုး ဆရာလည်းထားပါလား .....ဆရာတပည့် အတူတူပေါ့ .."
"အင်း...အဲ....မလုပ်....မလုပ်ပါနဲ့ကွာ...မထားချင်ပါဘူး..."

ရွယ်နုကဝင်ပြောမိပြန်သည်။

"ဖိုးကြယ်ရာ....ဘာစိတ်အရူးပေါက်ပြန်တာလဲ....."
"ဘာမှ မရူးဘူး၊ အတည်ပြောနေတာ...."
"နင့်မုတ်ဆိတ်မွေးကြီးနဲ့ပုံကို...ငါ့မျက်စိထဲက မြင်ယောင်ကြည် တာ ရယ်စရာကြီးဟာ....."

ရွယ်နုဧ။် စကားအဆုံးမှာ ဒါဒါကလည်း ဝင် ပြောလိုက်သေးဧ။် ။

"မုတ်ဆိတ်မွေးထားရင် နင် ဆိတ်နဲ့တူမှာပေါ့....မုတ်ဆိတ် ဆိုတာ ရှေ့ကဆိတ် ဖြုတ်လိုက်ရင် ဆိတ်မွေး ပဲ....."

ဖိုးကြယ် ကတော့ သူ့ ထုံးစံအတိုင်း အေးဆေး ပင်။

"အေးပါဟာ....မပြုတ်အောင် ငါသတိထားပါ့မယ်၊ မုဋ်ဆိတ်မွေးပဲဆိတ်မွေးမှမဟုတ်တာ..."

ရွယ်နုက

"မထားစမ်းပါနဲ့ ဟာ....မုတ်ဆိတ်မွေးကြီးကလှလည်းမလှဘူး ၊ နင့်ကိုဝိုင်းကဲ့ရဲ့ကြမှာပေါ့ "

ဖိုးကြယ် ကပေစောင်းစောင်းပြန် ကြည့်သည်။

"ဘယ်သူက ကဲ့ရဲ့မှာ လဲ...ဘာဖြစ်လိုကဲ့ရဲ့ရမှာ လဲ....မုတ်ဆိတ်မွေးထားတယ်ဆိုတာ လူတစ်ဦး ရဲ့အခွင့်အရေးပဲ..."

ဒါဒါက သူ့စကားကိုသံယောင်လိုက်သည်။

"ဘာ လူတစ်ဦးရဲ အခွင့်အရေး ....ဟုတ်"
"အေးဟုတ်တယ်.....မုတ်ဆိတ်မွေး ထားတယ်ဆိုတာ ယောက်ကျား တစ်ယောက်ရဲ့ လွတ်လပ် ခွင့်ပဲ..."

တစ်ဆက်တည်း ဖိုးကြယ်ကဆရာ့ကိုပါ တိုင်တည်လိုက်သေးသည်။

"ဟုတ်တယ် မဟုတ်လားဆရာ...ဒါ.....ကျွန်ုတော်ရဲ့လွတ်လပ်စွာ မုတ် ဆိတ်ထားခွင့်ပဲ....ဟုတ်တယ် ...မဟုတ်လား ...."

ဆရာ ဦးအောင်ကျော်ဦးက ခေါင်းကုတ် ပြန်သည်။ စကားလုံးရွေးချယ် နေသလို နှုတ်ခမ်းက တလှုပ်လှုပ်ဖြစ်နေပြီးတော့မှ...

"ဒီလိုရှိတယ် ဖိုးကြယ် ရ.....မင်းကိုယ် မင်းလွတ်လပ်တယ်ထင်နေလား...."
"ဗျာ..."

ဖိုးကြယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဆရာ့စကားကို နားလည်ပုံမပေါ်ချေ။ ရွယ်နုတို့ နားမလည်ကြ။ ဖိုးကြယ် က ဆရာ့မျက်နှာ ကို အငေးသား ငေးကြည့်နေပြီးမှ ပြန်မေးသည်။

"ကျွန်ုတော်ကတော့ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်တယ်ထင်တယ် ဆရာ...ဘာဖြစ်လို့လဲ....မလွတ်လပ် ဘူးလား...."

ဆရာက အဓိပယ် ပါပါ ပြုံးသည်။

"ဒီလိုကွာ မင်းကို ဆရာတစ်ခုပြောပြမယ်,,,,"
"ဟုတ်ကဲ့ပြောပါဆရာ..."
"အခု မင်းလွတ်လပ်တယ်ပေါ့ ကွာ....သွားချင်ရာသွားလို့ရတယ်၊ လာချင်ရာလာလို့ရတယ်....ဘယ်သူကမှ မင်းကို တားဆီးလို့မရဘူး ၊ အကြမ်းဖျင်း ကြည့်ရင်တော့ လွတ်လပ် တယ်လို့ယူဆရတယ်....ဟုတ်လား..."
"ဟုတ်ကဲ့...ဆရာ"
"အေးဒါပေမဲ့ တစ်ခုတော့ရှိတယ်...တို့လူသား အားလုံးဟာထင်သလောက် မလွတ်လပ်ကြဘူး....ချည်နှောင်ထားတာ မခံရဘူး....ဒါပေမဲ့ အကန့်အသတ် ထဲမှာပဲနေကြ ရတယ်...အင်္ဂလိပ်လို Unbounded but Limited လို့ ခေါ်တယ်..."
"ကျွန်ုတော် သိပ်နားမရှင်းသေးဘူး ဆရာ...."
"မင်းဒိုင်မင်းရှင်းသဘော ကိုနားလည်တယ် မဟုတ်လား ..."
"ဟုတ်ကဲ့ နားလည်ပါတယ် ဆရာ ဖတ်ဖူးပါတယ်"
"မင်း ......မင်းကိုယ်မင်း လွတ်လပ်တယ်, လုပ်ချင်ရာလုပ်လို့ရတယ်ထင်ပေမယ့်....မင်းလုပ်သမြ အားလုံးဟာ Three Dimension ထဲမှာပဲရှိတယ်....Three Dimension ထဲက မင်းမလွတ်ဘူး..... ဒီလိုကွာ...."
"ဟုတ်ကဲ့ဆရာ....."
"မင်းဟာ....ရှေ့ဘက်ကို သွားလို့ လဲ ရတယ် အနောက်ဘက်ကိုသွားလို့ လဲရတယ် ၊ အပေါ်ကို မြောက်သလောက်အတိုင်းအတာထိခုန် လို့ မယ် ....မင်းရဲ့လှုပ်ရှားမှု့ အားလုံးဟာ Three Dimension ကိုမလွန်ဘူး..."
"အမ်...."

ဖိုးကြယ် တွေးသွားသည်၊ ဆရာကဖိုးကြယ် မျက်နှာကိုပြုံးကြည့်နေရင်း .....

"မယုံရင် မင်းစမ်းကြည့်လေ ... အလျား အတိုင်းရွေ့ လိုရမယ်၊ အနံအတိုင်း ရွေ့လိုရမယ်.....အမြင့်အတိုင်းနဲနဲ ခုန် လို့ရမယ်....ဒီနယ်ကို ကျော်လွန်ပြီး ဒီထက်ကိုကျော်လွန်ပြီး မင်းလုပ်လိုမရဘူး....တို့ အားလုံး Three Dimenson နယ်ထဲမှာပိတ်မိနေတယ်...."
"ဟင်"

ဖိုးကြယ် အကြီးအကျယ်ကိုငိုင်တွေစဉ်းစားမိသွားသည်။ အတော်ကြာသည်အထိ ဆရာ့ ကို လည်းဘာမှပြန်မမေး ။ သူစဉ်းစားနေပုံ က ကြောက်ဆရာကောင်းသည်၊ (မုတ်ဆိတ်ကို မေ့သွားပြီ)
အတော်ကြာမှ
"ဆရာ....."
"ဟေ....မေးလေ...ဘာကိုလဲ"
"အဲ့ဒီ Three Diemension နယ်ထဲကလွတ်မြောက်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမ လဲ...."

ဆရာကရယ်သည်။
အတန်ကြာသောအခါ လူစုခွဲကြသည်။

ဖိုးကြယ်တစ်မျိုး ဖြစ်သွားတယ်နော် "

ထိုမှတ်ချက်ကို ရွယ်နုနှင့် ဒါဒါတို့ နှစ်ဦးသားပြိုင်တူချ မိကြသည်။ ထိုထက်ပို၍ကား မမှန်းဆခဲ့မိကြ။ အဝေးကိုမျော် ကြည့်မိသည်။
ငှက်တစ်ကောင် အမြင့်သို့ ထိုးပျံသွားလေသည်။

P.S
ဆရာ့ရဲ့ "သင်နှင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်" ဆိုတဲ့ အထဲ က ပါ။

ဆရာကောင်းရာသုဂတိလားပါစေ။

Sunday, May 31, 2009

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း

အကြည့်များ

`ဟိုးအရှေ့မှာ မီးရောင်´
ပထမလူ။ ။ `မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်ရဦးမယ်´
ဒုတိယလူ။ ။ `ပတ်ဝန်းကျင်ကြီးကို အရင်ကြည့်ပစ်လိုက်မယ်ဗျာ´
တတိယလူ။ ။ (အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ) `ကျွန်တော်ကတော့ မီးအိမ်ထွန်းသူကို အရင်ကြည့်မယ်ဗျာ´


အနိမ့်အမြင့်

`ဟာ...ကြည့်စမ်း၊ ကမ်းပါးစွန်းက သစ်ပင်ကြီးဟာ မိုးထိအောင် မြင့်တက်သွားပါလား´
လေသံ တဟူးဟူးကြားမှာပဲ၊ အဖော်ဖြစ်သူ ပြန်လည်ဖြေကြား၏။
`သစ်ပင်က မြင့်တက်သွားတာ မဟုတ်ဘူး၊ ကျုပ်တို့က ချောက်ထဲကျနေတာဗျ´


စာမေးပွဲ

`မဖြေဘူးလား´
`ဟုတ်ကဲ့´
`မရဘူးလား´
`ဟုတ်ကဲ့´
ဆရာမလေး လှည့်ထွက်သွား၏။ ကျွန်တော် မဖြေနိုင်သော စာမေးပွဲဖြစ်ပါသည်။ ရိုးသားကျေနပ်စွာ စွန့်လွှတ်ခဲ့သော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပါသည်။
ရှုံးနိမ့်ခဲ့ရသည့် စာမေးပွဲဖြစ်သည့်တိုင် . . .
ဖြေဆိုသူ ကုလားထိုင်မှာ . . .
ကျွန်တော် ဘုရင်ထိုင် ထိုင်ဖြစ်ခဲ့လေသည်။


ဖိတ်စာ

`သူ့အိတ်ကပ်ထဲမှာ ငွေအများကြီး ပါပါတယ်´
`အဲဒါကို မသိချင်ဘူး။ သူ့ အိတ်ကပ်ရဲ့ နောက်မှာ ရင်ဘတ်တစ်ခုပါလား´
`ပါပါတယ်´
`ရင်ဘတ်ထဲမှာ နှလုံးသား လှလှတစ်ပွင့် ပါလား´
ဖြေသံ ပြန်မကြားရ၊ မေးသူက ဆက်ပြောလိုက်သည်။
`အဲဒါပါရင် ၀င်ခဲ့လို့ရပါတယ်။´


ရိက္ခာ

လပြည့်ည ဖြစ်၏။
လမင်းကြီးက ကောင်းကင်မှာ ရွှန်းရွှန်းဝင့်ဝင့် သာသည်။
`ကြည့်စမ်း၊ လမင်းကြီးက ဗိုက်ကြီး ဖောင်းလို့´
ခွေးပိန်ကလေးကို ပွေ့ဖက်ကာသူတောင်းစားက ဆက်ပြော၏။
`ဘာမှ အားမငယ်နဲ့ သိလား . . .၊ လမင်းကြီးတောင် တစ်လတစ်ခါပဲ ဗိုက်ဝအောင် စားရတယ်´

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ

P.S ဆရာကောင်းရာသုဂတိလားပါစေ။

လူနှင့်နွေရာသီဂီတ

လူနှင့်နွေရာသီဂီတ

စကားပြောမည့်ဟန်ပြုပြီးမှ မပြောသေးဘဲ သူ့လက်ထဲမှ ၀ီစကီခွက်ကို မျှင်း၍သောက်၏။
ထိုနောက်မှ ခွက်ကို စားပွဲပေါ်သို့ အသံမမြည်အောင် ပြန်ချကာ ဤရက်ပိုင်းများအတွင်းဝယ် သူ မကြာမကြာ ပြောနေကျဖြစ်သော (ယခင်က ပြောလေ့ပြောထ လုံးဝမရှိသော) စကားတစ်ခွန်းကို ဆို၏။
လူဟာ လှလှပပ သေတတ်ဖို့ လိုတယ်ဗျ။ Beauty in death ဆိုတဲ့ စကားလေးကို ခင်ဗျားကြားဖူးတယ်မို့လား။ ကျွန်တော်တို့ဟာ သေခြင်းကို လှလှပပ ရင်ဆိုင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တယ်။
မျက်နှာကျက်မှ ပန်ကာအိုကြီး၏ တုန်ရီနှေးကွေးစွာ လည်ပတ်နေမှုက နွေနေ့လည်ခင်းကို ပို၍ ငြီးငွေ့စိတ်ပျက်ဖွယ်ရာဖြစ်တော့သည်။
စတင် ကြားရစကတည်းက ဘာမှတုန့်ပြန်ပြောဆိုမှုမပြုခဲ့မိသော သူ့စကားအတွက် ယခုအချိန်မှာတော့ ကျွန်တော် ဘာကိုမှ စောဒကတတ် မနေတော့ပါ။ ဖန်ခွက်ပတ်လည်တွင် ၀န်းခိုတွဲအိနေသော ရေခဲငွေမှုန်များကိုသာ စစ်ရှုံးပြီး ပြိုကျလာသော ရေခဲတောင်ကြီးများပမာ ငေးမောစိုက်ကြည့်နေလိုက်၏။
ဆိုင်ပြတင်းမှတစ်ဆင့် ဟိုဟိုဒီဒီ လှမ်းမျှော်ကြည့်လျှင် နေရောင်ဖြင့် စိုရွှဲနေသော သစ်ပင်ကားကားကြီးများကို မြင်နေရသည်။ ကြည်နူးစရာ သိပ်မကောင်းလှ။ လက်ထဲမှ ဖန်ခွက်ကို ပြန်ချလိုက်သည်။
သူနှင့်ပတ်သတ်သော အကြောင်းအရာများက မစဉ်းစားရပါပဲ ခေါင်းထဲမှာ အညီအညာ ပေါ်လွင်လာ၏။
သူနှင့် ကျွန်တော် သိပ်ခင်ကြသည်ဆိုသောအချက်က ဘာအကြောင်းပြချက်မှ မလိုလှဘဲ မြဲမတ်ခိုင်မာနေသည်။
နှစ်ကိုယ့်တစ်စိတ်၊ နှစ်ယောက်တစ်အိမ်မက်ဟု ပြော၍ရလောက်အောင် သူရယ် ကျွန်တော်ရယ် အတွဲညီခဲ့ကြ၏။
ကျွန်တော်တို့နှစ်ယောက်လုံး ဂျပန်ရုပ်ရှင်ကားတွေကို ကြိုက်လေ့ရှိသလို ခရီးထွက်ရတာကိုလည်း သဘောကျတတ်ကြ၏။ ၀ီစကီအရက်ခပ်ပြင်းပြင်းကို စွဲလမ်းနှစ်ခြိုက်ရာမှာလည်း တူညီနေပြန်သည်။
ဤမြို့ကလေးတွင် သူနှင့် ကျွန်တော်သည် အတွဲအများဆုံး မိတ်ဆွေနှစ်ယောက် ဖြစ်ခဲ့၏။
သူ့ကို ကျွန်တော်က နားမလည်တာရှိသည်ဟု ဆိုမိလျှင် အချို့သူများက ယုံကြည်လိမ့်မည်မဟုတ်။
ကျွန်တော်ကလည်း သူ့ကိုနားမလည်တာ တစ်ချက်တည်းရှိပြီး ထိုအချက်ကလည်း ယခု သူပြောသွားသောစကားပင် ဖြစ်လေသည်။
လှပစွာသေဆုံးခြင်း ...
ထိုစကားကို သူပြောတိုင်းမှာ သာမန်မဟုတ်သော အရိပ်ငွေ့ တချို့ ဝေ့၀ဲလွန့်လူးနေသည်ဟု ကျွန်တော် ခံစားမိသည်။ သူ့အမှုအရာများကလည်း ခါတိုင်းနှင့် မတူဘဲ တစ်မျိုးဖြစ်နေသည်။
သူ့မှာ အကြောင်းတစ်ခုခု ရှိနိုင်ပါ၏။
သူမပြော၍ ကျွန်တော် မမေးဘဲ နေမိခြင်းသည် တစ်ခုခု လွဲချော်နေပြီလားဟု ကျွန်တော်စဉ်းစားဆဲ ...
"ခွမ်း"
ထိုဖန်ခွက်ကွဲသံထဲမှာပဲ လျှို့ဝှက်ချက်၏ တစ်စိတ်တစ်ပိုင်းကို ကျွန်တော် သိလိုက်ရပါတော့သည်။
ကျွန်တော်တို့ ဘေးစားပွဲမှ လူတစ်ယောက် ဖန်ခွက်လွတ်ကျပြီး ကွဲသွားခြင်းဖြစ်ပါသည်။
ထိုသို့သောကိစ္စသည် စားသောက်ဆိုင်များတွင် ဆန်းလေ့ဆန်းထ မရှိပါ။
သို့သော် သူက လန့်ဖျပ်ကာ မတ်တပ်ရပ်ပြီးမှ ဣနြေ္ဒပြန်ဆယ်၏။ 'ဟက်' ခနဲရယ်ပြီး 'ကျွန်တော်က ကျည်ဆန်မှန်တာလားလို့ ...'
ကျွန်တော်က ဘာမှပြန်မပြောသောအခါ သူက သက်ပြင်းတစ်ချက်ချရင်း သူ့စကားကို ဆက်ဆိုလေသည်။
'ကျွန်တော်က ... ... ... ... ... '
နောက်ပိုင်းစကားလုံးတွေ တိုးငြိမ်သွား၏။
'ကျည်ဆန်တစ်ထောင့်ကို စောင့်နေတာပါ'

(၂)
အကြောင်းတိုက်ဆိုင်၍ ထိုကိစ္စကို ပြောပြမိသည့်အခါတိုင်းမှာ သူငယ်ချင်းအားလုံးသည် မျက်လုံးအ၀ိုင်းသားနှင့် စိတ်ဝင်တစားနားထောင်နေတတ်ပြီး သိပ်မထူးခြားလှပါဟု ထင်မြင်သူကပင်လျှင် ဤဖြစ်ရပ် သိပ်မရိုးစင်းလှဟု ထပ်ဆင့်ထင်မိသဖြင့် ရေငုံနှုတ်ဆိတ်ပြီးသာ နားထောင်နေတတ်သည်။
နောက်ပိုင်းရက်တွေမှာလည်း အဲဒီလိုပဲ။
သူ့ဆီ ကျည်ဆံတစ်ထောင့် ရောက်လာမယ်ဆိုတဲ့အသိနဲ့ စောင့်နေတော့တာပဲ ...
"ဘာဖြစ်လို့လဲ ... အဲဒါ ဘယ်လိုဖြစ်တာလဲ"
ဝေေ၀၀ါးဝါးပင် ကျွန်တော်ပြုံးလိုက်မိ၏။
နံရံဆီငေးကြည့်ရင်း နှုတ်ခမ်းကိုလည်း ဖွဖွကိုက်ထားမိသေးသည်။
တကယ်တော့ ကျွန်တော် မပါဘဲ ရုပ်ရှင်သွားကြည့်သည်ဆိုတာ သူ့အတွက် အတော်ရှားပါးလှပါသည်။
ကျွန်တော်တို့ နားမလည်နိုင်မိသော ဤဖြစ်ရပ်ကလည်း ကျွန်တော်မပါဘဲ သူတစ်ယောက်တည်း သွားကြည့်သောရုပ်ရှင်ပွဲတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်၏။
ထိုရုပ်ရှင်ကားနာမည်ကို သူ မမှတ်မိတော့ဟု ကျွန်တော်သိရသည်။
သူမှတ်မိသည်က နှင်းဆီဖူးလေးတစ်ခုက 'ဖန်း' ခနဲ မြည်ဟည်းပြီး နှင်းဆီပွင့်အဖြစ် ပြောင်းလဲသွားခြင်းကိုဖြစ်သည်။ နှင်းဆီဖူးကလေး ပွင့်ထွက့်သည့် ထို 'ဖန်း' ခနဲမြည်သံကို သေနတ်သံဟု သူခံစားလိုက်ရသည်။ သူ့ရင်ဘတ်ဆီ '၀ီ' ခနဲ တိုးဝင်လာသည်ဟု သူသိလိုက်၏။
ထိုခဏမှာ သူ အသက်မဲ့သလိုဖြစ်သွားရ၏။
အသက်ရှူရပ်မိသည်နှင့်အမျှ ၀ိညာဉ်လည်း လွင့်ကျွတ်ထွက်သွားသည်။
ပတ်ဝန်းကျင်တစ်ခုသည် လုံးဝတိတ်ဆိတ် ... ။
ရထားဘီးက သံလမ်းကို မီးပွင့်အောင်ပွတ်ကြိတ်လိုက်သည့်နှယ် သူ့စိတ်တွေ တကျွီကျွီအသံမြည်ပြီးမှ ငြိမ်ကျသွားသည်။
သူ အိမ်ပြန်လာခဲ့သည်။
အရာရာကို စိတ်မပါဘဲလျှက် အရာပေါင်းများစွာကို ကျောပေးပြီးသူ အိမ်ပြန်လာခဲ့ရသည်။
ရထားကြီးတစ်စင်းက သူနောက်မှ ဥသြဆွဲပြီး ပြေးလိုက်လာသလို ချောက်ချား၏။
သူ့ခြေအစုံကို ရပ်လိုက်မိ၏။
ဖြည်းဖြည်းချင်းပြန်လျှောက်၏။
ကျည်ဆံတစ်တောင့်က သူ့နောက်မှ (အေးအေးဆေးဆေး) ပျံသန်းလိုက်လာပါသည်ဟု သူ သိလိုက်လေသည်။
"သူငါတို့မြို့မှာ ကျန်ခဲ့တယ်။ သိပ်စိတ်ဝင်စားရင်တော့ ဒီတစ်ခါ ငါပြန်ရင်လိုက်ခဲ့ကြပေါ့။ သူ့ကို တွေ့မှာပေါ့။ အခုထိ သူဟာ သူ့ဆီလာမယ့် ကျည်ဆံကို စောင့်နေတုန်းပဲ"
ညနေသည် မြူတချို့ကို ရွှေရောင်ဝင်းစေသည်။
မည်သူသီဆိုနေမှန်းမသိသော ဘ၀သံသရာသီချင်းကိုလည်း ခပ်လှမ်းလှမ်းမှ တိုးသဲ့စွာ ကြားနေရ၏။
ကျွန်တော်တို့အားလုံး အတန်ကြာ ငြိမ်သက်နေမိပြီးမှ ကျွန်တော်တစ်ယောက်တည်းပြောသလို ရေရွတ်မိပြန်သည်။
"လှလှပပ သေဆုံးသွားတာဟာ လှလှပပ ရှင်သန်ခဲ့တာပဲ ဖြစ်မှာပေါ့ ... ဒါဟာ ...."

(၃)
သူ၊ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းတစ်ယောက်တို့ လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာ ဆုံစည်းမိကြပါသည်။ သူ့ဘာသာ စားပွဲတစ်လုံးမှာ တစ်ယောက်တည်းထိုင်နေရင်းက မမျှော်လင့်ဘဲ ကျွန်တော့်ကို တွေ့လိုက်ရသဖြင့် သူ ၀မ်းသာသွားပုံရလေသည်။ အင်္ဂလိပ်ဝတ္ထု စာသားတစ်ပုဒ်ထဲက အတိုင်း ...
'နွေရာသီကတော့ ပျံလွှားတွေနဲ့အတူ ခင်ဗျားကိုပါ ယူလာတာကိုး' ဟု အင်္ဂလိပ်လို လှမ်းပြော၏။
ကျွန်တော်တို့ ထွေရာလေးပါးစကားတွေကို ရယ်ကာမောကာထိုင်ပြောဖြစ်ကြ၏။
ကျွန်တော်နှင့်သူ နောက်ပြောင်ပြောဆိုနေသမျှကို ကျွန်တော့်သူငယ်ချင်းက နံဘေးမှအကဲခတ်နေသည်။
(သူ့ကို အကဲခတ်ခြင်းသာဖြစ်လေသည်)
သူက နှစ်လိုဖွယ်ရာကောင်းလောက်အောင် လန်းဆန်းတတ်ကြွနေသည်။
တစ်ချက်တစ်ချက် လက်မှနာရီကိုကြည့်လိုက်၊ ဆိုင်ပေါက်ဝကိုလှမ်းကြည့်လိုက်နှင့် တစ်စုံတစ်ရာကို စောင့်မျှော်ဟန်လည်းရှိ၍ ကျွန်တော်က မေးလိုက်မိသည်။
"ခင်ဗျားက ဘာကိုမျှော်နေတာလဲ"
ထိုအခါ သူက ကျွန်တော့်ကို အပြစ်တင်သလိုကြည့်ရင် .....
"ခင်ဗျားသိရက်သားနဲ့ဗျာ ..."
"ဘာလဲ ... ဘာကိုသိရမှာလဲ"
သူက သူ့အကြည့်ကို ကျွန်တော့်မျက်နှာဆီမှ လွှဲပြီး မသဲမကွဲရယ်ဟန်ပြုသည်။ ခပ်တိုးတိုးလေးဖြင့် ...
"ကျွန်တော့်ကျည်ဆံကို ကျွန်တော် စောင့်နေတာ
ပြောပြီး သူက စားပွဲမျက်နှာပြင်ကို ငေးစိုက်ကြည့်နေလိုက်သည်။
ထို့ကြောင့် ကျွန်တော့်သူငယ်ချင်း၏ မျက်နှာအမှုအရာပြောင်းလဲမှုကို သူ မရိပ်မိလိုက်မိပါချေ။ သူငယ်ချင်းက စားပွဲပေါ်သို့ ကက်ဆက် သေးသေးလေးတစ်လုံးကို မသိမသာတင်လိုက်၏။
(သူ့စကားကို အသံဖမ်းရန်ဖြစ်သည်)
"ခင်ဗျားကျည်ဆံကရော လာမှာမို့လို့လားဗျာ"
"လာလိမ့်မယ် အခုလာလိမ့်မယ်"
ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် အံ့သြသလိုဖြစ်သွားမိကြပြီး သူ့ကို ခပ်စူးစူးကြည့်မိကြသည်။ ကျွန်တော်တို့ကို ပြုံးပြပြီး ကျွန်တော် အငိုက်မိသွားစေမည့် စကားတစ်ခွန်းကို ပြောချလိုက်သည်။
"ပြောရင်းဆိုရင်းကို လာနေပြီ .... အခု ဆိုင်ထဲဝင်လာသူဟာ ကျွန်တော့်ဆီလာတဲ့ ကျည်ဆံပဲ"
ကျွန်တော်တို့စကားဝိုင်းကလေး အုံ့မှိုင်းတိတ်ဆိတ်သွား၏။ စိတ်ထဲမှာလည်း ယမ်းခိုးရနံ့တွေ ရှူလိုက်ရသလို ခံစားလိုက်ရသည်။
ဆိုင်ထဲဝင်လာသူကလည်း အခြားစားပွဲလွတ်တွေရှိလျှက်နှင့် ကျွန်တော်တို့စားပွဲကိုမှ တည့်တည့်လျှောက်လာနေလေသည်။
ငယ်ရွယ်လှပသော မိန်းကလေးတစ်ယောက်ဖြစ်နေသည်။
ထူးခြားသောအချက်တစ်ချက်ဖြစ်နေ၏။
သူမ ကျွန်တော်တို့ဆီလျှောက်လာပုံက နှင်းဆီပန်းလေးတစ်ပွင့် လမ်းလျှောက်လာသလိုပင် သိမ်မွေ့နေသည်။
(ကျည်ဆံတစ်ထောင့် ပျံသန်းလာသလိုလည်း ပြင်းထန်လေသည်)
သူမက ကျွန်တော်တို့ကို အကဲခတ်သလိုဝေ့ကြည့်ရင်း သူ့ရှေ့ မျက်နှာချင်းဆိုင်ခုံမှာ ၀င်ထိုင်သည်။
"ရောက်နေတာ ကြာပြီလား"
ဟု ဘယ်သူ့ကိုမှ မကြည့်ဘဲ ပိုင်နိုင်ရဲရင့်စွာ မေး၏။
"မကြာသေးပါဘူး"
ဟု တိုးညှင်းတုံ့ဆိုင်းစွာ သူဖြေလေသည်။
ထို့နောက် သူနှင့် သူမတို့ စကားတိုးတိုးပြောကြလေသည်။
ဂစ်တာကြိုးတစ်ချောင်းဝယ်ရန်၊ ကလေးအချို့ကို စာသင်ပေးရန် ပန်းအလှပြပွဲတစ်ခုကို သွားကြည့်ရန် ...
စသော သိပ်အရေးမကြီးလှသည့် ကိစ္စများဖြစ်ပြီး ထိုကိစ္စများ အားလုံးကလည်း အင်မတန်အရေးကြီးသယောင်ပင် သူတို့နှစ်ယောက်အကြားမှာ စုန်ဆန်လူးလားနေသည်။
သူ့ကို ကျွန်တော်တွေ့မြင်နေရသည်ကလည်း မည်သည့်အခါက နှင့်မတူအောင် နူးညံ့ယဉ်ကျေးနေပေသည်။
ကျွန်တော်တို့ ရှူရှိုက်မိသော ယမ်းခိုးရနံ့က ချိုရီသော နှင်းဆီရနံ့အဖြစ် ပြောင်းလဲကာ ကျွန်တော်တို့အားလုံးအပေါ် စိမ့်ယိုပျံ့စီးကျနေ၏။
သူငယ်ချင်းက သက်ပြင်းတစ်ချက်ချရင်း စားပွဲပေါ်မှ ကက်ဆက်ကလေးအပေါ် လက်တင်လိုက်၏။
ကက်ဆက်ထဲမှ သာယာသော ဂီတသံများ ထွက်ပေါ်လာပြီး နွေရာသီသည် ဂီတနှင့်အတူ သူနှင့် သူမတို့အပေါ်သို့ကျသွားသည်။
ကျွန်တော်တို့ ငေးကြည့်နေရလေသည်။
အတန်ကြာမှ ကျွန်တော်က သူ့ကို စကားဆိုမိပြန်သည်။
"ခင်ဗျားနဲ့ ကျွန်တော်ခရီးမထွက်ဖြစ်တာ အတော်ကြာပြီနော်"
"အင်း ... ဟုတ်တယ် ... အားလဲမအားပါဘူးဗျာ"
ဘာကြောင့်ရယ်တော့ မသိချေ။ သူက သူ့ကို ကျွန်တော် ခရီးထွက်ဖို့ခေါ်မှာကို စိုးရွံ့နေဟန်ရှိလေသည်။ တစ်ခါမှ ထိုသို့မကြုံဖူးသဖြင့် ကျွန်တော့မှာ အထူးအဆန်းသဖွယ် ဖြစ်ရပါသေးသည်။
"ခု .. ဂျပန်ကားသစ် ရုံတင်နေတယ် သွားကြည့်ရအောင်"
"ကျွန်တော် ကြည့်ပြီးပြီဗျ။ သူနဲ့ပေါ့ ...."
သူ့ကျည်ဆံကလေးကို မေးဆတ်ပြပြီး ပြန်ဖြေခြင်းဖြစ်သည်။
ကျွန်တော့်မှာ ခေါင်းညိတ်လက်လျှော့ရုံမှတစ်ပါး အခြား ဘာကိုမှ မတတ်နိုင်ခဲ့။
နောက်ဆုံးအနေနှင့်သာ ...
"ကျွန်တော့်မှာ ၀ီစကီအပြင်းစားတွေလဲပါတယ် ... "
သူ စိတ်ဝင်စားသွားလေသည်။
သူ့စကားမဆုံးခင်မှာ သူ့ကျည်ဆံလေးထံမှ သတိပေးချောင်းဆိုးသံလေး တဟွတ်ဟွတ်ထွက်လာ၏။
သူက ပြောလက်စ စကားကို ပြန်ပြောင်းကာ ...
"မသောက်တော့ပါဘူး ... အရက်ကတော့ မသောက်တာပဲ ကောင်းပါတယ်။ ဘီယာလောက်ပဲ ...."
ဤတစ်ကြိမ်မှာလည်း သူ့စကားက မဆုံးလိုက်ပြန်ပါ။ မအောင့်နိုင်သော ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူတို့က ၀ါးခနဲ ရယ်လိုက်မိသောကြောင့်ဖြစ်သည်။ ကျည်ဆံကလေးကို တစ်ချက်ခိုးကြည့်ပြီးမှ သူကလည်း ကျွန်တော်တို့နှင့်အတူ လိုက်ရယ်ရှာသည်။
ခဏအကြာမှာ ကျွန်တော်တို့ စားပွဲပေါ်သို့ ဘီယာပုလင်းများရောက်နေပြီဖြစ်၏။
သူ၊ ကျွန်တော်နှင့် သူငယ်ချင်းတို့ ဘီယာခွက်များ ဆန့်မြှောက်လိုက်ကြသည်။
ထို့နောက် တိုင်ပင်မထားသော စကားတစ်ခွန်းသည် သုံးယောက်၏ နှုတ်ဖျားမှ ညီတူညာတူ ထွက်ကျသွား၏။
"Beauty in death"
ကျွန်တော်တို့ ရယ်လိုက်မိပြန်သည်။
ဤတစ်ကြိမ်မှာတော့ သူပကျည်ဆန်ကလေး၏ ရယ်သံလွင်လွင်ကလေးကပါ ရောရောနှောနှောပါဝင်လာပြီဖြစ်၍ နွေရာသီကလည်း ကြည်နူးချမ်းမြေ့ဖွယ်ရာဖြစ်လာသည်။
နွေရာသီသည်လည်းကောင်း .......
ဂီတသည်လည်းကောင်း ....
သူနှင့်သူမအကြောင်းကို
များစွာပြောပြလိမ့်ဦးမည်ဟု
ယူဆရလေသည်။

တာရာမင်းဝေ
ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု ၀တ္ထုတိုစာအုပ်မှ

P.S
ဆရာကောင်းရာသုဂတိလားပါစေ။

မိုးရေစက်များ၏ သုညအတ္တအင်အား

မိုးရေစက်များ၏ သုညအတ္တအင်အား

မိုးခါးကြီးရွာသွားပြီဆိုတော့ ဇနပုဒ်ငယ်လေးတစ်ခုဆီသို့သူရောက်လာခဲ့သည်။ ရည်ရွက်ချက်မရှိဘဲ ရောက်လာခဲ့ခြင်းဖြစ်၏။ ယခင်ဤရွာလေး ရှိကြောင်းပင်မသိ။ ဤရွာကလေးတွင်နေထိုင် ကြသော လူမျိုးစု သုံးခုအကြောင်းကိုလည်း ကြားပင်မကြားဖူးခဲ့ပေ။
ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများရူးသွားကြောင်း၊ မသောက်ဘဲ နေသူများက လည်း ကျောက်ရုပ်ဖြစ်ကျန်ခဲ့ကြောင်း သတင်းနှင့်အတူ ဤရွာမှလူများ၏ ရှေးဟောင်းသင်္ချာ နည်း စနစ်များကို သူသိခဲ့ရခြင်း ဖြစ်သည်။
မိုးခါးကြီး ရွာခြင်း၊ ရူးသွပ်ခြင်း ၊ကျောက်ရုပ်ဖြစ်ခြင်း၊ စသည့် သတင်းများထက် ရှေးဟောင်း သင်္ချာ နည်းဆိုင်ရာသတင်းက သူ့ကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။ လေ့လာ ဆည်းပူးချင် စိတ်များတဖွားဖွား ပေါ်ပေါက်လာပြီးနောက် သူဤ ရွာသို့ ရောက်လာခဲ့ရခြင်းဖြစ်လေသည်။
မိုးခါးရေ သောက်ထားပြီးသူ တွေဟာ အသ်စိတ် မရှိကြတော့။ သူတို့ ပြောနိုင်တာ တချက်ဘဲ ကျန်ရစ် ခဲ့သည်။ ထိုအချက်ကတော့ သူတို့ သောက်ခဲ့သည့် မိုးခါးရေခွက်အရေအတွက် ကို ပြောပြ နိုင်ခြင်း ဖြစ်၏။
မိုးခါးရေက အတော်ဆွဲဆောင်မှုရှိပုံပဲ
ထိုသို့ ပင်သူမှတ်ချက် ချမိ၏။ မသောက်ရ မနေနိုင်အောင်နှင့် သောက်မိသူကိုလဲ ထပ်ထပ်သောက် ချင်နေစိတ်ရှိအောင် ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပုံ ရသည်။ အချို့လူများသောက်ခဲ့ သည့် မိုးခါးရေခွက် အရေ အတွက်က အတော်များလေ၏။
ထိုခွက်အရေ အတွက်များကို သူတို့၏ရှေးဟောင်း သင်္ချာ ညွှန်ပြချက် နည်းများအတိုင်းညွှန်ပြ သွား ကြ၏။ ထိုညွှန်ပြချက်နည်းများကို သူစိတ်ဝင်တစားလေ့လာ မိလေသည်။
အစုသုံးစုခွဲ ပြီးသူလေ့ လာလိုက်ရ၏။
ပထမ အစုမှ လူအများသည်ဓားများ ဝှေ့ရမ်းပြီး ပါးစပ် မှလည်း ရေ- - -ရေ - - -ဟု ညည်းတွားနေ ကြ၏။ သူတို့ သောက်ခဲ့သော တစ်ဦးစီ၏ ခွက်အရေအတွက်များကို သစ်ပင်များပေါ်မှာ သူဖတ်ခဲ့ ရ သည်။ ပင်စည်ပေါ်မှာ ဓါးနှင့် အထစ်ကလေးများ ထစ်ပြီး ခွက်အရေ အတွက်ကို ရေးမှတ်ကြ သူများ ဖြစ်သည်။ ဓါးထစ်တ ထစ်လျှင် တခွက်ဖြစ်သည်။
ဒုတိယ အစုမှလူအများကတော့ လက်ထဲမှ ကြိုးများကို ဆွဲချည် ဆန့်ချည် လုပ်ရင်း တဟင်းဟင်း အော်နေကြ ၏။ သူတို့ သောက်ခဲ့သည့် ခွက် အရေ အတွက်ကို သူတို့လက်ထဲမှ ကြိုးများမှ တဆင့် သိ ရ၏။ သူတို့ က ကြိုးကို အထုံးကလေးထုံးရင်း မှတ်သားသွားကြ ခြင်းဖြစ်၏။
ကွစ်ပူ (ျှကငစက) ပုံစံပါလား
သူ... အလွန် သဘောကျသွား၏။ ထိုသို့ကြိုးအထုံးဖြင့် ရေတွက်မှုသဘောတရားကို တောင်အမေ ရိကတိုက်မှ အင်ကာ လူမျိုးများ လည်းသုံးစွဲဖူး၏။
လေ့လာရ အခက်ခဲဆုံးဖြစ်ခဲ့သည်မှာ တတိယ အုပ်စုဖြစ်သည်။
တတိယ အုပ်စုမှလူများသည် လမ်းမပေါ်မှာ ကခုန်နေကြ၏။ ဘာစကားကိုမှ မပြောကြ။ သို့သော် သူတို့၏ မျက်လုံးများထဲမှ မွတ်သိပ်မှုကို တွေ့နေရသည်။
အားပါးပါး....မလွယ်ပါလား
သူတို့၏ ကခုန်မှုမှာ သူတို့သောက်ခဲ့သည့် ခွက်အရေ အတွက်ကိုညွှန်ပြနေခြင်းဖြစ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကိန်းဂဏာန်းများ အဖြစ် သင်္ကေတပြုကာ ဖော်ပြ နေကြခြင်းဖြစ်၏။
အဓိပ္ပါယ်ဖတ်ရန် အတော် ခက်ခဲလေသည်။ ဤကဲ့သို့ သော ရေတွက်မှုပုံ စံကို နယူးဂီနီ လူမျိုးများ လည်း သုံးစွဲ ကြ၏။ သူ..ကြိုးစားပမ်းစား လေ့လာယူရလေသည်။ ကျေနပ်အားရ မှုလည်းရှိခဲ့၏ ။
လေ့လာမှုများပြီးဆုံးပြီဟု ယူဆသော အချိန်ကျမှ....
အင်း. .ကျောက်ဖြစ်တဲ့လူကို သွားကြည့်ရဦးမယ်။
မိုးခါးရေမသောက်ဘဲ တောင့်ခံနေသဖြင့် ကျောက်ဖြစ်သွားသူမှာ တယောက်တည်း ဖြစ်၏။ (ကျန်လူ များအားလုံးမှာ မိုးခါးရေ သောက်ပြီးရူး သွားကြ၏။)
ထိုလူသည် သို့မဟုတ် ကျောက်ရုပ်သည် အဝေးသို့ လှမ်းကြည့်နေ၏။ ကျောက်ဖြစ်နေသော မျက်လုံး များကတော့ ဘာကိုမှမြင်ပုံမပေါ်။ ထိုကျောက်ရုပ်ကိုလှည့်ပတ်ကြည့် ရှုရင်းသူ. .သက်ပြင်းချမိ၏။
ဖြစ်မှ- -ဖြစ်ရလေ
ထိုလူအတွက် စိတ်မကောင်းဖြစ်ရင်း သူ့စိတ်ထဲမှာလဲစိမ့်ပြီးကြောက်လာ မိ၏။
အင်း.. အခုပြန်တာဘဲ ကောင်းပါတယ်..
ထိုအခိုက်မှာပင်...
ရုတ်ချည်းဆိုသလို ကောင်းကင်သည် ညိုမှိုင်းသွား၏။
ဝေမှုန်သော်လဲ ကြမ်းတမ်းသည့်လေတို့က အေးရှစွာ ကျဆင်းလာသည်။ တစ်စုံတစ်ခုသော ရနံ့ကို ရှု ရှုက်လိုက်ရပြီး . . .
ဟင်...မိုးခါးကြီး ထပ်ရွာတော့မယ်
ရင်ထဲမှာ ပူလောင်ပြီး ကမ္မာပျက် သွားသလို ခံစားလိုက်ရသည်။
လေထဲမှာမိုး၏ အငွေ့ အသက်တို့ ပါလာသည်။ သူ့အပေါ်ကျလာသော မိုးစက်မိုးမှုန် ပျပျကလေး များကို လက်နှင့် ဝှေ့ယမ်းကာကွယ် နေမိ၏။
ဂျိမ်း....ဂျုန်း
မိုးခြိမ်းသံ ကြီးက ခြောက်ခြား ဖွယ်ရာ ပေါ်ထွက်လာသည်။ သဲကြီးမဲကြီးရွာတော့ မည်မှာသေချာ၏။
သူ ယောက်ယက်ခက် ပြေးလွှားနေမိသည်။ ဤမိုးကို ကာကွယ်၍ရတော့မည် မဟုတ်ကြောင်းကို လည်း သိလိုက်ရသည်။
လူများကို ဒုက္ခဆိုး အမျိုးမျိုးပေးခဲ့သော မိုးခါးကို သူပက်ပက်စက်စက် ဆဲဆိုရင်း လမ်းပေါ်မှာ ခုန် ပေါက်နေမိ၏။
ပြီး ... လိုအပ်ချက်တစ်ခုကို သတိရပြီး . .ဘေးဘီဝဲယာဆီလျှောက်ကြည့် မိသည်။
ဓါးတစ်လက်ကို တွေ့သည်။ ကောက်ယူပြီး သစ်ပင်ဆီသို့ ပြေးသွားကာ ပင်စည်မှာအထစ်လုပ်ကြည့်၏
ခုတ်ကြည့်ခြင်း ဖြစ်သည်။ သို့ သော်ဘာ တစ်ခုမှ ထင် မကျန်၊ ဆွေးမြေ့နေပြီဖြစ်သော ဓားကြီးက ကြိုး သွား၏။
တောက် . . .
လမ်းမပေါ်မှာ ကြိုးတချောင်းကိုတွေ၍ ကုန်းကောက်ရသေးသည်။ ကြိုးကို အထုံးလေးများရစ် ချည် ကြည့် ၏။ မရချေ။ ထို ကြိုးထုံးနည်းကို သူမထုံးတတ်၊ ပုံစုံမျိုးစုံနှင့် ကမန်းကတန်း ချည်ကြည့် နေပြီး မရလွန်းသည့် အဆုံးမှာ ထိုကြိုးကို ဒေါသ တကြီး လွှင့်ပစ်လိုက်၏။
နောက်ဆုံး အနေနှင့် ကိုယ်အင်္ဂါ အစိတ် အပိုင်းနှင့် ဖော်ပြနိုင်ရန် သူကြိုးစားရသည်။ မိုးစက်တွေ က လည်းခပ်ပါးပါး ကျရောက်နေပြီ ဖြစ်၏။
သို့ သော်လည်း ဒူးမြောက် လက်မြောက် လုပ်နေရခြင်းသည် သူ့ အတွက် အဆင်မပြေလှချေ။ ကိုယ် အင်္ဂါ အစိတ်အပိုင်းများမှ တဆင့် ကိန်း ဂဏာန်းကို ဖော်ပြနေသလို မဖြစ်ဘဲ ဓါတ်လိုက်နေသလို ၊ ဘရိတ်ဒန့် ကနေသလို လို ဖြစ်နေသည်။
ဒုက္ခပဲ
ထိုသို့ ဆိုရင်တော့ တနည်းဘဲ ကျန်တော့သည်။ ကျောက်ရုပ်ရှိရာကို သူအပြေးသွားလိုက်၏။
မိုးခါးရေကို သူမသောက်ဘဲ ကျောက်ရုပ် အဖြစ်ခံတော့မည်။
ကျောက်ရုပ်၏ နဘေးမှာ သူဝင်ရပ်သည်။ ရပ်ရပ် ခြင်းမှာတော့ လက်နှစ်ဘက် တွဲလောင်းချပြီး တောင့် တောင့် ကြီးရပ်နေလိုက်ခြင်း ဖြစ်သည်။ ထို့နောက်မှာမူ နောင်လာနောက်သားတွေ အမြင်မှာ သူ့ ကျောက်ရုပ်လှပရန် လိုအပ်ကြောင်း ကိုသတိရသည်။
ထိုသို့ဖြင့် တစောင်းပြင်ရပ်သည်။ ခါးမှာ လက်ထောက်ရပ်၏၊ ဆံပင်ကို ပင့်တင် ရသေးသည်။ ဓါတ် ပုံဆရ ရှေ့မှာ အိုက်တင်ပေးသည့်နှယ် သူ့ကိုယ်ဟန်ကို အမျိုးမျိုး ပြုပင်နေရ၏။
သိပ် အချိုးမပြေသလို ခံစားမိ၏။ မိုးကြီးကရွာ လာပြီ။ ထိုအခါကျမှ ပန်းပုရုပ်တစ်ခု ၏ကိုယ် ဟန်ကို သတိရပြီး သူထိုင်ချလိုက်သည်။
ကမ္ဘာကျော် ပန်းပုဆရာကြီး သြဂတ်ရိုဒင်၏ အတွေးအခေါ် သမား (ွှ့ငညုနမ ) အမည်ရှိ ပန်းပု၏ ကိုယ်ဟန်အတိုင်း သူထိုင်နေခြင်းဖြစ်သည်။ ဒဿန တစ်ခုခုကို အလေးအနက် စဉ်းစားတွေးခေါ်နေဟန် . .
မိုးကြီးက တဝေါဝေါ ရွာချလာ၏။
အား . .အေးလိုက်တာ
ခိုက်ခိုက်တုန်အောင် ချမ်းအေးနေသော်လည်း ဤကိုယ်ဟန် အနေအထားကိုမပျက်အောင် သူထိုင်နေ ခဲ့၏။
တစ်ကိုယ်လုံးလဲ စိမ့်စက် ရွှဲစိုနေပြီ။ ထိုင်ရတာလဲ ပင်ပန်းလှပြီ၊ မိုးကြီးရွာတာလဲ ကြာပြီ။ နောက်ဆုံး ဆဲချိန်ကျမှ ဤမိုးသည် မိုးခါးမဟုတ် ရိုးရိုး မိုးဖြစ်မှန်း သူသိရ၏။
....
ဘာပြောရမှန်းပင်မသိ။ အူကြောင်ကြောင်ဖြင့် သူပြန်ထလိုက်ရသည်။ ထွက်ခွာရန် ပြင်ချိန်ရောက်မှ သူ့ ကို စိုက်ကြည့်နေသော မျက်လုံးအစုံများကို မြင်လိုက်ရသည်။
ဟင်
ကိုယ့် အပူနှင့် ကိုယ် ပြာလောင်ခတ်နေခဲ့၍ ထိုလူများကို သူသတိမထားမိခဲ့။ ( ဘယ်အချိန်ထဲက ရောက်နေကြမှန်းမသိ)
သူ့လိုဘဲ လာရောက်လေ့လာ သူများဖြစ်ပုံရသည်။ သူ့ကို ကြည့်နေကြရင်းတယောက် ကပြော၏။
အရူးတွေထဲ ဒီအရူးအဆိုးဆုံးဘဲနော်
အေးလေ . . . မိုးခါးရေတွေ သူဘယ်နှစ်ခွက်လောက် သောက်ပစ်လိုက်လဲမှ မသိတာ။ အများတုံးသောက် ပြီး အရူးဆုံး ဖြစ်သွားတာနေမှာပေါ့။. . .ကျွတ်. .ကျွတ်. .ဖြစ်မှ ဖြစ်ရလေ
သူတို့အားလုံးက သူ့ ကို စိတ်မကောင်းစွာ ၀ိုင်းကြည့်နေကြလေသည်။


တာရာမင်းဝေ အမှတ်တရ( နေရဲ့ အင်္ကျီ စာအုပ်မှ)

P.S
ဆရာကောင်းရာသုဂတိလားပါစေ။

ဓားသွားပေါ်မှ ဆပ်ကပ်

ဓားသွားပေါ်မှ ဆပ်ကပ်

ဓါးသွားပေါ်မှာ ကတဲ့ ဆပ်ကပ် (တာရာမင်းဝေ၊ ဝေမှူးသွင်) ကြက်ခြေခတ်နှစ်ခု၊ ၀တ္ထုလတ်နှစ်ပုဒ် သြဂုတ်လထုတ်မှ -

( ၁ )
သူ နိုးထသောအချိန်မှာ နံနက်ခင်းက လင်းဝင်းအေးမြလျက်ရှိပေပြီ။ ခြံထောင့်မှ စံပါယ်ရုံများကလည်း ချီချီကြွကြွဖြင့် ဖြူဆွတ်လှပနေကြ၏။ စိမ်းမြသော သစ်ရွက်တို့တွင် နှင်းစက်ကလေးများ လက်ဖိတ်စိုအိနေပုံကို သူရပ်ကြည့်နေမိသေးသည်။

သူ့စိတ်ထဲမှာ ကြည်နူးလာသည်။ ငြိမ်သက်နေရာမှ သူလှုပ်ရှားလာ၏။ သူသည် မည်သို့သော နေ့ကိုမဆို အလှတရားနှင့်အတူ မြင်တွေ့တတ်သည့် လူငယ်တစ်ဦးပဲ ဖြစ်လေသည်။

နံနက်စာစားပြီး၍ တိုင်းမဂ္ဂဇင်းအဟောင်းတစ်အုပ်ကို ဖတ်နေစဉ် ဌေးမြင့်သိန်း ရောက်လာသည်။
`လက်ဖက်ရည်ဆိုင် သွားရအောင်ကွာ´
ဌေးမြင့်သိန်းသည် အထက်တန်းကျောင်းမှာကတည်းက သူနှင့်တွဲခဲ့သော သူငယ်ချင်းဖြစ်၏။ တက္ကသိုလ်တွင် အဓိကယူသော ဘာသာရပ်ချင်း မတူသော်လည်း သူ့ကိုခင်မင်လှသော ဌေးမြင့်သိန်းက မည်သို့မျှ အသွားအလာမပျက်ခဲ့။ ကျောင်းပြီး၍ ၀ါသနာပါရာ နယ်ပယ်များသို့ အသီးသီး ခြေချကြပြီး သူငယ်ချင်းများ ကစဉ့်ကလျားဖြစ်ခဲ့ရာတွင်လည်း ဌေးမြင့်သိန်းကမူ သူ့အနီးမှ မကွာခဲ့။ သူတို့နှစ်ဦးက တွဲမြဲတွဲနေခဲ့ကြလေသည်။

လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြရင်း ဌေးမြင့်သိန်းက မထင်မှတ်သော မေးခွန်းကိုမေးသည်။
`မင်း ၀င်းဝင်းနွယ်ကို စိတ်မ၀င်စားဘူးလား´
`ဘာဖြစ်လို့မေးတာလဲ´
`ဘာမှမဖြစ်ပါဘူး၊ ငါသိချင်လို့´
`မင်းက ဘယ်လိုထင်မိလို့လဲ´
အေးအေးလူလူပြုံးရယ်ကာ တခွန်းချင်းပြန်မေးနေသော သူ့ကိုကြည့်ပြီး ဌေးမြင့်သိန်းက ရှုံ့မဲ့ ခေါင်းခါလေသည်။
`မင်းက မဟုတ်သေးပါဘူးကွာ´
`ဟ ဘာဖြစ်လို့လဲကွာ´
`ကောင်မလေးက ချစ်စရာလေးကွ၊ တော်လည်းတော်တယ်၊ မင်းကိုလည်း သံယောဇဉ်ရှိပုံရတယ်။ မင်းကသာ မတုန်မလှုပ်နဲ့၊ ဘာမှန်းမသိဖြစ်နေတာ´

စူပွပွပြောနေသော ဌေးမြင့်သိန်းကိုကြည့်ပြီး သူရယ်နေလိုက်သည်။ ထွေရာလေးပါးတို့ကို အချိန်အတော်ကြာ ပြောဆိုနေကြပြီး ညနေစောင်းမှ ပြန်လာခဲ့ကြ၏။ သူလည်း အပြန်လမ်းမှာ ၀င်းဝင်းနွယ်ဆီ အတွေးရောက်သွားပါသည်။

ဝင်းဝင်းနွယ်သည် သူနှင့် ဌေးမြင့်သိန်း တက်ရောက်ခဲ့သည့် အထက်တန်းကျောင်းမှ တောက်ပထင်ရှားသော ကျောင်းသူတစ်ဦးဖြစ်၏။ သူတို့နှင့် တစ်ခန်းတည်းအတူ စာသင်ရသော သူငယ်ချင်းကျောင်းသူလည်း ဖြစ်လေသည်။ လှပသော၊ ချမ်းသာသော၊ ချစ်စဖွယ်ကောင်းသော၊ ကျောင်းစာထူးချွန်သော ထိုကောင်မလေးကို ကျောင်းသားများစွာက အတိုင်းအတာတစ်ခုအထိ စိတ်ကူးယဉ်ခဲ့ကြ၏။ (ထိုအထဲတွင် သူတော့ မပါခဲ့ချေ။)

သူကတော့ စာသင်ခန်းထဲတွင် တိုးတိတ်စွာ နေတတ်သူသာဖြစ်၏။ အခြားကျောင်းများမှ ဤကျောင်းသို့ ပြောင်းရွှေကလာပြီးနောက် ကာလအတန်ကြာသည်အထိပင် သူ့ကို မည်သူကမျှ သတိကြီးကြီးမပြုမိအောင် နေနိုင်ခဲ့၏။ ၀င်းဝင်းနွယ်နှင့် သီဟတို့ အတန်းထဲမှာ အဆင့်`တစ်´ကို အပြိုင်ယူနေချိန်မှာ သူက အဆင့်`၃၀´ကျော်သာ အစဉ်ရသူဖြစ်၏။ (အခန်းထဲမှာ ကျောင်းသား ၇၀ နီးပါးရှိပါသည်။) ၀င်းဝင်းနွယ်နှင့် သီဟက ကျောင်းမှာ မသိသူမရှိသလောက် ကျော်ကြားလှချိန်မှာ သူ့အမည်ကိုမူ ကျောင်းသားအနည်းငယ် ကသာ မှတ်မှတ်ရရ ရှိကြသည်။ သို့တိုင်အောင် ထိုအထဲမှာ အချို့သောကျောင်းသားများက သူ့အမည် `ချမ်းငြိမ်း´ကို ငြိမ်းချမ်းဟုသာ ခေါ်နေခဲ့ကြ၏။

အခြားကျောင်းသားများနှင့် မရောလွန်းသလို အထီးတည်းလည်း မနေခဲ့သောသူသည် သာမန်ကျောင်းသားတစ်ယောက်မျှသာ ဖြစ်ခဲ့ပါသည်။ ဗန္ဓုလအသင်းမှ အလှည့်ကျ တံမြက်စည်းလှည်းပေးသူ၊ ၀ါဆိုသင်္ဃန်းဖိုးကို မော်နီတာက အော်မတောင်းခင် ပေးလေ့ရှိသူ၊ လေ့ကျင့်ခန်းစာအုပ်ကို သတင်းစာစက္ကူဖြင့်သာ အဖုံးဖုံးသူ။ ထိုသို့ဖြင့်သူသည် မည်သို့မျှ မထူးခြားသော ကျောင်းသားတစ်ယောက်အဖြစ် ငြိမ်ငြိမ်သက်သက်ပဲ ပညာသင်ကြားခဲ့သူ ဖြစ်လေသည်။

တစ်နေ့မှာတော့ အချို့သော ကျောင်းသားများက သူ့ကို ထင်ထင်ရှားရှား သတိပြုမိ သွားကြလေ၏။ ၀င်းဝင်းနွယ်သည်လည်း ထိုနေ့မှစ၍ သူ့ကို စေ့စေ့ကြည့် သွားဖြစ်လေသည်။

မြန်မာစာဆရာက သူတို့ထပ်ထားသော လေ့ကျင့်ခန်းစာအုပ်များကို စစ်ဆေးနေချိန်တွင် ဖြစ်၏။ အခန်းဝသို့ လက်ထောက်ကျောင်းအုပ်ရောက်လာပြိး ဆရာ့ကိုပြောသည်။
`ဆရာ.. ..ရုံးခန်းထဲမှာ ပညာရေးမှူးရုံးက ဧည့်သည်တွေရောက်နေတယ်၊ ကျောင်းသားတွေကို သင်ထားတဲ့ လေ့ကျင့်ခန်းစာအုပ် တစ်အုပ်နဲ့အတူ ဆရာ ခဏလိုက်ခဲ့ပါ။´

ဆရာက `ဟုတ်ကဲ့´ ဟုဆိုပြီး စစ်ဆေးနေသော လေ့ကျင့်ခန်းစာအုပ်များထဲမှ စာအုပ်နှစ်အုပ်ကို ဆွဲထုတ်လိုက်၏။ ကျန်သောစာအုပ်များကို မော်နီတာကို ခေါ်ပေးလိုက်သည်။ ထို့နောက် သူယူထားသော စာအုပ်နှစ်အုပ်ကို ထောင်ပြကာ.. ..
`ကဲ.. ..ဆရာ သွားလိုက်ဦးမယ်။ လက်ရေးလှတဲ့ စာအုပ်နှစ်အုပ်ကို ဆရာယူသွားမယ် ဟုတ်လား။ တစ်အုပ်က ၀င်းဝင်းနွယ်ရဲ့ စာအုပ်ပဲ။ နောက်တစ်အုပ်က အင်း.. မောင်ချမ်းငြိမ်းတဲ့´

ထို့နောက် အခန်းအပြင်သို့ ဆရာထွက်ရန် ပြင်သောအခါ ရပ်စောင့်နေသော လက်ထောက်ကျောင်းအုပ်က `တစ်အုပ်ဆိုရပါတယ် ဆရာ၊ လိုလိုမယ်မယ် ယူခိုင်းတာပါ´ ဟု လှမ်းပြော၏။ ဆရာ့ခြေလှမ်းတို့ တုံ့သွားကာ သူ့လက်ထဲမှ စာအုပ်နှစ်အုပ်ကို အပြန်အလှန် ငုံ့ကြည့် စစ်ဆေးလိုက်ပြီး.. ..
`ရော့.. ..၀င်းဝင်းနွယ်၊ မောင်ချမ်းငြိမ်းက ညည်းထက် လက်ရေးလှသဟေ့.. ..´

ဝင်းဝင်းနွယ်၏ စာအုပ်ကိုပြန်ပေးသွား၏။ သူ့စာအုပ်ကိုယူကာ ထွက်သွားသည်။ ၀င်းဝင်းနွယ်က ဆံပင်လေးများသပ်တင်ရင်း ကျန်ရစ်ခဲ့သည်။ ခဏကြာမှ နံဘေးမှ ကျောင်းသားများနှင့် ခေါင်းချင်းဆိုင်၍ စကားတီးတိုးပြော၏။ `ချမ်းငြိမ်းဆိုတာ ဘယ်သူလဲ´ ဟု မေးပုံရပါသည်။ ထိုသူငယ်ချင်းများကလည်း သိပုံမပေါ်ကြ။ နောက်တော့မှ သူ့ကိုသိသော ကျောင်းသူတစ်ဦး ညွှန်ပြလိုက်သည်။ ၀င်းဝင်းနွယ်က သူ့ဆီလျှောက်လာလေသည်။

သူက ကွန်ပါချွန်ဖြင့် စက်ဝိုင်းတစ်ခုကို ရေးဆွဲနေချိန်ဖြစ်၏။
`ချမ်းငြိမ်း ငါ့ကိုနင့်စာအုပ်တစ်အုပ်လောက် ခဏပြစမ်းပါ´
`အေး.. ..အံဆွဲထဲမှာ ကိုယ့်ဘာသာ ထုတ်ယူလိုက်ဟာ´
သူက မော့၍ပင် မကြည့်ပဲ ပြောလိုက်သည်။ ၀င်းဝင်းနွယ်ထံမှ အေးမြသော သနပ်ခါးရနံ့က သူ့ဆီ လွင့်ပျံ့လာသည်။ ၀င်းဝင်းနွယ်က သူ့သမိုင်းမှတ်စုကိုထုတ်ယူ၍ သူ့လက်ရေးကိုကြည့်သည်ဟု ထင်သည်။ (သေသေချာချာ မမှတ်မိ။)

ထိုစဉ် ဌေးမြင့်သိန်းက အသံသြသြကြီးဖြင့် ၀င်ပြောသည်။
`၀င်းဝင်းနွယ်.. ..ချမ်းငြိမ်းလက်ရေးကို လာကြည့်တာလား၊ ကြည့်သွား.. ကြည့်သွား.. ငါ့သူငယ်ချင်းက လက်ရေးသိပ်လှတယ်။ နင်တို့ သီဟတို့ အဆင့်တစ်ကို ဘယ်လိုရရ လက်ရေးမှာတော့ ငါ့သူငယ်ချင်းကို ဘယ်လိုမှ ယှဉ်မရဘူး။ မှတ်ထား.. ဟဲ..ဟဲ..ဟဲ..´

အခန်းရှေကတွင် မောင်းချဓားလေးဖြင့် ခဲတံချွန်နေသော သီဟက ဌေးမြင့်သိန်းကို လှမ်းကြည့်သည်။ ထို့နောက် အကြည့်ကသူ့ဆီသို့ ရွှေကလာသည်။ သူကတော့ မသိချင်ယောင်ဆောင်ပြီး တွက်စရာရှိသည့် သင်္ချာကိုသာ ဆက်တွက်နေလေသည်။

ထို့နောက်မှစ၍ တလျှောက်လုံးသိုသိပ်နေခဲ့သော သူ့ကျောင်းသားဘ၀လေးအပေါ် မျက်လုံးပေါင်းများစွာ ဖြတ်သန်းပျံဝဲလာကြတော့၏။

မုံ့စားဆင်းချိန်များတွင် သူတို့ကျောင်းနှင့် မလှမ်းမကမ်းတွင်ရှိသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီးရှေ့၌ သူတစ်ယောက်တည်း သွားထိုင်နေတတ်၏။ အရိပ်အေးအေးအောက်မှ စိမ်းမြသော မြက်ခင်းပေါ်တွင်လည်း မျက်လုံးအစုံကိုမှိတ်၍ ငြိမ်းချမ်းစွာ လဲလျောင်းနေတတ်သည်။

ဤနေရာဘက်သို့ လူအသွားအလာမရှိကြ၍ သူ့အတွက် အလွန်လွတ်လပ်လေသည်။ ရှင်းသန့်စင်ကြယ်သော ကောင်းကင်ကြီးကို ပေါ့ပါးစွာ ငေးကြည့်နေတတ်သည်။ ထိုသို့ပင် သူသည် နေ့ရက်ပေါင်းများစွာကို ပျောင်းညွတ်ကျေနပ်စွာ ဖြတ်သန်းလာခဲ့သူဖြစ်သည်။ သူ့ဘာသာ ရိုးစင်းလှသော နေထိုင်မှုသည် ကျန်လူများအတွက် အံ့သြငေးရီစရာ ဖြစ်နေကြောင်းကို တဖြည်းဖြည်းနှင့် သူသိလာရခြင်းဖြစ်၏။

တစ်နေ့မှာ ဌေးမြင့်သိန်းက ပြောသည်။
`ဒီနေ့ ကျောင်းသူ ကျောင်းသားတွေအားလုံး ဘောလုံးပွဲ သွားကြည့်ရမယ်တဲ့ကွ၊ ပျော်စရာကြီး´
ထိုအခါကျမှ သူတို့ကျောင်းဘောလုံးအသင်း ဗိုလ်လုပွဲသို့ တက်သွားပြီဖြစ်ကြောင်း သူသိလေသည်။ မုန့်စားစောစောဆင်းပြီး ဘောလုံးကွင်းသို့ တစ်ကျောင်းလုံး သွားရောက်အားပေးကြရ၏။ သူသည် ကျောင်းသားအုပ်ကြီးထဲမှာ ရောနှော၍ ပါသွား၏။ ထိုဘောလုံးပွဲကို ရှေကဆုံးတန်းမှ သူထိုင်ကြည့်ခဲ့လေသည်။

ဘောလုံးပွဲက ကြည့်ကောင်းလှပေ၏။ နှစ်သင်းစလုံး ပညာရော ကြိုးစားမှုပါ ညီမျှကြသည်။ အပြန်အလှန်ထိုးဖေါက်ကစားကြရင်း ပရိသတ်များကို ကြိတ်မနိုင်ခဲမရ ဖြစ်စေ၏။ နှစ်သင်းစလုံး၏ တိုက်စစ်မှူးများကလည်း ထူးချွန်လှ၏။ (သူတို့ကျောင်းအသင်းမှ တိုက်စစ်မှူးက သီဟဖြစ်သည်။)

အချိန်စေ့သည့်တိုင် နှစ်ဂိုးစီသရေဖြစ်နေ၍ အချိန်ပို ထပ်ကစားကြ၏။ အချိန်ပိုစေ့ကာနီးမှ တစ်ဖက်အသင်းမှ တစ်ဂိုးထပ်ရသွားကာ အနိုင်ရသွားလေသည်။ ဘောလုံးပွဲကြီးက တရုန်းရုန်းဖြစ်နေတော့၏။

သူတို့ကျောင်းမှ ကျောင်းသူကျောင်းသားအားလုံး ဘောလုံးကွင်းမှ အပြန်တွင် မအီမသာဖြင့် ခံပြင်းမှုန်တေနေကြ၏။ ဆရာ၊ ဆရာမများပင် ထိုသို့ဖြစ်သည်။ ဘောလုံးပွဲအကြောင်းကိုပဲ အားမလိုအားမရပြန်ပြော (ထိုအထဲမှာတော့ သူမပါချေ။) သူကတော့ သူ့ထုံးစံအတိုင်း ရှင်းလင်းကြည်လင်စွာပင်ရှိ၏။
အားကစားဆရာက သူ့ကိုသတိထားမိပြီး မျက်လုံးကျယ်သွား၏။ `မင်းက ဘောလုံး ၀ါသနာမပါဘူး ထင်တယ်´ ဟုမေး၏။ `ပါပါတယ်´ ဟု သူပြန်ဖြေသောအခါ တစ်ချက်စိုက်ကြည့်ပြီး လှည့်ထွက်သွားလေသည်။ ကျန်သူများကတော့ ထိုအချိန်မှာ သူ့ကို ဘာမှ မပြောအားကြ။ နောက်သုံးလေးရက်ကြာမှ ဝေဖန်သံတို့ တဖြည်းဖြည်းချင်း ပျံ့ထွက်လာသည်။

ပန်းချီဝါသနာပါသော မူမူက စပြောခြင်းဖြစ်၏။ `အဲဒီတုန်းက ချမ်းငြိမ်းကိုမြင်လိုက်ရတာ ငါတော့ ဘောလုံးပွဲရှုံးတာကို မေ့သွားတယ်။ သူ့မျက်နှာက ငြိမ်းအေးနေတာ စိတ်ချမ်းမြေ့စရာပဲ။ အံတကြိတ်ကြိတ်နဲ့ ပူလောင်ခက်ထန်နေတဲ့ လူတွေကြားမှာ သူက ထင်းကနဲပဲ။ ငါ့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်။´

ထိုသို့သော စကားများကို မျက်လုံးလေးဝိုင်းပြီး မျက်နှာချင်းဆိုင်ထိုင်နေသူက ၀င်းဝင်းနွယ်ဖြစ်၏။ ဌေးမြင့်သိန်းတို့၊ ကျော်အောင်တို့က အခန်းထဲမှာ သူ့ကို ၀ိုင်းမေးနေကြတော့လည်း ၀င်းဝင်းနွယ်က ကြားနေရ၏။ ဌေးမြင့်သိန်းက သူ့ကို နားမလည် ဖြစ်နေလေသည်။
`မင်းက ငါ့ဘေးမှာ ဘောလုံးပွဲကြည့်တာပဲ။ စိတ်ဝင်တစားကြည့်တာလည်း ငါသတိထားမိတယ်။ ဒါပေမဲ့ ကိုယ့်ကျောင်းရှုံးတာကို မင်းဘာမှလည်း မခံစားရပါလား၊ ဘာမှ မဖြစ်သလိုပဲ၊ ဘယ်လိုကြီးလဲဟ´

ပထမတော့ ဘာမှပြန်မပြောပဲ သူရယ်၍သာ နေလိုက်သည်။ နောက်တော့ ကျော်အောင်တို့ကပါ `အေးလေ ဟုတ်တယ်´ ဘာညာ ၀င်ပြောကြသဖြင့် သူဖြေရလေသည်။
`ငါက ဘောလုံးပွဲပညာကိုပဲ အဓိကထားကြည့်တာကွ။ အပေးအယူ၊ အလိမ်အခေါက်၊ အဖြတ်အတောက်.. အဲဒါတွေကို ဘယ်လိုလေ့ကျင့်ခဲ့ပြီး ဘယ်လိုအသုံးချသလဲ။ ဘယ်လိုအခြေအနေမှာ ဘယ်လိုလုပ်သလဲ၊ အဲဒါတွေကိုပဲကြည့်တာ။ နှစ်သင်းစလုံးကို ငါ အားပေးတယ်။ နိုင်တာရှုံးတာတွေကိုလည်း ငါ မကြည့်ဘူး။ မင်းတို့ကတော့ တို့အသင်း ရှုံးလို့ မဖြစ်ဘူးဆိုတဲ့ ပူပင်သောကတွေနဲ့ ကြည့်ပြီး ဆွေ့ဆွေ့ခုန်နေကြတာကိုး။ အဲဒီလို ဘယ်ဟုတ်မလဲကွာ၊ မျှမျှတတ ကြည့်ရမှာပေါ့´
`အဲ.. ..´
ဌေးမြင့်သိန်း အမ်းသွားစဉ် ကျော်အောင်က ၀င်ပြောသည်။
`အခုဟာက ငါတို့ကျောင်းအသင်းနဲ့ ကန်တာပဲ ငါတို့ကျောင်းဘက်က အားပေးရမှာပေါ့ဟ´
သူက ခေါင်းခါပြလိုက်သည်။

`ငါ့မှာ အဲဒီလိုမျိုးအစွဲတွေ မရှိဘူးကွ။ ရှိတယ်ထားဦးတော့ကွာ၊ ငါတို့ကျောင်းကို ငါတို့ချစ်သလို သူတို့ကျောင်းကိုလည်း သူတို့ချစ်မှာပေါ့။ အတူတူပါပဲ၊ ကိုယ်တို့ကမှ နိုင်ပြီး သူတို့ကျတော့ ရှုံးစေဆိုတဲ့ အယူမျိုးလည်း မရှိသင့်ပါဘူး။´
`မင်းက တစ်မျိုးပါလား´
`ငါက ရိုးရိုးလေးဟ၊ မင်းတို့က တစ်မျိုးဖြစ်နေကြတာ.. ..´

ထို့နောက် ရယ်ကြရလေတော့သည်။ သူက စကားနည်းသည့်အပြင် ငြင်းခုံလေ့လည်း မရှိသဖြင့် ဆွေးနွေးမှုက အကျယ်တ၀င့် မဖြစ်လိုက်ကြပါ။ သို့သော် ထိုကိစ္စက ပြီးမသွားပဲ အားကစားနည်းပြဆရာနှင့် ဆက်ပြောရသေး၏။ (ဘာမှမဟုတ်သော ကိစ္စလေးကလည်း တစ်ခါတစ်ခါ စကားအတော်ပြောရလေသည်။)

နောက်တစ်နေ့မှာ အားကစားဆရာနှင့် သူနှင့် ရုံးခန်းထဲမှာတွေ့ကြခြင်းဖြစ်သည်။ လက်ရေးလှသည့် ကျောင်းသားနှစ်ဦး ရုံးခန်းမှာ စာကူရေးပါဟု လာခေါ်သဖြင့် သူနှင့် ၀င်းဝင်းနွယ် ရောက်သွားကြသည်။

သူတို့နှစ်ယောက် စာထိုင်ရေးနေချိန်မှာ အားကစားဆရာက သူ့ကို ကျော်အောင်တို့၊ ဌေးမြင့်သိန်းတို့ ပြောသလိုပင် လာပြောနေခြင်းဖြစ်၏။ နံဘေးမှ ဆရာမတစ်ယောက်ကိုလည်း ခပ်ညည်းညည်းလေသံဖြင့် လှည့်ပြောလိုက်သေး၏။
`အဲဒါပါပဲ ဆရာမရဲ့၊ တချို့ကလေးတွေက အောင်ပွဲရဲ့တန်ဖိုးကို နားမလည်ကြဘူး။´
ထိုသို့ဖြင့် အားကစားဆရာပြောနေသော စကားများထဲတွင် သူသည် တရားခံတစ်ယောက်လို ပါဝင်လာသည်။ ခပ်ညံ့ညံ့၊ ခပ်ပေါ့ပေါ့ ပြိုင်ပွဲတစ်ခုကို အောင်နိုင်စွာ ဖြတ်သန်းနိုင်ဖို့အရေးတွင် ရပ်တည်ချက်ပြတ်သားသော ပရိတ်သတ်တစ်ဦးအဖြစ်ပင် အားမပေးရဲသူ ထိုသို့ ဖြစ်လာသည်။
`ဒိုင်းက လက်တစ်ကမ်းရောက်နေပြီ ဆရာမရယ်၊ နိုင်အောင်ကန်ရမဲ့ပွဲ၊ မနိုင် နိုင်အောင် လုပ်ရမယ့်ပွဲ၊ ခုတော့.. ..အင်း´

ထိုအချိန်မှာ သူနှင့် ခေါင်းချင်းဆိုင်၍ စာရေးနေသော ၀င်းဝင်းနွယ်က မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး..
`ဒါနဲ့များ.. ..ဆရာတို့ပြောပြောနေတော့ ယှဉ်ပြိုင်ခြင်းသာ အဓိက၊ အရှုံးအနိုင်က သာမည.. ဆို..´
`ဟေ.. ´

ထိုဆရာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ထို့နောက်မှ မျက်နှာကြီး ညိုပုပ်ကာအပြင်ထွက် သွားတော့၏။ သူနှင့် ၀င်းဝင်းနွယ်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြိုင်တူ ရယ်လိုက်မိကြသည်။ (ဆရာမကပါ လိုက်ရယ်ပါသည်။) ၀င်းဝင်းနွယ်နှင့် သူလည်း ထိုထက်ပို၍ မရင်းနှီးခဲ့ပါ။ မည်သည့်စကားကိုမှလည်း ကမ်းတ၀င်ပြောမနေခဲ့ကြ။ တစ်ခါတစ်ခါ သူ့ကို ငေးကြည့်နေတတ်သည့် ၀င်းဝင်းနွယ်၏ မျက်လုံးဝိုင်း ကလေးများကိုတော့ သူ သတိထားမိခဲ့လေသည်။

အချို့နေ့များ၌ ကျောင်းသို့ အချိန်စော၍ သူရောက်တတ်ပါသည်။ ထိုအခါမျိုးတွင် စာရေးခုံမှာ ထိုင်လျက် ရှင်းနက်နေသော ကျောက်သင်ပုန်းကြီးကို သူ မမှိတ်မသုန် စိုက်ကြည့် နေတတ်သည်။

ထို့နောက်တွင်တော့ စူးရှသော ဘဲလ်မြည်သံနှင့်အတူ ကျောက်သင်ပုန်းပေါ်မှာ အင်ဒီးစ်တောင်တန်းကြီးပေါ်၌ သစ်ပင်တွေ ကွေးကွေးကိုင်းကိုင်း ပေါ်ပေါက်လာပြီး ၀ုန်းဆို မီးတောင် (Volcano) ကြီးများ ကွဲအက်ကာ ချော်ရည်ပူများ တအိအိစိမ့်ပွက်လာသည်။ ထိုချော်ရည်ပူများထဲမှာ ရောဘတ်အိုဝင်က သမ၀ါယမကျေးရွာကို ထူထောင်ဆဲ၊ ဟစ်တလာက ပိုလန်ကို ကန့်လန့်ကာခွဲကာ ၀င်ရောက်လာသည်။ ထိုသို့ဖြင့် အိုင်ဇက်နယူတန်ပေါ် ပန်းသီးကြွေကျပြီးသောအခါ အချုပ်တန်းဆရာဖေက တေးထပ်တစ်ပုဒ် ရွတ်ပြ၏။

နောက်ဆုံး ဘဲလ်မြည်သံ စူးစူးဝါးဝါးအော်မြည်ပြီး စာသင်ခန်းထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့သော အခါ မျဉ်းကွေး မျဉ်းကောက်နှင့် အက္ခရာများ လိမ်ရှုပ်ထွေးနေသော ကျောက်သင်ပုန်းကို ဘောဖျက်ဖြင့် ပြန်ဖျက်၏။ ပြန်လည်ကြည်လင် ရှင်းနက်သွားသော ကျောက်သင်ပုန်းကို ငြိမ်သက်စွာဖြင့် သူ ထပ်ကြည့်နေခဲ့သည်။

ထိုသို့ဖြင့် စာသင်နှစ်နောက်ပိုင်းကျသော နေ့တစ်နေ့တွင် အတန်းပိုင်ဆရာမ၏ ပြောစကားတစ်ခွန်းကြောင့် အားလုံးက သူ့အပေါ် ငေးမော့ ကြည့်ခဲ့ကြပြန်၏။

ဆရာမက ကျောင်းသားများကို အောင်စာရင်းကတ်ပြားများ ဝေ၏။ (သူက အဆင့် ၃၀ကျော်မှာပဲ ဖြစ်၏။) ထို့နောက် ဆရာမက အခန်းရှေကမှာ တည်တည်ကြည်ကြည် ရပ်ကာ.. ..
`ဒီအခန်းမှာ အင်မတန် ထူးချွန်တဲ့ ကျောင်းသားသုံးယောက်ရှိတယ်´
အဆင့်တစ်က သီဟလား၊ ၀င်းဝင်းနွယ်လားဟု သူကွဲပြားစွာ မသိလိုက်ချေ။ အဆင့်သုံးကိုလည်း မျိုးထွန်းနျင့် မီမီဝင်းမောင်တို့ နှစ်ယောက်အနက် တစ်ယောက်ယောက်က ရသည်ဟု ထင်သည်။ သို့သော် အခန်းထဲမှာ ပြောဆိုဝေဖန်နေကြသော စကားသံများအရ အဆင့် ၁၊ ၂ ရသူနှစ်ယောက်နှင့် ကျန်သူများက အမှတ်ကွာလွန်းကြောင်းကို သူရိပ်မိ၏။

ယခု.. ..ဆရာမက ထူးချွန်သော ကျောင်းသား သုံးယောက်ဟု ဆိုသောအခါ တစ်ခန်းလုံး နားစွင့်နေကြလေသည်။

`ဒီအခန်းထဲမှာ ထူးချွန်တဲ့ ကျောင်းသားသုံးယောက်ရှိတယ်။ ဒီသုံးယောက်ကို တခြားအခန်းက ကျောင်းသားတွေကလည်း မမီကြဘူး။ ဒီသုံးယောက်ထဲမှာ နှစ်ယောက်ကတော့ မင်းတို့သိတဲ့ အတိုင်း သီဟနဲ့ ၀င်းဝင်းနွယ်ပဲ´

အားလုံးက ငြိမ်သက်စွာ နားထောင်နေကြ၏။ ဆရာမက သီဟနှင့် ၀င်းဝင်းနွယ်ကို အကဲခတ်သလို တစ်ချက်ကြည့်ပြီးမှ `နောက်တစ်ယောက်ကတော့ ချမ်းငြိမ်းပဲ.. ..´
ကျောင်းသားများက သူ့ကို မယုံကြည်နိုင်သလို လှည့်ကြည့်ကြ၏။ နံဘေးမှာရှိသော ဌေးမြင့်သိန်းကလည်း သူ့ပခုံးကို တွန်းလှုပ်၏။ သူ့မျက်နှာကတော့ ဘာမှ မပြောင်းလဲခဲ့ပါ။
`ချမ်းငြိမ်းဟာ အမြဲတမ်း အဆင့် ၃၀ကျော်တယ်။ အရည်အချင်းစစ် ကတ်ပြားမှာ (သင့်) ပေးရတဲ့ ကျောင်းသားပေါ့။ ဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တခုရှိတယ်။ ဆရာမကိုယ်တိုင်လည်း ဟိုတစ်နေ့ကမှ တခြားဆရာ ဆရာမတွေနဲ့ စကားစပ်မိပြီး သိတယ်..´

ဆရာမက စကားကို ခဏနား၏။ အားလုံးက သူ့စကားကို အတော်ကြီး စိတ်ဝင်စားနေသည်ကို မြင်ရမှ ကျေနပ်သွားဟန်ဖြင့် စကားကို ဆက်၏။
`ဆရာမရဲ့ ပထ၀ီဘာသာမှာ ချမ်းငြိမ်းဟာ ပုစ္ဆာအကုန် မဖြေဘူး။ အမြဲတမ်း အမှတ်(၇၀)ဖိုး ပဲဖြေတယ်။ ဟိုတစ်နေ့က ရုံးခန်းထဲမှာ တခြားဆရာ ဆရာမတွေက ပြောလို့သိရတာ။ ဒီအခန်းက ချမ်းငြိမ်းဟာ သူတို့ဘာသာတွေမှာ အမြဲတမ်း အမှတ်(၇၀)ဖိုးပဲ ဖြေတယ်တဲ့.. ..´

အခန်းထဲမှာ စကားသံတို့ အုပ်ဆိုင်းဆိုင်း ထွက်ပေါ်လာသည်။ ဆရာမက လက်ကာရင်း ပြုံး၏။
`သူမဖြေပဲ ချန်ထားတဲ့ (၃၀)ဖိုးက အလွယ်ဆုံးပုစ္ဆာတွေချည်းပဲ´
ထို့နောက် ဆရာမက ကျန်ကျောင်းသားများကိုလည်း ကြိုးစားရန် တိုက်တွန်းသည်။ ထိုစကားတို့ကိုတော့ ကျောင်းသားများက သိပ်စိတ်မ၀င်စားကြတော့ချေ။ သူနှင့် ပါတ်သက်သော ဝေဖန်ချက်များကိုသာ တီးတိုးပြောဆိုနေကြတော့၏။

ဆရာမထွက်သွားပြီး ကျောင်းစာအုပ်တစ်အုပ်ကို သူထုတ်ဖတ်နေချိန်မှာ သီဟ ရောက်လာ၏။
`ချမ်းငြိမ်း´
သူမော့ကြည့်လိုက်၏။ သီဟက သူ့ကို စူးစူးကြည့်ပြီး လက်ကမ်းပေးသည်။ သူကလည်း အေးအေးဆေးဆေးပဲ ပြန်လည် လက်ဆွဲနှုတ်ဆက်လိုက်သည်။ မျက်လုံးပေါင်းများစွာက ၀ိုင်းကြည့်နေပြီး ထိုအထဲတွင် ၀ိုင်းစက်လှပသော မျက်လုံးလေး တစ်စုံလည်း ပါဝင်လေသည်။

( ၂ )
သူ၏ အခန်းသည် အစစအရာရာ ကင်းရှင်းတိတ်ဆိတ်နေသော အခန်းဖြစ်သည်။ အပြာရောင် ဆေးသုတ်ထားသည်ကလွဲ၍ အခြားမည်သည့် အဆင်အယင်မျှ မရှိချေ။

သူ့ခေါင်းရင်းနံရံတွင်မူ သင်္ချာကိန်းတန်းတစ်ခုကို ရေးထိုးထား၏။ မည်သည့်အဓိပ္ပါယ်ဖြင့် သူရေးထိုးထားသည်ဟုတော့ မည်သူကမျှ မသိကြချေ။ မေးသူလည်း သိပ်မရှိလှသည့်အပြင် မေးသူတိုင်းကိုလည်း သူမဖြေခဲ့၍ဖြစ်သည်။ ငယ်စဉ်က ဥာဏ်စမ်းသင်္ချာလေးတစ်ပုဒ်ကို ပြင်းထန်တက်ကြွစွာ ဖြေဆိုလိုက်မိသည်၏ နောက်ပိုင်းမှာ ဤကိန်းတန်းကို သူရေးထိုးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ပိုင်းမှာပင် လောကနှင့် ပါတ်သက်သည့် ရှင်းလင်းသော အဖြေတစ်ရပ်ကို သူရခဲ့လေသည်။

ထိုစဉ်က သူငယ်ချင်းတစ်ယောက် တွက်မရသော သင်္ချာဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်ကို အိမ်သို့ယူလာကာ သူတွက်ခြင်းဖြစ်၏။ သူ့ သူငယ်ချင်းက လက်လျှော့လိုက်ရ လောက်အောင်ကို ပုစ္ဆာကလည်း ခက်လေသည်။ သူကြိုးစား ဂရုစိုက်၍တွက်ရင်း ရူးချင်ချင်ဖြစ်ခဲ့ ရပါသည်။ မည်သို့မျှ တွက်မရခဲ့။ သို့သော် သူကလည်း အရှုံးမပေးခဲ့။

ထိုသို့ဖြင့် ထိုပုစ္ဆာကြီးကို တစ်လနီးပါး အချိန်ပေးတွက်ချက်ခဲ့ရပြီး နောက်ဆုံးမှာ အဖြေထွက်အောင် သူတွက်လိုက်နိုင်သည်။ ထွက်လာသော အဖြေကိုကြည့်ပြီး သူ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရပြန်သည်။

ထိုပုစ္ဆာကြီးတွင် ကိန်းဂဏန်းများကို အမျိုးမျိုးပြဌာန်း ထိုးကျွေးထား၏။ မေးခွန်း၏ အလှည့်အကွေ့ကလည်း သပွတ်အူဆန်လွန်းလှပါသည်။ ထိုပုစ္ဆာကြီးကို ခံစားချက်များစွာဖြင့် သူရင်းနှီးတွက်ချက်ခဲ့ရပြီး နောက်ဆုံးရရှိလိုက်သည့် အဖြေမှန်က `သုည´ ဖြစ်သည်။

ဒါများကွာ.. ..ဟု ညည်းတွားပြီး နံရံကိုပင် သူဆောင့်ကန်လိုက်မိသေးသည်။ ခုတင်ပေါ်မှာ မောပန်းလဲလျောင်းရင်း ထိုပုစ္ဆာကြီးကို သူကြိုးစားအဖြေရှောနရစဉ်က အခါခါဖြစ်ခဲ့ရသည့် ခံစားချက်များကို ပြန်မြင်ယောင်ကာ တစ်စုံတစ်ရာကို နာကြဉ်းလာမိ၏။

ထိုရက်ပိုင်းအတွင်းမှာပင် လောကကြီးကလည်း ဒီပုစ္ဆာကြီးလိုပါပဲလား ဟူသောအတွေးကို သူရလာ၏။ ဆန့်ကျင်ဘက်တို့ဖြင့် ကုပ်သပ်ရံခွကာ တည်ဆောက် ထောင်မတ်ပြသထားသည့် လောကကြီးသည် ရုပ်ဖျက်ထားသည့် `မာယာ´ သာဖြစ်သည်။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ချစ်ခင်ခြင်း၊ မုန်းတီးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း စသည်တို့ အားပြိုင်မှုများကြားမှ မရှိသည်တို့ကို ရှိသည်ဟု ထင်လာရအောင် မျက်လှည့်ပြနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ၏ ခေါင်းရင်းဘက်နံရံတွင် [A+B+C-A-B-C=0] ဟူသည့် ကိန်းတန်းကလေးကို ရေးလိုက်၏။ ဘာကိုမှ ယုံကြည်စရာမရှိသော လောကကြီးထဲမှာ ဘာကိုမှလည်း တပ်မက်တွယ်တာမှု သူမထားတော့ချေ။

ထိုသို့ဖြင့် သူ့ဘ၀မှာ တည်ငြိမ်အေးချမ်းလာ၏။ သာမန်ကျောင်းသား တစ်ယောက်အဖြစ်နှင့်ပဲ တက္ကသိုလ်မှ သာမန်ဘွဲ့တစ်ခုကို ယူခဲ့၏။ ပုံမှန် စီးပွါးရေးတစ်ရပ် အနေနှင့် ပန်းချီပြခန်းတစ်ခုကို ဖွင့်ထား၏။ တစ်ခါတစ်ခါမှာတော့ သူ့အဖေ၏ အဆောက်အအုံ ကန်ထရိုက်လုပ်ငန်းကို အဖေ့ကိုယ်စား ၀င်ရောက်အုပ်ချုပ်ပေးရတတ်သည်။ ရှုပ်ထွေးလှသော ထိုအလုပ်များကလည်း သူ ကိုင်တွယ်လိုက်လျှင် ရှင်းလင်းစွာ ပြီးဆုံးသွားကြသည်ပဲဖြစ်သည်။ အချို့သော လုပ်ဖေါ်ကိုင်ဖက်များက သူ့ကို အရမ်းအံ့သြကြလေသည်။

သူက ကိုယ့်ကိုယ်ကို လေထဲမှာ မျောနေသည့် ဆပ်ပြာပူဖေါင်းလေးတစ်လုံးပဲ သဘောထားသူဖြစ်သည်။ ရှင်းလင်းပေါ့ပါး၏။ တိတ်ဆိတ်ငြိမ်သက်၏။ လျှပ်တစ်ပြက်အတွင်း ကွယ်ပျောက်သွားမည့်သူပဲဖြစ်သည်။ သူ့ထံမှာ မည်သည့်အရာမှ စွန်းငြိတွယ်ကပ်၍ ပါမလာခဲ့ပါချေ။ နက်ရှိုင်းသော ဘ၀အမြင်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်၍ သူ့အတွက် တခြား ပိုင်ဆိုင်စရာလည်း ဘာမှမလိုအပ်တော့..။

သူသည် လွတ်လပ်၏။ အချည်အနှောင် ကင်းမဲ့၏။ တုန်လှုပ်ချောက်ချားမှု ကင်းမဲ့၏။ လောကကြီးကို ထိုသို့သူဖြတ်သန်းခဲ့လေသည်။

တစ်ခါတော့ လမ်းထဲမှ မိတ်ဆွေတစ်ယောက်နှင့် ကိုကာကိုလာ ထိုင်သောက်ရင်း စကားတစ်ခွန်းပြောခဲ့၏။ နောက်ပိုင်းမှာတော့ ထိုစကားကို မည်သူ့မှ မပြောမိချေ။

ထိုစဉ်က သူ့မိတ်ဆွေသည် စီးပွါးရေးလုပ်ငန်းများထဲ မောဟိုက်စွာ ကူးခတ်နေသူဖြစ်သည်။ လုပ်ငန်း၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုအခြေအနေများ၊ ကြိုးစားမှု ထပ်ဆင့်တည်ဆောက်မှု အတိုင်းအတာများကိုလည်း ခန့်ညားကြီးမားစွာ အေးဆေးစွာပဲ နားထောင်နေခဲ့၏။

သူ့မိတ်ဆွေက ထိုအပင်ပန်းခံခဲ့မှုများကို ဂုဏ်ယူဝံ့ကြွားစွာ ညည်းညူပြပြီးနောက် သူ့ကိုတစ်ချက်ကြည့်ကာ `ခင်ဗျားလို နေချင်စမ်းပါဘိဗျာ´ ဟုပြော၏။ အသံက လှောင်ပြောင်သရော်သံ ဖြစ်သည်။ သူ့ကို နေစိမ့်သူ၊ မလေးနက်သူ၊ အပူအပင်ကင်းသူဟူ၍ သတ်မှတ်ထားသော လေသံဖြစ်သည်။ သူ စိတ်မဆိုးပါ။ မိတ်ဆွေပြောနေသည်များကိုသာ ပြုံးလဲ့လဲ့ဖြင့် နားထောင်နေခဲ့၏။

အတော်ကြာမှ မိတ်ဆွေကမောပြီး စကားပြော ရပ်သွားသည်။ ကိုကာကိုလာကို ကုန်အောင်သောက်သည်။ ဟူးကနဲ လေပူကြီးတစ်ချက်ကို မှုတ်ထုတ်ကာ အဝေးကို ငေးနေတော့၏။ ထိုအခါကျမှ သူက.. ..
`ဒီလောကကြီးကို မလွှဲသာပဲ ဖြတ်သန်းနေရသမျှမှာ ကျွန်တော်ဟာ ဥပဒေသလေးတစ်ရပ်ကို လက်ကိုင်ထားတယ်ဗျ။ `၀င်သက်ထွက်သက် ဥပဒေသ´ လို့ ဆိုကြပါစို့ဗျာ..´

မိတ်ဆွေက ကြောင်အမ်းအမ်းမျက်နှာထားဖြင့် သူ့ကိုလှည့်ကြည့်သည်။ သူက မိတ်ဆွေကို မကြည့်ပဲ ဆက်ပြောလိုက်၏။
`လူတွေ အသက်ရှုာကတဲ့အခါ ဘယ်သူမှ အင်ကြီးအားကြီး စိုက်ထုတ်ပြီး မရှုကြဘူးဗျ။ ပုံမှန် အားလေးတစ်ရပ်နဲ့ပဲ ဘာသိဘာသာ ရှုသွားကြတာ။ အဲဒီလိုပဲ ကျွန်တော်လည်း ဘ၀မှာ အင်ကြီးအားကြီး ပုံအောစိုက်ထုတ်ပြီး မနေခဲ့ဘူး။ သဘာဝကျကျ လည်ပတ်နေတဲ့ ရစ်သမ်တွေ အချိုးအစားပျက်သွားအောင် ဘာကိုမှ မလုပ်ခဲ့ဘူး။ ဘယ်အလုပ်အတွက်မဆို ကျွန်တော်ပေးတဲ့ `အား´က အသက်ရှုတဲ့နေရာမှာပေးတဲ့ `အား´လောက် ပါပဲ။ Forceless Force ပေါ့ဗျာ။ အဲဒီလိုရပ်တည်တာ ဘယ်လောက်မှန်ကန်ပြီး အဲဒီလို မရပ်တည်မိရင် ဘယ်လောက် အန္တရာယ်များတယ် ဆိုတာကိုတော့ ကိုယ်တိုင်ခံစားရမှ ခင်ဗျားသိနိုင်မယ်။ အဲဒါကတော့ ကျွန်တော့် ဥပဒေသရဲ့ ပထမ အချက်ပေါ့ဗျာ´

သူ့စကားများကြောင့် သူ့မိတ်ဆွေ၏ မျက်လုံးတို့က ပြူးထွက်လာ၏။ ပါးစပ်ကြီးလည်း ဟနေလေသည်။
`ဒုတိယ အချက်ရှိသေးတယ်။ လူတွေဟာ ၀င်သက်ထွက်သက်တွေ အများကြီး ရှုရှိုက်ခဲ့တယ်။ နောက်ထပ်လည်း အများကြီးရှုရှိုက်ရဦးမယ်။ ပင်ပန်းလိုက်တာ ရင်မောစရာကြီးပါလားလို့ ဘယ်သူကမှ မတွေးကြဘူးလေ။ အဲဒါမှန်တယ်၊ အခုရှုရမယ့် ၀င်သက်ကိုရှုတယ်၊ ပြီးရင် ပြန်ထုတ်တယ်။ နောက်ရှုတယ်။ ပြီး.. ..ထုတ်တယ်။ လုပ်ရမဲ့အချိန်မှာ လုပ်စရာရှိတာကိုပဲ လုပ်လိုက်တယ်။ ပြီးခဲ့တာတွေကိုလည်း မတွေးဘူး။ မရောက်သေးတဲ့အချိန်ကိုလည်း မပူပင်ဘူး။ ကျွန်တော်ဟာ ဘာကိုပဲလုပ်လုပ် ဒီသဘောအတိုင်းလုပ်တယ်။ အလုပ်တစ်ခုကို ၀င်သက်နဲ့ရှုပြီး ထွက်သက်နဲ့အတူ ပြန်ထုတ်လိုက်တယ်။ ကျွန်တော့မှာ ဘယ်လို လေးလံဖိစီးမှုမှ မရှိဘူး။ ကျွန်တော့်စိတ်ထဲမှာ လက်ရှိအချိန်နဲ့ လက်ရှိအလုပ်ကိုပဲ ယူထားပြီး အဲဒါတွေမရှိတာနဲ့ ဘာမှ မရှိတော့ဘူး။ ခင်ဗျားနားလည်လွယ်ဖို့ အနီးစပ်ဆုံးစကားလုံး ပေးရမယ်ဆိုရင်တော့ Now & Here ပေါ့ဗျာ။

ထို့ထက်ပို၍ ဘာကိုမှ သူမပြောလိုက်။ စကားဝိုင်းက အတန်ကြာငြိမ်သက်သွားသည်။ ထို့နောက်မှ မိတ်ဆွေက `ဆောရီး´ ဟုဆိုကာ သူ့ကို လက်ဆွဲနှုတ်ဆက်သည်။ ထိုလက်ဆွဲနှုတ်ဆက်မှုကြောင့် ထိုညက သူ.. ..သီဟအကြောင်း စဉ်းစားဖြစ်လေသည်။

ဆယ်တန်းစာမေးပွဲဖြေရခါနီး အထက်တန်းကျောင်းမှာ နောက်ဆုံးနေခဲ့ရသောနေ့က သူ့ကို ကျော်အောင်က စကားတစ်ခွန်းပြောသည်။
`ငါ.. ဒီကျောင်းမှာတက်တာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ လူနှစ်ယောက်ကို တွေ့ခဲ့တယ်။ အဲဒီနှစ်ယောက်မှာ တစ်ယောက်ကတော့ မင်းပဲ ချမ်းငြိမ်း´

ထိုသို့ပြောပြီး သူတို့လူချင်းကွဲသွားကြသည်မှာ ယနေ့ထက်တိုင်ဖြစ်၏။ (တက္ကသိုလ်သို့လည်း ကျော်အောင် ရောက်မလာခဲ့။) ကျော်အောင် ရည်ညွှန်းသွားသော စိတ်ဝင်စားစရာ လူနှစ်ယောက်အနက် ကျန်တစ်ယောက်မှာ `သီဟ´ ဖြစ်လေသည်။

သီဟသည် လူလတ်တန်းစား မိသားစုတစ်ခုမှ ကြီးပြင်းလာသော လူတော်တစ်ယောက် ဖြစ်သည်။ ငယ်စဉ်ကတည်းက `ဓား´ များကို အလွန်မြတ်နိုးတတ်သည် ဟု တစွန်းတစ ကြားရဖူး၏။ သီဟက ငယ်စဉ်က ပွဲဈေးတန်းသွားတိုင်း ဓားကို ပူဆာတတ်ကြောင်း၊ ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာတွေ့လျှင် စားပွဲပေါ်မှာ ဓားမြှောင်တစ်လက်စိုက်ပြီး ကြည့်ငေးကာ အတွေးနယ်ချဲ့တတ်သော၊ ကွန်ဖူးသင်တန်းတစ်ခုမှာ ဓားပေါက် ပထမဆုရဖူးသော၊ ကိုယ်တိုင်လည်း ဓားတစ်လက်လို ထက်မြက်သော သီဟသည် အထက်တန်းကျောင်းကို အောင်မြင်ပြီးသောအခါ စက်မှုတက္ကသိုလ်သို့ ရောက်သွားလေသည်။

ဘောလုံးကိုတော့ တစိုက်မတ်မတ် ဆက်ကန်ဖြစ်ပြီး ယခုအခါ ကျော်ကြားသော နိုင်ငံလက်ရွေးစင် ဘောလုံးသမားပင် ဖြစ်နေလေပြီ။ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သူတို့၊ ဌေးမြင့်သိန်းတို့ ရှိနေခိုက် သီဟတို့ မကြာခဏ လာလည်တတ်သည်။ သီဟနှင့် ပါလာသောလူများမှာ အောင်ခိုင်၊ မောင်မောင်သန်း စသည့် ဘောလုံးကြမ်းပိုးများ ဖြစ်ကြ၏။ သူငယ်ချင်းများ နောက်ပြောင်ဆူညံနေကြပြီဆိုလျှင် သူက ခပ်လှမ်းလှမ်းမှ ပြုံးရယ် ရပ်ကြည့်နေခဲ့၏။ အထက်တန်းကျောင်းမှ လုံးဝမရင်းနှီးခဲ့သော သီဟက သူ့ကို အမြဲတမ်းပင် ပြုံးရယ်နှုတ်ဆက်သွားတတ်၏။

သီဟသည် သူရဲကောင်းစိတ်ထားရှိသည့် လူငယ်တစ်ယောက်ဟု နားလည်သည်။ သီဟကိုကြည့်ရသည်မှာ ရှေးခေတ် ဂျပန်ပြည်မှ ဆာမူရိုင်းတစ်ယောက်ကို ကြည့်ရသလိုလည်းရှိ၏။ အကြောင်းအရာတစ်ရပ်အပေါ် လေးနက်တည်ကြည်စွာ စဉ်းစားနေသည့်အခါ ထက်မြက်သော ဓားတစ်လက်ကို ကြည့်မြင်ရသည်နှင့်လည်း တူပါသည်။ တစ်ခု သတိထားမိသည်က စက်မှုတက္ကသိုလ်မှာ ကျောင်းစာ၊ ဘောလုံးစသည်တို့ဖြင့် နာမည်ကြီးလှသော သီဟသည် ရည်းစား လုံးဝမရှိခဲ့ချေ။ (၀င်းဝင်းနွယ်ကို ကျိတ်ချစ်နေသည်ဟု အချို့ကပြောကြသည်။)

သူ.. ..ကျောင်းပြီးသွားသောအခါ သီဟနှင့်မတွေ့ဖြစ်တော့ပါ။ သီဟကလည်း ရည်ရွယ်ချက်ကြီးမားပြီး အလွန်ကြိုးစားသူ ဖြစ်သဖြင့် အားလပ်လည်ပတ်ချိန် နည်းပါးလှပါသည်။ တစ်ခါမှာတော့ အမျိုးသား စာကြည့်တိုက်ပေါ်မှ သူဆင်းအလာတွင် သီဟနှင့် ပက်ပင်းတိုး၏။ သူ့ပခုံးကို ရင်းနှီးချစ်ခင်စွာ ပွေ့ဖက်နှုတ်ဆက်ရင်း `၀င်းဝင်းနွယ်နှင့် တွေ့ဖြစ်သေးလား´ ဟု မေး၏။ (ဘာကြောင့်မေးမှန်းသူမသိချေ။) `ဟင့်အင်း မတွေ့ပါဘူး´ ဟု ပြန်ဖြေရင်း ကိုယ့်ကိစ္စနှင့်ကိုယ် လူချင်းခွဲကြရ၏။

ထိုမှ တစ်လခန့်အကြာတွင် မမျှော်လင့်ပဲ ၀င်းဝင်းနွယ်နှင့် တွေ့ရလေသည်။ ဆယ်တန်းအောင်ပြီး ကတည်းက ဤတစ်ခါပဲ တွေ့ခြင်းဖြစ်၏။ ဘာစကားမှလည်း မည်မည်ရရ မပြောဖြစ်ပါ။ ၀င်းဝင်းနွယ်က ကျောင်းကားပေါ်မှာဖြစ်ပြီး သူက လမ်းပေါ်မှာဖြစ်၏။ မီးပွိုင့်မှာ ကျောင်းကားရပ်ထားရစဉ် လမ်းဘေးမှာလျှောက်နေသော သူ့ကို ၀င်းဝင်းနွယ်က စတင်မြင်ခြင်းဖြစ်သည်။
`ချမ်းငြိမ်း´

လှည့်ကြည့်လိုက်မိတော့မှ ဆေးတက္ကသိုလ် ကြိုပို့ကျောင်းကားပေါ်မှာ လှပစွာ ရှိနေသည့် ၀င်းဝင်းနွယ်ကို သူတွေ့လိုက်သည်။ လက်ထဲမှာ ပန်းသီးတစ်လုံး ကိုင်ထားလျက်က သူ့ကို ချစ်စဖွယ်ပြုံးပြလေသည်။

သူကပြန်လည်ပြုံးပြပြီး ပန်းသီးကလေးကို လက်ဝါးဖြန့်ကာ တောင်းဟန်ပြု၏။ ၀င်းဝင်းနွယ်က ရယ်မောပြီး လှမ်းပစ်ပေးလေသည်။ သူက နောက်ပြီးတောင်းခြင်းဖြစ်သည်။ ပြန်ပေးမည်ပြုလုပ်သောအခါ ၀င်းဝင်းနွယ်၏ လက်ထဲမှာ နောက်ထပ် ပန်းသီးတစ်လုံး ရောက်နေပြီဖြစ်သည်။ သူနှင့် ၀င်းဝင်းနွယ်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ဖြစ်ကြသေးသည်။ ထိုစဉ်မှာပဲ မီးပွိုင့်စိမ်းပြီး သူတို့ကျောင်းကား မောင်းထွက်သွား ပါတော့သည်။

ထိုနောက်ပိုင်းမှာတော့ ၀င်းဝင်းနွယ်နှင့်မှ မဟုတ်ပဲ မည်သူနှင့်မှ မတွေ့ဖြစ်တော့ချေ။ သူဖွင့်လှစ်ထားသော ပန်းချီပြခန်းလေးထဲမှာပဲ သူ့ဘ၀ကို ကွယ်အုပ်ထားလိုက်၏။ သို့သော် ဌေးမြင့်သိန်းက ရအောင်လိုက်လာသည်။ သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။ ဟိုအကြောင်း သည်အကြောင်း ဆွေးနွေးပြောဆိုကြသည်။ များသောအားဖြင့် ဌေးမြင့်သိန်းက ပြောပြီး သူက နားထောင်သည်ပဲဖြစ်၏။

တစ်ခါက သူ့အခန်းထဲမှ အင်္ဂလိပ် မြန်မာ စာအုပ်အများအပြား စုပုံရောက်ရှိခဲ့ဖူး၏။ သမိုင်းစာအုပ်၊ ဒဿနစာအုပ်၊ မနုဿဗေဒစာအုပ်၊ နက္ခတ်ဗေဒင်စာအုပ်၊ အနုပညာစာအုပ်၊ စိတ်ပညာစာအုပ် စသည်ဖြင့် စုံလင်လှသည်။ နေ့တိုင်းသူဖတ်သည်။ (မည်သည့်စာအုပ်ကိုမှ ဆုံးအောင် မဖတ်ခဲ့။) မလိုအပ်တော့သော စာအုပ်များကို အခန်းပြင်သို့ပို့ထားရင်း အခန်းထဲမှာ စာအုပ်တွေ ပါးသွား၏။ နောက်ဆုံးတော့ တစ်အုပ်မှ မကျန်တော့ပဲ အခန်းထဲမှာ ရှင်းလင်းငြိမ်သက်သွားသည်။ ထိုနေ့မှာ ပရက်စလေ၏ တေးသွားတစ်ပုဒ်ကို တိုးတိုးဖွင့်ရင်း နှစ်နှစ်ခြိုက်ခြိုက် သူ အိပ်ပျော်သွားခဲ့လေသည်။

သူ့ဘ၀သည် မည်သို့မှ မပြောင်းလဲခဲ့။ ပြောင်းလဲမည်ဆိုလျှင် ပြောင်းလဲစရာတွေ ကြုံခဲ့ပါ၏။ သို့သော် သူက မပြောင်းလဲသဖြင့် အရာရာသည် သူ့ကို ထားခဲ့ပြိး သူတို့ဘာသာ ပြောင်းလဲသွားခြင်း ဖြစ်လေသည်။ သူကား ငြိမ်းချမ်းစွာ ကြွင်းကျန်ရစ်၏။ သုညလေးတစ်လုံးပမာ တိတ်ဆိတ်စွာရှိနေ၏။ သူ့ကို ထားခဲ့ပြီး လမ်းပေါ်မှာ ကွေ့ပတ် ချီတက်နေသော တစ်၊နှစ်၊သုံး၊လေး တို့ကို ကြည်လင်အေးချမ်းစွာ ငေးကြည့်ပြီး ကျေနပ်စွာ နေရစ်ခဲ့၏။

ထိုသို့ဖြင့် ကုန်လွန်ခဲ့သော ရက်ပေါင်းများစွာကို မျောလွင့်နေသည်။ ဆပ်ပြာပူဖေါင်းလေးဟာ ပေါ့ပါးလွတ်လပ်စွာ သူဖြတ်သန်းခဲ့လေသည်။

လှပသော နံနက်ခင်းတစ်ခု၌ ခြံထဲမှ ပန်းပင်များကို သူလိုက်ကြည့်နေစဉ် ဌေးမြင့်သိန်း ၀င်လာ၏။
`ချမ်းငြိမ်း.. .. အပြင်သွားရအောင်ကွာ´
`ဘယ်လဲ´ဟု မမေးပဲ သူ ထွက်လိုက်ခဲ့၏။ လမ်းမှာ ဌေးမြင့်သိန်းက ပြောသည်။
`ငါ.. ..မနေ့က အောင်ခိုင်တို့၊ မောင်မောင်သန်းတို့ နဲ့တွေ့တယ်။ တော်တော်လေးကြာအောင် စကားပြော ဖြစ်ကြတယ်။ သီဟအကြောင်းကြားရတာ မကောင်းဘူးကွာ´
`အင်း´
သူတို့ချင်း မပြေလည်ကြဘူးကွ။ တွဲတုန်းက အရမ်းတွဲခဲ့ကြတဲ့ ကောင်တွေလည်း အခု ခွာပြဲကုန်ပြီ။ ဒါပေမဲ့ သီဟက တစ်အုပ်စုလုံးမှာ ဘယ်သူနဲ့မှ မတည့်တော့ဘူးကွ။
`အင်း´
`ငါတို့က အနေဝေးတော့ သိပ်မသိဘူးပေါ့ကွာ။ သူတို့ချင်းကျတော့ အတွင်းသိ ဖြစ်နေတာကိုးကွ။ သီဟက အတော် လူလည်ကျတဲ့ကောင်ပဲ။ အချင်းချင်းကိုလည်း ကျော်နင်းပြီး တက်သွားတာတွေ အများကြီးပဲ။ ဒီကောင်မကောင်းဘူးကွာ။´

အောင်ခိုင်တို့ မောင်မောင်သန်းတို့က သီဟနှင့် ဘောလုံးကန်ဖေါ်ကန်ဖက်များ ဖြစ်၏။ သူတို့တွေ အတူ ကြိုးစားခဲ့ကြခြင်းဖြစ်သည်။ ယခုတော့ သီဟက နိုင်ငံတကာ ကစားပွဲများတွင် တိုင်းပြည်ကိုယ်စားပြုပြီး သွားကစားနေရပြီ ဖြစ်သည်။ စင်ကာပူမှ ပြန်လာသည်ပင် မကြာသေးဟု သိရသည်။ အောင်ခိုင်တို့ မောင်မောင်သန်းတို့က အစပိုင်း၌ သီဟနှင့် မတိမ်းမယိမ်း ထူးချွန်ကြသော်လည်း နောက်ပိုင်းမှာ ပြတ်ကျန်ခဲ့သည်။ ယခု သူတို့က ပထမတန်း ကလပ်အသင်းများတွင် ကစားနေကြလေသည်။

ထို့နောက် စကားလမ်းကြောင်းက ပြောင်းသွားသည်။
`မိုးကောင်းဘုရားပွဲကို မင်းသွားလိုက်စမ်းပါ´
`ဘာဖြစ်လို့လဲ´
လပြည့်ညကျရင် အဲဒီပွဲခင်းထဲက `ဆုံဆည်းရာ´ ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ တို့အထက်တန်း ကျောင်းတုန်းက သူငယ်ချင်းတွေ အားလုံးလိုလို ပြန်ဆုံကြမယ်တဲ့။ အဲဒီ လက်ဖက်ရည်ဆိုင်ကလည်း မူမူတို့ဖွင့်တဲ့ဆိုင်တဲ့။

သူတို့၏ အထက်တန်းကျောင်းသည် မိုးကောင်းဘုရားအနီးတွင် ဖြစ်၏။ မိုးကောင်းဘုရားမှာ ပွဲတော်လုပ်လျှင် ကျောင်းသားများ သိပ်ပျော်ကြ၏။ ကျောင်းချိန်အတွင်း ခိုးခိုးသွားကြရသော ပျော်စရာ ရင်ခုန်စရာဖြစ်၏။ ယခု မိုးကောင်းဘုရားပွဲ ကျင်းပနေပြီ ဖြစ်သည်။ သူ စဉ်းစားနေသည်။
`လူစုံလိမ့်မယ်ကွ၊၀င်းဝင်းနွယ်တို့လည်း.. ..´
ဌေးမြင့်သိန်း ဘာဆက်ပြောမှန်းပင် သူမသိလိုက်ချေ။ ပခုံးစွန်း ခါခနဲဖြစ်ပြီး နောက်သို့ယိုင်သွားသည်။ ကိုယ်ကို ထိန်းပြီး ပြန်ကြည့်လိုက်သောအခါ မူးယစ်ဆေးဝါး မှီဝဲထားပုံရသော ကုလားဒိန်တစ်ယောက်ကို တွေ့ရ၏။ ကုလားဒိန်က သူ့ကို မျက်လုံးမှေးစင်းကြည့်ပြီး..
`ဘာလဲ.. ..ဟေ့ကောင်´
သူက ဘာမှပြန်မပြော။
`ငါ မူးနေလို့ တိုက်မိတာကို မင်းက ဘာပြန်ကြည့်တာလဲ။ မင်း ဘာလုပ်ချင်လဲ ဟေ့ကောင်´

သူက ပြုံးပြီး ကွေ့ရှောင်သွားရန် ပြင်စဉ်မှာပဲ ဌေးမြင့်သိန်း၏ မျက်နှာက တင်းခနဲဖြစ်ပြီး ကုလားဒိန်၏ ကော်လာကို လှမ်းဆွဲ၏။
`ဟေ့ကောင် မင်း ဘာပြောတာလဲ´
`ဌေးမြင့်သိန်း လာစမ်းပါကွာ´
`ဟာ.. မဟုတ်ပါဘူးကွာ၊ ဒီကောင်က လူပါးဝလို့´
`ထားလိုက်ပါကွာ၊ လာစမ်းပါ´

ဌေးမြင့်သိန်းကို သူရအောင် ပြန်ခေါ်လာနိုင်ခဲ့၏။ ဌေးမြင့်သိန်းက ဒေါသဖြင့် မျက်နှာကြီးနီရဲကာ တစ်လမ်းလုံး တက်တခေါက်ခေါက် ဖြစ်နေ၏။ သူက ရယ်နေသောအခါ သူ့ပခုံးကို လက်သီးဖြင့် ဖွဖွလှမ်းထိုးလေသည်။
`မင်းကလည်း ဘယ်လိုကောင်မှန်းမသိဘူး´
`ဘာဖြစ်လို့လဲ´
`ဟုတ်ပါတယ်၊ ဘာမှမဖြစ်ပါဘူး၊ မင်းဘာမှ မဖြစ်နိုင်လွန်းလို့ကို ငါက ပြောတာပါ။ မင်း စိတ်မတိုဘူးလား´
`ငါစိတ်တိုတာ မင်းဘယ်တုန်းက မြင်ဖူးလို့လဲ´

ဌေးမြင့်သိန်းငြိမ်သွားသည်။ ပြီးမှ `အေး.. ..ဟုတ်တယ်´ဟု ပြော၏။ သူက အမှတ်မထင် ပြောလိုက်သည်။
`ငါက တန်ပြန်ယဉ်ကျေးမှုတွေကို မသုံးဘူးကွာ´
`ဘာလဲကွ၊ တန်ပြန် ယဉ်ကျေးမှုဆိုတာ´
`လူတွေက အဲဒီတန်ပြန်ယဉ်ကျေးမှုကို သိပ်သုံးကြတယ်ကွ´
ဌေးမြင့်သိန်းက သူ့မျက်နှာကို ငေးကြည့်နားထောင်နေသည်။ သူက ဆက်ပြောလိုက်၏။
``အင်မတန် ရိုးရှင်းမှားယွင်းတဲ့ ယဉ်ကျေးမှုပဲ။ ကိုယ့်အပေါ်ကောင်းတဲ့လူကို ပြန်ကောင်းတယ်။ ကိုယ့်အပေါ်ဆိုးတဲ့သူကို ပြန်ဆိုးတယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူက ဆိုးသွားရင် ကိုယ်ကလည်းလိုက်ဆိုးတယ်။ ကိုယ့်အပေါ်ဆိုးတဲ့သူက ကောင်းလာရင် ပြန်ကောင်းပေးမယ်။ တစ်ယောက်ကို တစ်ယောက်က ဆွဲငင်ထားတယ်။ ကိုယ့် အကျိုးစီးပွားနဲ့ ချိန်ထိုးပြီး ပြန်လှန် ဆက်ဆံကြတယ်။ အဲဒီလိုနဲ့ ခုပြုံး၊ ခုရယ်၊ ခုငို၊ခုပဲလက်ကမ်း၊ ခုပဲပုတ်ထုတ်၊ ကိုယ့်ကိုယ်ကို အရူးလုပ်၊ တစ်ယောက်ကို တစ်ယောက်အရူးလုပ်ရင်း စက်ဝိုင်းနက်ကြီးထဲမှာ လည်နေကြတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ စက်ဝိုင်းနက်ကြီးက စုပ်ဝဲတစ်ခုလို ဆွဲနှစ်သွားတယ်။ အားလုံးဟာ ပူလောင်ရုန်းကန်နေရတော့တယ်။ အဲဒါ ဒီလောကကြီးထဲက `လူ´ ဆိုတဲ့ သတ္တ၀ါတွေရဲ့ လက်ရှိဖြစ်နေတဲ့ `ဘ၀´ ပဲ´´
ဌေးမြင့်သိန်းက နှုတ်ခမ်းကိုက်ကာ ခေါင်းငုံ့ထား၏။ ပြီးမှ သူတစ်ကိုယ်တည်း ပြောသလိုနှင့်.. ..
`တန်ပြန်ယဉ်ကျေးမှု၊ အင်း.. ဟုတ်တယ်လေ။ အဲဒီ တန်ပြန်ယဉ်ကျေးမှုကိုပဲ သုံးနေရတာပဲ။ အဲဒါကို မင်း မသုံးရင် ဘယ်လိုလုပ်မလဲ´
`ကိုယ့်အပေါ် မကောင်းတဲ့သူကိုလည်း ပြန်ကောင်းရမယ်။ အဲဒါမှ စက်ဝိုင်းနက်ကြီးအဖြစ်ကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားလိမ့်မယ်´

သူ့စကားတွေ နားထောင်ရင်း ဌေးမြင့်သိန်း၏ မျက်နှာက တည်ကြည်နေသည်။ ပြောကြဆိုကြရင်း လမ်းခွဲရမည့်နေရာသို့ ရောက်လာ၏။ ထိုနောက်မှ ပြန်လှည့်ကာ..
`လပြည့်ညကျ မင်းသွားလိုက်ဦးနော်´
`မင်းကကော..´
`ငါ မအားဘူးကွ။ အဲဒါ မင်းကိုလာပြောတာ။ မင်းကတော့ သွားဖြစ်အောင် သွားလိုက်စမ်းပါကွာနော်´
သူ စဉ်းစားလိုက်သေး၏။ ထို့နောက်မှ ခေါင်းညိတ်ပြလိုက်သည်။

( ၃ )
ရေပန်းကို ဖွင့်လိုက်သည်။ ဖြာမှုန့်၍ ကျလာသော ရေစက်ကလေးများကို နံဘေးမှ ကြည့်နေရင်း ရေ၏ အေးမြသောရနံ့ကို ရှူရှိုက်မိ၏။ ထို့နောက် ရေပန်းအောက်တွင် ၀င်ရပ်ကာ စိမ့်အေးသွားအောင် ရေချိုးနေလိုက်၏။
သူ့ရေချိုးမှုက မည်သူနှင့်မျှ မတူချေ။
ဦးကင်းမှ ခြေဖျားတိုင် ပွတ်ဆင်းကျလာသော ရေစက်များက သူ့ရုပ်ခန္ဓာတင်မကပဲ သူ၏ စိတ်ဝိညာဉ်ထဲကိုပါ စိမ့်ယိုဖောက်ဝင်ခဲကသည်ဟု သူခံယူသည်။ ရုပ်ကိုရော စိတ်ကိုပါ သူ ရေချိုးခြင်းဖြစ်သည်။ ဤချိုးရေဖြင့် ရုပ်နှင့်စိတ်တို့ အေးမြစင်ကြယ်ကာ အညစ်အကြေးဟူသမျှ လျှောကျလွင့်ပြယ်သွားပြီဟု သူနားလည်၏။ ရေချိုးသောအခါတိုင်း၌ သူသည် စိုပြည်ချမ်းမြေ့လျက် ရှိလေသည်။
ပွဲတော်သို့ သူထွက်ခဲ့၏။
သူရောက်သောအခါ မိုးကောင်းကင်မှ ကြယ်တာရာများပင် ၀င်းပစုံလင်စပြုပြီ ဖြစ်၏။ ပွဲတော်သည် ဖြူလက်နေသော လျှပ်စစ်မီးများ၊ ၀တ်ကောင်းစားလှနှင့် ပွဲလာကြသူများ၊ တခြိမ်းခြိမ်း ထွက်ပေါ်နေသော ဆိုင်းသံဗုံသံများ၊ ကြိုးချည်ထားသော မိုးပျံပူဖေါင်းများ၊ ဟန်ကျပန်ကျ ထွက်ပေါ်နေသည့် ရယ်မောသံများ၊ မီးတောက်ကို ဘယ်ပြန်ညာပြန် ခုန်အုပ်နေသည့် မုန့်လေပွေများ၊ အလှူခံနေသည့် စကားပြောခွက်သံများ စသည်တို့နှင့် စည်ပင်နေသည်။

လူအုပ်ကြားထဲမှာ သူ မျောပါသွားသည်။ လူတွေကို သူလိုက်ကြည့်မိ၏။ လူတွေအားလုံး မျက်နှာဖုံးတွေ စွပ်ထားကြ၏။ စက္ကူ၊ ရာဘာ စသည်တို့နှင့် ပြုလုပ်ထားသော အရုပ်မျက်နှာဖုံးများမဟုတ်။ သူတို့၏ စိတ်က သူတို့၏ မျက်နှာပေါ်မှာ ဖြန့်ကြက်ခြုံ အုပ်ထားသည့် သောက မာန စသော အရိပ်မျက်နှာဖုံးများ ဖြစ်ကြသည်။

အချို့မျက်နှာဖုံးများက အသားကျလျက် ချပ်ချပ်ရပ်ရပ်ဖြစ်နေပြီ။ အချို့မျက်နှာဖုံးများကတော့ အသားမကျသေးပဲ ဘတ်လတ်ဘတ်လတ် ဖြစ်နေသည်။ ချိုလွင်လွတ်လပ်သော ရယ်မောသံများကြားမှာ ကျွတ်ထွက်လာသည့် အချို့မျက်နှာဖုံးများကလည်း လေထဲမှာ ပေါလောမျောနေကြ၏။ ပွဲတော်မှ အပြန်တွင်တော့ သူတို့၏ ပိုင်ရှင်များထံ ပြန်လည် လိုက်ပါသွားကြမည် ဖြစ်သည်။

ဆည်းလည်းသံ တိုးဖွဖွ ကြားမိ၍ စေတီတော်၏ရင်ပြင်ပေါ် သူတစ်လှမ်းချင်းတက်ခဲ့သည်။ ဘုရားရိပ် တရားရိပ်သည် အေးသီတိတ်ဆိတ်လျက်။ ဘုရားအာရုံပြုသော လူအချို့မှာ မျက်နှာတစ်ဝက်၊ မျက်နှာဖုံးတစ်ဝက်ဖြစ်နေသည်။ အချို့မျက်နှာဖုံးများကတော့ မျက်နှာပေါ်မှာ ကော့လိမ်တွန့်လိပ်နေသည်။ အချို့လူများသာ ပကတိမျက်နှာဖြင့် မျက်လွှာချထားကြသည်။ စေတီကို တစ်ပတ်ပတ်ပြီး သူ ပြန်ဆင်းလာခဲ့သည်။

သတ်မှတ်ထားသော လက်ဖက်ရည်ဆိုင်ကို အခက်အခဲမရှိ ရှာတွေ့လိုက်၏။ မီးဆိုင်းများ ချိတ်ဆွဲထားသည်။ `ဆုံဆည်းရာ´ အမည်ရှိ ဆိုင်းဘုတ်အောက်မှာ `မူမူ´ ကို ကြော့ကြော့မော့မော့ မြင်လိုက်မိ၍လည်း ဖြစ်သည်။
`ဟာ.. .ချမ်းငြိမ်းဟေ့´
လက်ဖက်ရည်ဆိုင်ထဲမှာ သူငယ်ချင်းများ အတော်စုံလင်နေ၏။ ဟိုဝိုင်းသည်ဝိုင်းမှ သူ့ကိုလှမ်းခေါ်ကြ၏။ သူလည်းအားလုံးကို ပြုံးပြုံးရယ်ရယ်ဖြင့် ပြန်နှုတ်ဆက်ဖြစ်သည်။ အချို့သော သူငယ်ချင်းများကိုမူ သူမသိ။ (တစ်ကျောင်းတည်း နေခဲ့သူများဖြစ်ကြောင်းကို မှတ်မိသည်။) မူမူက သူ့နံဘေးမှ ၀င်ထိုင်ကာ စကားတွေဖောင်နေအောင် ပြောသည်။ မူမူ့စကားအဆုံးမှာ အားလုံးကို မျက်လုံးဝှေ့ကြည့်ပြီးမှ သူက တစ်ခွန်းမေးလိုက်၏။
`ကျော်အောင်နဲ့တွေ့သေးလား၊ ဖိတ်ဖြစ်လား၊ သူ ဒီကို လာမလား´
မူမူက သွားတက်ကလေးပေါ်အောင် ရယ်၏။
`မတွေ့ဘူး၊ မဖိတ်ဖြစ်ဘူး၊ သူဒီမှာလည်း မရှိဘူး´
`ဘယ်မှာလဲ´
`ထိုင်ဝမ်မှာ´
`သြော်..´
မူမူက ပြန်မေးသည်။
`ချမ်းငြိမ်းနဲ့ ၀င်းဝင်းနွယ်နဲ့ တစ်ခါတွေ့သေးတယ်ဆို..´
`သြော်.. ..အင်း..ဟုတ်တယ်´
`နောက်ထပ်ကော တွေ့ဖြစ်သေးလား´
`ဟင့်အင်း..´
သူ သီဟကို သတိရလာသည်။
`သီဟ မရောက်သေးဘူးလား´
`ဟင့်အင်း.. ဟိုထောင့်မှာ သူ့အုပ်စုတော့ ရောက်နေပြီ၊ သူမပါဘူး။´
အောင်ခိုင်တို့၊ မောင်မောင်သန်းတို့ကို ဆိုလိုခြင်းဖြစ်သည်။ ခုနကပင် သူနှင့် နှုတ်ဆက်လိုက်ကြပြီးဖြစ်၏။
`သီဟက လာကောလာမှာလား´
`ဖိတ်တော့ ဖိတ်ထားတာပဲဟာ။ လာç မလာ အသေအချာ ငါမသိဘူး။ ဟိုအကောင်တွေမှ သိမှာပဲ။ သီဟက ပြောင်းလဲနေပြီ။´
ထို့နောက် သူက သူငယ်ချင်းများကို တစ်ဝိုင်းပြီး တစ်ဝိုင်းလိုက်နှုတ်ဆက်၏။ အောင်ခိုင်တို့ ၀ိုင်းရောက်သောအခါ သူ မေးဖြစ်သည်။
`သီဟ မပါဘူးလား´
သူ့အမေးကို မဖြေသေးပဲ သူတို့ချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြ၏။ ထို့နောက် အောင်ခိုင်က ခနဲ့သံ တစ်ချက်ကို `ဟင့်´ ခနဲပေးပြီးပြောသည်။
`ဒီကောင်က ဘ၀မေ့သွားပြီကွာ´
`ဘာဖြစ်လို့လဲ´
`သြော်.. နိုင်ငံကျော် ဘောလုံးသမားကြီးလည်းဖြစ်၊ တခြားနိုင်ငံတွေကလည်း သူတို့ဆီမှာ လာကန်ဖို့ ကြေးကြီးပေးပြီး အတန်တန် ဖိတ်ခေါ်နဲ့ ဆိုတော့ ဒီကောင် ဘ၀မေ့သွားပြီကွ။ ငါတို့ကို မြင်ရင်တောင် မှတ်မိပါ့မလားမသိဘူး။´

ပြောပြီး ၀ါးခနဲ ရယ်ကြသည်။ `ချမ်းငြိမ်းကိုတော့ မှတ်မိမှာပါကွာ၊ မင်းကလည်း´ ဟု မောင်မောင်သန်းက ၀င်ပြော၏။
`အေး.. ဟုတ်တယ်၊ မင်းကိုတော့ သူ မမေ့ဘူး ချမ်းငြိမ်းရေ။ ငါတို့ကတော့ ဒီကောင်နဲ့ ပါတ်သက်ပြီး အများကြီးခံစားခဲ့ရတယ်။ အခုတော့ သဘောပေါက်သွားပြီ။ ဒီကောင်နဲ့ ငါတို့ မပါတ်သက်တော့ဘူး ချမ်းငြိမ်းရ။ ငါတို့ ဒိုင်ယာရီထဲမှာ ဒီကောင့်အတွက် စာမျက်နှာ မရှိတော့ဘူး။´

သူထိုဝိုင်းမှ ထသောအခါ စိန်ထွားက ဆွဲခေါ်သွားပါသည်။ စိန်ထွားက အထက်တန်းကျောင်းမှ သူနှင့် အခန်းမတူခဲ့သော သူငယ်ချင်းဖြစ်၏။ တက္ကသိုလ်ပညာ မပြီးဆုံးလိုက်ပဲ ယခု ကုန်သည်တစ်ယောက်ဖြစ်နေသည်။ ထွေရာလေးပါး ပြောနေကြရင်း စိန်ထွားက..
`သီဟ အခုထက်ထိ မရောက်သေးဘူးနော်။ ငါက မင်းတို့သုံးယောက်ကို တွေ့ချင်လို့ ရောက်အောင်လာတာ။ ၀င်းဝင်းနွယ်ကတော့ လာမှာပါ´
`သီဟက လာချင်မှလာမှာတဲ့´
`မဟုတ်ဘူး ရောက်နေပြီ။ ဒီကို မ၀င်သေးတာ၊ ဟိုဘက်ဈေးဆိုင်တန်းမှာ ငါနဲ့ လက်လှမ်းပြခဲ့ပြီးပြီ။ ဘာလုပ်နေလို့ ဒီကို မရောက်သေးတာလဲ မသိဘူး´
`သြော်..´
ခဏကြာတော့ မူမူ့ကို ခွင့်တောင်းကာ ပွဲခင်းထဲ သူ လမ်းလျှောက်ထွက်ခဲ့၏။ ပြန်လာခဲ့မယ်ဟု ကတိပေးခဲ့ရသေးသည်။ ပြန်မလာရင် ပန်းချီကားတစ်ချပ် လက်ဆောင်ပေးရမယ်ဟု မူမူက ကြိမ်းဝါး၏။ သူရယ်ရင်း ထွက်လာခဲ့သည်။

ဟိုဟိုသည်သည် လျှောက်သွားနေရင်းက သူ့ပခုံးပေါ် လက်တစ်ဖက်ကျလာသည်။
`ချမ်းငြိမ်း´
လှည့်ကြည့်တော့ သီဟကို တွေ့ရသည်။
`မင်း ၀င်သွားကတည်းက ငါတွေ့တယ်၊ ငါ ခေါ်မလို့ပဲ။ အလှမ်းသိပ်ဝေးနေလို့´
`မင်းက လက်ဖက်ရည်ဆိုင်ကို ဘာကြောင့်လိုက်မလာတာလဲ။ မသွားဘူးလား´
သီဟက ခပ်မှုန်မှုန်ပြုံးသည်။
`လာကွာ.. တစ်ဆိုင်ဆိုင်မှာ ထိုင်ရအောင်´
သီဟက သူ့လက်ကို တင်းတင်းဆုပ်လျက် ကြံရည်ဆိုင်တစ်ဆိုင်ထဲသို့ ခေါ်သွား၏။ `ငါ မင်းကို အေးအေးဆေးဆေး စကားပြောချင်နေတာကြာပြီ။ မင်းကတော့ ငါ့ကို နားလည်မှာပါ´ ဟုလည်း ပြောသေး၏။
သို့သော် အတန်ကြာသည်အထိ မည်သည့်စကားမှ မပြောသေးချေ။ သီဟ စကားပြောဖို့ အားယူနေပုံမှာ ဓားအိမ်ထဲမှ ဖြည်းညင်းစွာ ထွက်လာသည့် ဓားတစ်လက်နှင့် တူလှသည်။

ပွဲတော်ညက လင်းပြာလှပနေဆဲ ဖြစ်၏။ တစ်ဖက် မိုးကောင်းကင်သို့ မျှော်ကြည့်လိုက်သောအခါ လရောင်အောက်မှ တိမ်ခိုးတွေ မျောလွင့်နေတာကို တွေ့ရ၏။ ပွဲတော်၏ ခေါင်မိုးမှာ နှင်းငွေ့နှင့် မီးခိုးငွေ့တွေ လူးလိမ့်နေသည်။
`ငါက ငယ်ငယ်ကတည်းက ဓားတွေကို သိပ်သဘောကျတယ်။ ဓားတစ်လက်ရဲ့ ဂုဏ်သိက္ခာကိုလည်း လေးစားတယ်´
ပြောပြီး ဂျာကင်အိတ်ထဲမှ ဓားလှလှလေးတစ်လက်ကို ထုတ်ပြ၏။ (ဤပွဲဈေးတန်းမှပင် ၀ယ်လိုက်ဟန် တူသည်) ပြီး.. အိတ်ထဲပြန်ထည့်သည်။

`ငါ့ကိုယ်ငါလည်း ဓားတစ်လက်လို ထက်မြက်အောင် သွေးခဲ့တယ်။ ငါ့ဘ၀မှာ ကြိုးစားခဲ့ရတာတွေ အများကြီးပဲ။ စောင့်စည်းထိန်းသိမ်းခဲ့ရတာတွေလည်း အများကြီးပဲ။ ငါကြိုးစားခဲ့တာတွေဟာ အဆင့်တစ်ခုတိုင်အောင် အောင်မြင်ခဲ့ပါပြီ။ ငါ ဘောလုံးသမား တစ်ယောက်အဖြစ် အောင်မြင်နေတာကို မင်းကြားမယ်နော်။ ငါ.. ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတာကိုတော့ မင်းသိချင်မှသိမယ်။ ငါက ရည်ရွယ်ချက် သိပ်ကြီးခဲ့တယ် သူငယ်ချင်း။ ဘောလုံးလေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်ခဲ့ရတယ်။ ဆရာကောင်းတွေဆီ ချဉ်းကပ်ရတယ်။ စာအုပ်တွေ အများကြီးဖတ်ရတယ်။ ဆိုက်ကိုကျင့်စဉ်တွေ၊ ယောဂီကျင့်စဉ်တွေ အလေးအနက် လေ့ကျင့်ရတယ်။ အစစ အရာရာ သတိထားပြီး အဲဒီလို ကြိုးစားခဲ့လို့ ဒီလောက်အထိဖြစ်လာတာပါပဲ။ ဒါပေမဲ့ ဒီကြားထဲမှာ ငါ မထင်တာတွေလည်း ဖြစ်လာခဲ့တယ် သူငယ်ချင်းရေ..´

`အစကတော့ ကိုယ်နဲ့ ၀ါသနာတူ သူငယ်ချင်းတွေနဲ့ တွဲပြီး အားကစားလောကထဲကို ရင်ပေါင်တန်း ၀င်ခဲ့တာပဲ။ ငါ့လောက် ကြိုးစားမှုမရှိတော့ သူတို့က တဖြည်းဖြည်း ပြတ်ကျန်ခဲ့တယ်။ လူတွေက သူတို့ထက် ငါ့ကို ပိုသိ၊ ပိုတန်ဖိုးထားပြီး ဆက်ဆံလာကြတယ်။ ငါက ကြိုးစားမှုကို တစ်ထစ်မှ လျှော့မပေးရဲပဲ ဆက်တိုးဝင်ရင်း မြင့်သည်ထက် မြင့်သွားတယ်။ သူတို့တွေက ကျန်ရစ်ခဲ့ကြတယ်။ အဲဒီအခါ မမျှော်လင့်ပဲ သူတို့က ငါ့ကို ၀ိုင်းပယ်လိုက်ကြတယ်။´

`ငါ့အကြောင်း မကောင်းသတင်းတွေလည်း လျှောက်ပြောကြတယ်။ ငါ့ကိုလည်း သူတို့က ညွှန်ပြ သင်ကြားပေးခဲ့လို့ အဲဒီ အဆင့်အထိ ဖြစ်လာသယောင်လည်း လျှောက်ပြောကြတယ်။ တခြားလူတွေက သူတို့ရှေ့မှာ ငါ့ကို ချီးကျူးမိလေလေ သူတို့က ငါ့ကို ရန်သူအဖြစ် မနာလို စိတ်ကြီးစွာနဲ့ သတ်မှတ်လာလေလေ ဖြစ်နေတယ်။ ငါလည်း သူတို့ အပေါ်မှာ ဘာတစ်ခုမှ မဟုတ်တာ မလုပ်ခဲ့ဘူး။ သူများကို မကောင်းကြံဖို့လည်း ငါ့မှာ အချိန်မရှိဘူး။ အဲဒိလို အောက်တန်းကျတဲ့ လူတစ်ယောက်အဖြစ်လည်း ငါ့ကိုယ်ငါ ဘယ်တော့မှ တွန်းမပို့ဘူး။ ဒါပေမဲ့ ငါ အထီးကျန်ဖြစ်သွားတာကို ငါ အံ့သြတယ်။´

`ဘောလုံးကို ဗဟိုပြုပြီး သူတို့နဲ့ ငါ တွဲခဲ့စဉ်တုန်းမှာ သူတို့ဟာ ငါ့ရဲ့ သေဖေါ်ရှင်ဖက် အပေါင်းအသင်းတွေ လို့ပဲ ငါထင်ခဲ့တယ်။ သူတို့ကိုလည်း ငါသိပ်ခင်ခဲ့တယ်။ အခု..ဒီလူအုပ်ထဲက ဖောက်ပြီး ငါတစ်ယောက်တည်း အောင်မြင်သွားတဲ့ အချိန်မှာ သူတို့က ငါ့ကို ဘာအကြောင်းမှ မရှိပဲ ညီညီညွတ်ညွတ် ၀ိုင်းပယ်လိုက်ကြတယ်။ ငါ့မှာ အဖေါ်မရှိတော့ဘူး။ အောင်မြင်ကျော်ကြားတဲ့ အားကစားသမား တစ်ယောက်အနေနဲ့ အခု ငါ့ဘေးမှာ အခြွေအရံတွေ အများကြီးပါ။ ဒါပေမဲ့ လူတွေဟာလည်း ငါ့မှာ အောင်မြင်ကျော်ကြားမှုတွေ မရှိတော့တာနဲ့ တပြိုင်နက် ငါ့ဘေးက ပြန်ထွက်ခွာသွားကြမဲ့ လူတွေဆိုတာ ငါသိတယ်။ သေချာတာက တစ်ချက်ပဲရှိတယ်။ ငါ အင်မတန်မြတ်နိုးတဲ့ သရဖူကို ရလိုက်တဲ့ အချိန်မှာပဲ ငါဟာ တစ်ယောက်တည်း အထီးကျန်ဖြစ်သွားတယ်ဆိုတာပဲ။ လောကက နာကြည်းစရာ ကောင်းလှတယ် သူငယ်ချင်းရာ´

ဆွေးမြည့်နာကျင်သော လေသံဖြင့် ရှည်လျားစွာ ပြောသွား၏။ ထို့နောက် ကိုယ်ကို ဆန့်လိုက်ရင်း..
`ဒါပေမဲ့ ရပါတယ်လေ၊ ငါ့နာမည် သီဟပဲ။ သီဟဆိုတာ ခြင်္သေ့၊ တစ်ကောင်တည်းနေတဲ့ အမျိုး။ ကောက်ကျစ်တဲ့ မြေခွေးတွေလို အုပ်ဖွဲ့ထားစရာ မလိုဘူး။´ ဟု ထပ်ပြော၏။ မျက်လုံးတို့ အရောင်ဝင်းလာကာ ကိုယ်ဟန်အနေအထားမှာလည်း (ရန်သူကို တိုက်ခိုက်ရန်) လိပ်ထားရာမှ ဖြေဆင်းချလာသော ကြာပွတ်တစ်ချောင်းနှင့် တူလာပြန်သည်။

သူက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း သီဟကို စကားပြောမည် ပြုလိုက်၏။ ထိုစဉ်မှာပင်..
`ကိုသီဟ´
ဆိုင်ထဲသို့ လူအချို့ ၀င်လာသည်။ သီဟ၏ အာကစားပရိတ်သတ်များ ဖြစ်၏။ ပွဲတော်သို့ လာရင်း သီဟကို တွေ့၍ ၀မ်းသာအားရ ၀င်နှုတ်ဆက်ကြခြင်း ဖြစ်သည်။ ထို့နောက် လူတစ်ယောက်နှင့် တွေ့ပေးရန်ဟု ဆိုကာ သီဟကို အတင်းဆွဲခေါ်ကြ၏။
`လိုက်သွား သီဟ၊ လိုက်သွားလိုက်ပါ။ ငါတို့က နောက်မှပဲ အေးအေးဆေးဆေး ထပ်တွေ့ကြသေးတာပေါ့။´

သီဟ ထိုလူအုပ်နှင့် ကန့်လန့်ကန့်လန့် ပါသွားလေသည်။
`ဆုံဆည်းရာ´ လက်ဖက်ရည်ဆိုင်သို့ သူတစ်ခေါက်ပြန်ရောက်သည်။ `၀င်းဝင်းနွယ်တို့ အခုပင် ဈေးတန်းထဲ ၀င်သွားကြသည်´ ဟု မူမူက ဆီးပြောသည်။ လက်ဖက်ရည်ဆိုင်မှာ အတော်ကြာကြာ စကားထိုင်ပြောပြီးနောက် ပွဲဈေးခင်းထဲသို့ သူ တစ်ခေါက် ထပ်လျှောက်လာခဲ့သည်။

ဇာတ်ရုံ၊ ရုပ်ရှင်ရုံများကို သူ ပိုစတာ လျှောက်ကြည့်နေလိုက်သည်။ ဆပ်ကပ်ရုံတစ်ရုံရှေ့ အရောက်မှာ ဘာရယ်မဟုတ်ပဲ လက်မှတ်ဝယ်ကာ သူ အထဲဝင်ခဲ့သည်။ ဇာတ်ခုံပေါ်မှာ ဂျော်ကီတစ်ယောက်က မြင်းလိမ္မာနှင့် ကစားပြနေလေသည်။

ထို့နောက် မျောက်လိမ္မာ၊ မြွေလိမ္မာ၊ ဆင်လိမ္မာတို့လည်း တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြသည်။ မျက်လှည့်ဝိဇ္ဇာ၊ စက်ဘီးဝိဇ္ဇာ စသူတို့ကလည်း အမျိုးမျိုးအဖုံဖုံ ပညာစွမ်းပြ၏။ ပရိသတ်၏ လက်ခုပ်သြဘာသံ များကလည်း စည်ညံနေ၏။ ထိုကြားထဲမှပင် မှောင်ဖျော့သော အလင်းရောင်အောက်ဝယ် သီဟကို သူတွေ့လိုက်ရခြင်း ဖြစ်လေသည်။

သီဟသည် သူနှင့် မနီးမဝေး ထိုင်ခုံတစ်လုံးတွင် ထိုင်နေ၏။ သီဟနှင့်သူ မည်သူက အရင်ရောက်ခဲ့သည်ကို သူမသိချေ။ သီဟကလည်း တစ်ယောက်တည်း ဖြစ်၏။ (စိတ်ညစ်ညစ်နှင့် ၀င်ကြည့်ပုံရသည်။) သီဟက သူ့ကို မြင်ပုံမရ။ ဇာတ်ခုံပေါ်မှ ပဉ္စလက်ပြကွက်များကို မျက်မှောင်ကြုတ်ကာ ကြည့်နေ၏။

ထို့နောက် `သည်းထိတ်ရင်ဖို ပြကွက်ကို ရှုစားရပါတော့မယ်´ ဆိုသော ကြေညာသံနှင့်အတူ ကန့်လန့်ကာ ချ၏။ ပရိသတ်တွေ လက်ခုပ်တဝေါဝေါ တီးကြ၏။ ကန့်လန့်ကာ ပြန်ဖွင့်၏။ လက်ခုပ်သံက ပို၍ညံသွားသည်။

ဆုံလည်စက်ဝိုင်းကြီးတစ်ခုတွင် မိန်းမတစ်ဦးကို ကြိုးဖြင့် ကပ်ချည်ထား၏။ ထိုမိန်းမ၏ ပတ်ပတ်လည်တွင် အမှတ်လက္ခဏာများကို နေရာတကျ ရေးထား၏။ သူ့ရှေ့ ခပ်လှမ်းလှမ်းမှာ ပေါက်ဓားများကို လွယ်ထားသော လူတစ်ယောက် ပရိသတ်ကို ဦးညွတ် အရိုအသေ ပြုနေ၏။ အသက်နှင့် ရင်းရသော ဓားပြကွက်ကို ပြတော့မည်ဖြစ်၍ ပရိသတ်က လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။ သူ့နံဘေးမှ ပရိသတ်များက အသက်ရှုမြန်ရင်း ပြူးကြောင်စွာ ကြည့်နေကြသည်။ မီးရောင်အောက်မှ ဓားရောင်က လင်းခနဲ ပျံထွက်သွား၏။ ပရိသတ်တစ်ဦးက `ဟာ´ ဟု အော်လိုက်ချိန်မှာပဲ ပေါက်ဓားက အမျိုးသမီး၏ ဦးခေါင်းအထက်မှာ ကပ်လျက် စိုက်ဝင်နေပြီဖြစ်၏။ လက်ခုပ်သံများ ဟိန်းညံသွားသည်။

ထို့နောက်မှာတော့ ဓားရောင်က တ၀င်းဝင်းပျံသန်းနေတော့၏။ လည်ပတ်နေသော စက်ဝိုင်းကြီး၏ အလယ်ဗဟိုမှာတော့ အမျိုးသမီးက နှုတ်ခမ်းကလေး တွန့်ကွေးကာ ပြုံးမြဲပြုံးလျက်။ သူမ၏ နံဘေးကပ်လျက်ကတော့ ခန္ဓာကိုယ်ကောက်ကြောင်းအတိုင်း ဓားတွေ တစ်လက်ပြီးတစ်လက် စိုက်ဝင်နေသည်။ (ထိုအမျိုးသမီး၏ အပြုံးက အောင်ခိုင်တို့၊ မောင်မောင်သန်းတို့ မျက်နှာပေါ်မှ အပြုံးနှင့် အတူတူပဲဖြစ်၏။)
`--------------------´
သီဟ၏ မျက်လုံးများမှာ အရောင်တဖျတ်ဖျတ်လက် နေသည်။ သီဟ၏ မျက်နှာသည် သိမ်မွေ့စွာ မာကြောနေ၏။ သီဟကို လှမ်းကြည့်မိရင်း သူ့ရင်ထဲမှာ အလိုအလျောက် နားလည်လိုက်၏။ ပစ်မှတ်ဗဟိုကို အခါခါ လွဲချော်နေသော `ဓား´ အတွက် သီဟ ရှက်နေခြင်းဖြစ်၏။ တစ်ဆက်တည်းမှာ ထပ်၍နားလည်လိုက်သည်က ဓားတစ်လက်၏ ဂုဏ်သိက္ခာကို သီဟ တစ်စုံတစ်ရာနှင့် ကာကွယ်တော့မည်။
`------------------------------
`------------------------------
သီဟ၏ မျက်လုံးတို့က ပစ်မှတ်ဗဟိုမှ အမျိုးသမီးကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ ထို့နောက် နှုတ်ခမ်းများကို လျှာဖြင့်သိမ်းလျက်ကာ လက်က ဂျာကင်အိတ်ထဲသို့ ရောက်သွားသည်။
`-----------------------------´
သူ ထိုင်ရာမှ ထလိုက်၏။ မှောင်ဝါးဝါး အလင်းထဲမှာပင် သီဟရှိရာသို့ သူလျှောက်ခဲ့သည်။ သီဟအနီးသို့ ရောက်လုရောက်ခင်မှာပင် သီဟလက်ထဲမှ ထက်မြက်သော ဓားသွားကို သူမြင်လိုက်ရ၏။
`သီဟ...´
ကြားဟန်မတူ၊ မျက်လုံးများက သံမဏိလို တင်းမာလျက် လက်ကို မြှောက်တင်လိုက်သည်။ ထိုအခိုက်မှာပင် ရုံထဲမှာ လျှပ်စစ်မီးပြတ်တောက်သွားသည်။ မှောင်မည်းသွားသည်။

သို့သော် ချက်ချင်းဆိုသလိုပင် မီးပြန်လင်းလာ၏။ ပစ်မှတ်ပေါ်မှ အမျိုးသမီးမှာ ပြုံးလျက်၊ ဓားများက သူ့အပါးမှာ တဒေါက်ဒေါက်စိုက်လျက်၊ ဓားသမားက ဦးညွတ်နှုတ်ဆက်လိုက်တိုင်းမှာ ပရိသတ်က လက်ခုပ်တီး သြဘာပေးလျက်။
(---------------------------------------------------)

ညဉ့်လေက အေးအေးလွင်လွင် ဖြတ်စီးနေသည်။
သန့်စင်သော ရနံ့တစ်မျိုးကို ရှုရှိုက်လိုက်ရသလို ရှိ၏။ မည်သို့ပင်ဖြစ်စေ နှစ်ယောက်လုံး စိမ့်အေးသွားသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယခုအခါ သူနှင့် သီဟတို့သည် ပွဲတော်၏ လူသူရှင်းသော တစ်နေရာကို ရောက်နေကြပြီဖြစ်သည်။

စုံညီနေပြီဖြစ်သော မိုးပေါ်မှ ကြယ်တာရာများကို တစ်ချက်မော့ကြည့်ကာ သီဟကို သူစကားဆိုဖြစ်၏။
`လောကမှာ လူပြိန်းတွေပဲများတယ် သီဟရဲ့။ အဲဒီစကားရှင်းပါတယ်။ မင်းလက်ခံတယ်မို့လား´
သီဟက ခေါင်းညိတ်ပြသည်။
`လောကနီတိတောင် ညွန်းတယ်မို့လား၊ ရဲရင့်သူကို သင်းခွဲပြီး အနိုင်ယူရမယ်တဲ့။ မင်းရဲ့အဖေါ်တွေဟာ သူတို့ထက် အများကြီးသာနေတဲ့ မင်းကို မနာလိုဖြစ်တဲ့အခါ ဒီနည်းကို သုံးလိုက်ကြတာပဲ´

သီဟ၏ မျက်နှာပေါ်မှာ အရိပ်အမျိုးမျိုးဖြတ်ပြေးနေသည်။ မျက်လုံးအစုံကလည်း မျှော်လင့်ချက်ဖြင့် အရောင်ဖြာလက်လာသည်။
`ဒါပေမဲ့ ဒီအပေါ်မှာ မင်း လွန်လွန်ကဲကဲ ခံစားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူ့သဘာဝမို့လို့ပဲ။ မင်းနေရာမှာ တခြားလူဆိုရင်လည်း မင်းလို အလုပ်ခံရမှာပဲ။ သူတို့နေရာမှာ တခြားသူတွေဆိုရင် သူတို့လုပ်သလို လုပ်ကြမှာပဲ။ မင်းမှ.. သူတို့မှရယ် မဟုတ်ပါဘူး။ အုပ်စုတစ်ခုထဲမှာ တစ်ယောက်က ကျန်သူ အားလုံးထက် မြင့်မားသာလွန်နေရင် ကျန်တဲ့သူတွေက သူ့ကို မနာလိုဖြစ်ပြီး စော်ကားတိုက်ခိုက်လာမှာပဲ။ လူ့လောကနဲ့ လူတွေဆိုတာ ဒီလိုပါပဲ သူငယ်ချင်းရယ်။ ပုထုဇဉ် လက်မှတ်ရထားတဲ့ သဘာဝကျကျ အရူးတွေဆီမှာ ဒီအတိုင်းဖြစ်နေမှာပဲ´

`လူ့သဘာဝတွေကို မင်းနားလည်မှုထားပေးလိုက်ပါ။ လူတွေမှာ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်ရင်လည်း ဖြစ်လာမယ်၊ ဖြစ်ချင်မှလည်း ဖြစ်လာလိမ့်မယ်။ လူ့သဘာဝဆိုတဲ့ ၀င်္ကပါထဲမှာ သူတို့ လှည့်လည်နေတာပဲ။ ကိုယ့်ကိုယ်ကိုမို့လို့ ထောက်ခံနေတာလည်း မဟုတ်ဘူး။ ဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ သူတို့ လမ်းကြောင်း အတိုင်းသူတို့ လျှောက်နေရင်း ကိုယ့်ကို ခလုတ်တိုက်နေကြတာပါ။ အဲဒီသဘာဝကို နားလည်ထားမယ်ဆိုရင် လောကဟာ မင်းအတွက် တစ်ဝက်ပေါ့ပါးသွားပါလိမ့်မယ်´

`တကယ်တော့ ဒီလောကဟာ တို့ အခုဝင်ကြည့်ခဲ့တဲ့ ဆပ်ကပ်ကလေးထက် အများကြီးပွေလီတဲ့ ဆပ်ကပ်ကြီးပဲ။ ဆပ်ကပ်ပညသည်တွေ၊ ဆပ်ကပ်ကို သဘောကျလို့ လက်ဖ၀ါးချင်း ပါးရိုက်ပြီး သြဘာပေးတတ်သူတွေဟာ တို့ပါတ်ဝန်းကျင်မှာ ရေမရလောက်အောင် များလှပါတယ်။ လေ့လာသူတစ်ယောက်လို ကြည့်နေပါ သူငယ်ချင်း။ အဲဒီထဲမှာ ပါဝင်မခံစားပါနဲ့။ လောကမှာ သားရဲဘုရင်ဆိုတဲ့ ခြင်္သေ့တွေက မြက်မစားသလို လှည့်ဖြားကောက်ကျစ်တတ်တဲ့ မြေခွေးကလည်း မြက်မစားဘူး။ အဲဒါကိုတော့ အထူးသတိထားပါကွာ။ ကဲ.. ငါတို့ သွားကြရအောင်´

နှစ်ဦးသား ပွဲတော်၏လမ်းများအတိုင်း လျှောက်လာခဲ့ကြ၏။ မည်သူကမှ စကားဆက်မဆိုဖြစ်ပဲ တိတ်ဆိတ်စွာပင် ရှိပါသည်။ မူမူတို့ လက်ဖက်ရည်ဆိုင်အနီးသို့ ရောက်သောအခါ သူက..
`ငါ ပြန်တော့မယ် သီဟ၊ ငါမလိုက်တော့ဘူး´
သီဟက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း..
`သူငယ်ချင်း..´
ဘာမှ ဆက်မပြောနိုင်ပဲ အçနေသေး၏။ ပြီးမှ...
`ငါ့ဘ၀မှာတော့ မင်းကို ဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘူး။ မင်းကို ကျေးဇူးတင်တယ်လို့ ငါမပြောရက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဆင့်ထက် အများကြီးမြင့်ပြီး မင်း ငါ့အပေါ် ကောင်းခဲ့၊ အကျိုးပြုခဲ့လို့ပဲ။ ငါမင်းနဲ့ နောက်တစ်ခါ အေးအေးဆေးဆေး တွေ့ချင်ပါသေးတယ်။ နေဦး.. မင်း..ဒီမှာ ခဏနေဦးကွာ။ ခဏလေး..´

ပြောပြီး သီဟ လှစ်ခနဲ ပြေးထွက်သွားသည်။ သူ တစ်ယောက်တည်း ဂျာကင်အိတ်ထဲ လက်နှိုက်ပြီး အေးမြသောလေကို ရှုသွင်းနေလိုက်သည်။ ဆိုင်းသံ၊ ဗုံသံ၊ ကြေးနောင်သံများက လေစီးကြောင်းထဲမှာ ငြိမ့်ညောင်းလှပစွာ မျောရွေ့နေသည်။ သူ့တစ်ကိုယ်လုံးကို လျှော့ချထားလိုက်မိ၏။ သူ လန်းဆန်းလျက် ရှိနေလေသည်။
သူ့နောက်မှ ခြေသံကြားလိုက်ရ၏။
`ချမ်းငြိမ်း´
လှည့်ကြည့်လိုက်သောအခါ လှပသော မျက်လုံးဝိုင်းကလေးများကို တွေ့ရလေသည်။
`သြော်.. ၀င်းဝင်းနွယ်´
တစ်ယောက်ကိုတစ်ယောက် အကြာကြီးစိုက်ကြည့်နေပြီးမှ ပြိုင်တူ ရယ်လိုက်မိကြ၏။
ဝင်းဝင်းနွယ်က သူ့ကိုပြောသည်။
`ငါက ဒီညတော့ နင်နဲ့ မဆုံဖြစ်တော့ဘူး အောက်မေ့နေတာ။ အခုမှ သီဟက နင့်ကို ချမ်းငြိမ်းစောင့်နေတယ်၊ သွားလိုက်ဦး..ဆိုလို့´
`သူက တခြား ဘာပြောသွားသေးလဲ´
`နင့်ကို ဒီဓားပေးလိုက်တယ်´

သီဟ၏ ဓားကလေးကို ၀င်းဝင်းနွယ်က ကမ်းပေး၏။ လှမ်းယူရင်း သူ မျက်မှောင်ကြုတ်မိသေးသည်။ (ဘာရည်ရွယ်ချက်နှင့် ပေးသွားမှန်း သူမသိချေ။)
ဝင်းဝင်းနွယ်က ပြုံးစူစူဖြင့် သူ့ကိုပြန်ပြောသည်။
`ငါ နင့်ကို သတိရနေတာဟ၊ သူငယ်ချင်းတွေ တွေ့တိုင်း ငါ..နင့်ကို မေးနေတာ..´
သူက မိုးပေါ်ကို မော့ကြည့်မိ၏။
`မိုးလင်းခါနီးမှ ကြယ်တွေက ပိုတောက်လာသလိုပဲ´
`ဟာ.. နင်ကလည်း ငါပြောတာက တခြား၊ နင်ပြောတာက တခြား..´
ပြောပြီး ၀င်းဝင်းနွယ်က ရယ်၏။ သူက ဓားကလေးကို လက်ထဲမှာ ခပ်ဆဆကိုင်ရင်း..
`နေဦး နင့်ကို ငါမေးဦးမယ်..´
`ဘာမေးမလို့လဲ´
သူကပြုံးလိုက်ပြီး..
`ဓားတစ်လက်ကို အုပ်ချုပ်တဲ့ အရာဟာ ဓားအိမ်ဖြစ်သင့်သလား။ ဓားကိုင်တဲ့လက် ဖြစ်သင့်သလား´
`အယ်..´

မျက်လုံးဝိုင်းကလေးများ ပိုဝိုင်းသွား၏။ သူက ဓားကလေးကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။ ဓားသွားကို အပေါ်သို့ပင့်လှန်ပြီး မျက်စိရှေ့မှ လက်ဆန့်တန်းကာ သူ စိုက်ကြည့်နေလိုက်သည်။

လက်တစ်ကမ်းမှာ မြင်ရသည့်ဓားသွားက ထက်မြ ပါးလွှာနေ၏။ ပတ်ဝန်းကျင်က နှင်းတွေ မှုန်မှုန်ကျနေသည်။ ကောင်းကင်ပေါ်မှာ လရောင်လင်းနွဲ့၏။ ဓားသွား၏ အလျားအတိုင်းလိုက်၍ ပျော့ပျောင်းစွာ သူစိုက်ကြည့်၏။

လောကကြီး၏ အနိဌာရုံ၊ ဣဌာရုံ၊ အတိတ်၊ နိမိတ်၊ အရိပ်၊ အယောင်များက ထက်မြသော ဓားသွားပေါ်တွင် ခုန်ပျံ၍ ကျွမ်းဘားကစားပြနေသည်ကို တွေ့နေရလေသည်။

တာရာမင်းဝေ
အောက်တိုဘာ၊ ၁၉၉၅
ချယ်ရီမဂ္ဂဇင်း။

P.S
ဆရာကောင်းရာသုဂတိလားပါစေ။

``ခေတ်နေအတွက် စာတစ်ရွက်…´´

ကြယ်တစ်ပွင့်ပေးခဲ့တဲ့ နေတစ်စင်းအတွက် အမွေ…


.....................
ဆရာတာရာမင်းဝေ ရေးခဲ့တဲ့ စာအုပ်တွေထဲမှာ ``ခေတ်နေအတွက် စာတစ်ရွက်…´´ ဆိုတဲ့စာအုပ်က သူ့သားအတွက် ရည်ရွယ်ပြီး ရေးခဲ့တာပါ။ သူ့ရဲ့အမှာစာထဲမှာလည်း သားဖြစ်သူကို အသိပညာအမွေပေးချင်လို့ ဒီစာအုပ်ကို ရေးရခြင်းဖြစ်တယ်လို့ ပြောထားပါတယ်။ စာအုပ်နာမည်ကိုလည်း ``ဗျူဟာမြောက်သော အင်္ဂလိပ်စကားပုံ´´လို့ ထပ်ပြောထားပါသေးတယ်။ အင်္ဂလိပ်ဘာသာနဲ့ရေးထားလို့ အင်္ဂလိပ်စကားပုံလို့ ခေါင်းစဉ်တပ်ထားပေမယ့် လူမျိုးအသီးသီးရဲ့ စကားပုံတွေ ပါဝင်ပါတယ်တဲ့။ စကားပုံတစ်ခုစီရဲ့အောက်မှာလည်း ရှင်းလင်းချက်အတိုလေးတွေ ထည့်ပေးထားပါတယ်။ အဲဒီစာအုပ်ထဲက တချို့စကားပုံလေးတွေကို ဆရာတာရာမင်းဝေ အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
...............................................
ဂရိတွေးခေါ်ပညာရှင်ကြီး ဟေရာကလိုက်တပ်(စ)က ``မြစ်တစ်မြစ်မှာ ရေနှစ်ခါမချိုးနိုင်ဘူး´´လို့ ပြောသွားတယ်။ ကျော်ကြားလှတဲ့စကားမို့ လူသိလည်း များလှပါတယ်။ ရေတွေက စီးဆင်းနေတယ်သား။ သားချိုးခဲ့ပြီးသားမြစ်မှာ နောက်တစ်ခါသွားပြန်ချိုးရင် မတူညီတော့တဲ့ရေတွေ၊ အသစ်အသစ်သော ရေတွေနဲ့ပဲ သား ရင်ဆိုင်ရလိမ့်မယ်။ လောကကြီးဟာလည်း မြစ်ရေတွေလိုပဲ အချိန်နဲ့အမျှ စီးဆင်းပြောင်းလဲနေတယ်။ ပြောင်းလဲမှုနဲ့အတူ သားဟာ လိုက်ပါရှင်သန်ရလိမ့်မယ်။ လိုအပ်ရင် သီချင်းသံစဉ်တစ်ခုအတွက် ဂစ်တာကို ကြိုးညှိတီးခတ်ရသလိုမျိုးပေါ့။ လက်ကွက်ပြောင်းရသလိုမျိုးပေါ့။ မင်းဟာ ဘ၀ကို သီချင်းတစ်ပုဒ်လို ဆိုကျူးသွားချင်သလား။ ခေတ်အလျှောက်၊ အချိန်အခါအလျှောက် မင်းကိုယ်မင်း ကြိုးညှိတီးခတ်သွားပါ။
.........
``ခေတ်နဲ့ လိုက်လျောညီထွေ နေတတ်ပါစေ´´
........
ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးရဲ့ စကားတစ်ခွန်းရှိတယ်။ သင့်ကိုယ်သင်သိပါ (Know thyself) တဲ့။ တကယ်တော့ အဲဒါဟာ သူ့ရဲ့ကိုယ်ပိုင်စကားမဟုတ်ပါဘူးကွယ်။ ဒဲလ်ဖိနတ်ကွန်းမှာ ရေးထားတဲ့စာသားကို လူတွေအပေါ် ဆုံးမဖို့ သူက ယူသုံးတာပါ။ အခုတော့ သူ့စကားအဖြစ်ပဲ တွင်ကျယ်နေခဲ့ပြီပေါ့။ မြန်မာပညာရှိကြီးတစ်ဦးဖြစ်တဲ့ သခင်ဘသောင်းကလည်း အဲဒီလို စကားများကို ပြောဖူးတယ်။ ``ကိုယ့်အကန့်အသတ်ကို ကိုယ်သိပါ´´ (Know thy limit )တဲ့။ သားကိုယ်သား သိပါ။ သားရဲ့အကန့်အသတ်ကို သားသိပါ။ ကိုယ်လှမ်းမယ့်ခြေလှမ်း၊ ကိုယ်လျှောက်မယ့်ခရီးလမ်း အားလုံးကို ချိန်ထိုးပြုလုပ်ပါ။ တတ်နိုင်ရင်…
.........
``မင်းအတောင်ပံနဲ့ပဲ မင်းပျံပါ´´
........
အိုလံပစ်အားကစားသမားတွေမှာ ပြိုင်ပွဲဝင်မှုနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ရေးရာ လေ့ကျင့်ခန်းတွေ လုပ်ကြရလေ့ရှိတယ်။ ပြေးပွဲတစ်ခုအတွက် တာထွက်ချိန်၊ မြားတစ်စင်းကို ပစ်လွှတ်ဖို့ အသက်ရှူနေချိန်၊ ပယ်နယ်တီကန်ဖို့ ခရာသံကိုစောင့်နေချိန် စတာတွေအတွက် အရေးတကြီး လေ့ကျင့်ရတာပေါ့။ အဲဒီအချိန်လေးကို Zen moment လို့ ခေါ်တယ်။ စကားနယ်ကို ချဲ့လိုက်ကြစို့။ လူတစ်ယောက် အကြံကောင်းဥာဏ်ကောင်းရဖို့ အသိအမြင်မှန်ကန်စင်ကြယ်သွားဖို့ စတာတွေဟာ ခေါင်းထဲမှာ အလင်းတစ်ချက် လက်သွားဖို့ပဲ လိုတယ်။ စက္ကန့်ပိုင်းလေးမျှပါပဲ။ Golden Second လို့ခေါ်တယ်။ အဲဒီအလင်းပွင့်ကလေးရဲ့ ဘ၀ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းဟာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ တကယ်တမ်းကျတော့ ပြောင်းလဲချိန်ဟာ ဘာမှမကြာဘူး။
............
``တစ်နှစ်အတွင်းမှာ မဖြစ်တဲ့အရာဟာ နှစ်မိနစ်အတွင်းမှာ ဖြစ်လာနိုင်တယ်´´
...........
လောကသားတွေဟာ အမှန်ဝါဒ(Realism)နဲ့ မာယာဝါဒ(Illusionism) ကြားမှာ ရှင်သန်နေကြရတာ။ အစစ်တစ်ခု အတုတစ်ရာလို့တောင် ပြောရိုးရှိကြတယ်။ မစစ်မှန်မှုတွေကြားထဲမှာ နေထိုင်ရင်း စစ်မှန်မှုတို့ကို ရှာဖွေနေကြရတာပဲ။ လူတွေကို မှားစေတဲ့အထဲမှာ ``အကြောက်တရား´´ဟာ အဓိကနေရာကနေ ပါဝင်နေတယ်။ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး အရာဟာ ``ကြောက်တတ်တဲ့စိတ်ပဲဖြစ်တယ်´´လို့လည်း ပြောကြတယ်။ တတ်နိုင်သမျှ ရဲရင့်စမ်း သား။ ကြောက်စိတ်တွေ မထားနဲ့။ ကြောက်စိတ်ဟာ လူကို အယောင်ယောင် အမှားမှား ဖြစ်စေတယ်။ ကိုယ့်ကို အန္တရာယ် ပြန်ပေးတတ်တယ်။ အမှန်တရားနယ်ပယ်မှာ မရပ်တည်နိုင်ဘဲ မာယာနယ်ပယ်ထဲကို ကျွံကျမြုပ်နစ် သွားစေတတ်တယ်။
...........
``ကြောက်စိတ်ဟာ ၀ံပုလွေကို နဂိုအရွယ်ထက် ပိုကြီးသွားစေတယ်´´
Harvest comes not everyday, though it comes every year.
..........
ဘောလုံးပွဲကိုကြည့်ရင်း ဖေဖေတွေးမိတာရှိတယ်။ ဘောလုံးပွဲဆိုတာ ဘောင်ကန့်သတ်ထားတဲ့ အချိန် (Time frame)တစ်ခုထဲမှာ ကစားရတာ၊ မိနစ်ကိုးဆယ်ပေါ့လေ။ ဒါပေမယ့် သူတို့မှာက ဒဏ်ရာရ ရပ်နားချိန်တွေအတွက် အပိုဆောင်းကစားချိန် (Injury time)ဆိုတာ ရှိတယ်။ ဖေဖေတို့ လက်တွေ့ဘ၀မှာတော့ ဒဏ်ရာရချိန်အတွက် ပြန်ကစားခွင့်ဆိုတာ မရှိပါဘူးကွယ်။ ထားပါတော့။ ဒီနေရာမှာ ဖေဖေပြောချင်တာက လူ့ဘ၀ဆိုတာ အချိန်နဲ့ တိုင်းဆပြီး ရှင်သန်လုပ်ကိုင်ရတာ။ ဘယ်အချိန်မှာ လှုပ်ရှားရမယ် ဆိုတာလည်း နားလည်တတ်ရမယ်။ လိုအပ်ရင် အချိန်စီမံချက် (Time plan)ကို သား ရေးဆွဲထားရမယ်။
..........
``ကောက်ရိတ်သိမ်းချိန်ဟာ နှစ်တိုင်းတော့ လာတတ်တယ်။ ဒါပေမယ့် နေ့တိုင်းတော့ မဟုတ်ဘူး´´
Better a friendly refusal than unwilling consent.
.........
ဖေဖေ့ဘ၀မှာ အကျပ်အတည်းရောက်ခဲ့တာတွေ ရှိတယ် သား။ အဲဒါတွေအားလုံးဟာ အားနာတတ်လို့ ဖြစ်ရတာတွေ များတယ်။ ဖေဖေက အရမ်းအားနာတတ်တယ်လေ။ အဲလောက် အားနာတတ်တာ မကောင်းဘူးလို့ မိတ်ဆွေကောင်းတချို့ကတောင် ဖေဖေ့ကို ဆူပူကြိမ်းမောင်းကြပါရဲ့။ ဖေဖေကိုယ်တိုင်လည်း ဒီစိတ်သဘောထားကြီက နေရာတိုင်းမှာ မသင့်တော်မှန်းသိတယ်။ ဖေဖေတို့ရပ်ကွက်မှာ ဘိန်းမုန့်ရောင်းတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်။ စေတနာဟာ လူတိုင်းနဲ့မတန်ဘူးလို့လည်း တဖွဖွပြောလေ့ရှိတယ်။ နောက်တော့လည်း သူပြောတာက ဟုတ်သလိုလိုပါပဲ။ နောက်ကွယ်မှာ ဖေဖေ့ကို ဒုက္ခပေးနေကြသူတွေကပဲ သူတို့အကူအညီလိုတော့ ဖေဖေ့ဆီ ရောက်လာကြပြန်ရော။ အားမနာတတ်တဲ့သူတို့ကို အားနာတတ်တဲ့ ဖေဖေကပဲ အရှုံးပေးလိုက်ရပြန်ရော။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ နေနိုင်ရင်တော့ ကောင်းမယ်။ဒါပေမဲ့ ပျားအုံရှိနေတဲ့ သစ်ကိုင်းမှာ ဖေဖေက တက်မလျှောက်ရဲဘူး။ ဖေဖေ့ရဲ့အားနည်းချက်ကို သားက ပြင်ပေးပါ။
........
``ဆန္ဒမရှိဘဲ သဘောတူလိုက်ရတာထက် မိတ်ဖြစ်ဆွေဖြစ် ငြင်းဆန်လိုက်တာက ပိုကောင်းပါတယ်´´
The beggar's bag has no bottom.
........
``ဘာမှမလုပ်တဲ့သူဟာ သူတောင်းစားလုပ်ရတယ်´´လို့ ပြောလေ့ရှိတယ်။ ဘာမှမလုပ်တော့ ဘာမှမရဘူးပေါ့။ သူတောင်းစားဟာ လမ်းဘေးမှာ အိပ်တယ်။ သူတစ်ပါး ပေးစာကမ်းစာကို တောင်းရမ်းယူရတယ်။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကြားမှာ အသက်ရှင်နေရတယ်။ ငွေတောင်းတဲ့ သူတောင်းစားတွေကိုတော့ သား မြင်ဖူးလိမ့်မယ်။ အခြား အခြားသော ယုံကြည်ချက်သူတောင်းစား၊ အယူအဆ သူတောင်းစား၊ တဏှာသူတောင်းစားတွေကိုတော့ တော်တော်ကြီးကြည့်တတ်မှ မြင်လာလိမ့်မယ်။ အဲလိုဘ၀မျိုးမှာ သားလည်း ဘယ်တော့မှ မရပ်တည်ပါနဲ့။ အဲဒီလို ရပ်တည်သူတွေနဲ့လည်း ဘယ်တော့မှ သား လက်မတွဲပါနဲ့။
........
``သူတောင်းစားအိတ်မှာ အောက်ပိတ်ကြမ်းပြင် မပါဘူး´´
Sins and debts are always more than we think them to be.
.......
နောင်တဆိုတာ ပူလောင်တတ်တဲ့ အရာမို့ ဘယ်သူကမှ မလိုချင်ကြဘူး။ အပြစ်တွေ၊ အမှားတွေနဲ့ လိမ်ယှက်နေတဲ့ အရာမို့လို့လည်း မချိတင်ကဲ ကြေကွဲစရာ ကောင်းလှတယ်။ နောင်တရစရာဆိုတာ လူတိုင်းလိုလိုမှာ ရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် အင်မတန်မှ တာဝန်ကျေတဲ့သူ၊ ဘ၀မှာ နောင်တရစရာ မရှိဘူးလို့ ကြွေးကြော်သူတွေတောင် တကယ်တမ်း စစ်ဆေးကြည့်တဲ့အခါ သူတို့ရဲ့အထင် မှားနေကြောင်း သိရတယ်။ စိတ်ကူးထဲကနေ ကိုယ့်ကိုယ်ကိုယ် သေခိုင်းကြည့်တဲ့နည်းပဲ သား။ နောက်တစ်နာရီမှာ သူသေတော့မယ်လို့ သူ့ကိုယ်သူ ခံယူကြည့်လိုက်၊ မပြီးပြတ်သေးတာတွေ၊ မပေးဆပ်ခဲ့တာတွေ၊ ကတိမတည်ခဲ့တာတွေ၊ လုပ်ချင်တဲ့ကောင်းမှုတွေအတွက် တိတိပပ အကောင်အထည် မဖော်ဖြစ်သေးတာတွေ အများကြီး ထွက်လာလိမ့်မယ်။
.........
``ငါတို့မှာရှိတဲ့ အပြစ်နဲ့ အကြွေးတွေဟာ ငါတို့ ထင်ထားတာထက် ပိုများတယ်´´
There is a But in everything.
........
လူတိုင်းဟာ မှန်ကြည့်ဖူးကြတယ်။ မှန်ရှေ့က ဒြပ်တွေဟာ မှန်ထဲမှာ သူ့ပုံအတိုင်း ပြန်ပေါ်ကြတယ်။ ``အမှန်အတိုင်း ပြန်ပေါ်တဲ့အရာမို့ မှန်လို့ ခေါ်တယ်´´လို့တောင် တချို့က ပြောကြတယ်။ ဒါပေမယ့် သူတို့ပြောတဲ့အတိုင်း အမှန်တကယ် မဟုတ်ပါဘူးကွယ်။ မှန်ထဲမှာက တစ်ဖက်ကလွဲပြီး ဖြစ်ပေါ်တာပါ။ သားက ညာလက်မြှောက်လိုက်ရင် မှန်ထဲက သားပုံရိပ်က ဘယ်လက်မြှောက်နေလိမ့်မယ်။ အဲဒီလောက်က ထားပါတော့။ သားဖတ်နေတဲ့ စာတစ်စောင်ကို မှန်ရှေ့မှာ ပြကြည့်ပါ။ ပြောင်းပြန် ဇောက်ထိုးဖြစ်နေတဲ့ စာတွေဟာ အင်မတန် အကြည့်ရဆိုးလှပါတယ်။ ဒီနေရာမှာတော့ မှန်ရဲ့ ဆောင်ကြဉ်းမှုဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီ။ တသွေမတိမ်း ထင်ဟပ်တယ်လို့ ယူဆရတဲ့မှန်တွေမှာတောင် ကွာဟမှုလေးတွေ ဒီလောက်ရှိနေပြီဆိုရင် လောကလူသားတွေကြားထဲမှာလည်း လွဲချော်မှုလေးတွေ ရှိနေမှာပဲ။
........
``ဒါပေမယ့်ဆိုတာကတော့ အရာတိုင်းမှာ ရှိတယ်´´
The world is a stair case; some are going up, some are coming down.
........
ဖေဖေက လောကကြီးကို လည်နေတဲ့ ဂျင်တစ်လုံးလို့ မြင်တယ်။ ဂျင်ဟာ အပေါ်နဲ့အောက် (Up and down) ကိုလည်း ယိမ်းညွှတ်လည်ပတ်တယ်။ ဟိုဘက်ဒီဘက် (Side by side) ကိုလည်း နွဲ့ခါလည်ပတ်တယ်။ တစ်ခုတည်းရှိတယ်၊ အဲဒီ လည်ပတ်နေတဲ့ဂျင်ဟာ လောကဆိုရင် ဘယ်အပေါ်မှာဘာနဲ့ထောက်ပြီး ရပ်တည်လည်ပတ်နေတာလဲ။ ဂျင်အတွက် ဖြေလို့ရပေမယ့် လောကအတွက်ဆိုရင်တော့ ဖြေလို့မရတော့ဘူး။ အဲဒီတော့ သားကိုလည်း အကွန့်အညွန့်တွေ ပြောမနေတော့ဘဲ ရိုးရှင်းတဲ့ စကားတစ်ခွန်းကိုပဲ ပြောခဲ့ပါ့မယ်ကွယ်…။

``လောကဟာ လှေခါးတစ်စင်းပဲ။ တချို့က အပေါ်ကို တက်နေကြတယ်။ တချို့က အောက်ကို ဆင်းနေကြတယ်´´

တာရာမင်းဝေ

P.S
ဆရာကောင်းရာသုဂတိလားပါစေ။

Saturday, May 30, 2009

စိတ္တဇတေးသွား

၁။
.....
သီးသန့်ဆန်သော ဧ မြို့တော်ကလေးဆီသိုကို့ သူရောက်လာခဲ့တာရှစ်လ ခန့် ရှိပြီ။
ဧ မြို့တော်ကလေးတွင်သုအတွက်အသိမိတ်ဆွေမရှိပါ။ ယခင်ကလဲ မရောက်ခဲ့ဖူပါ။
ယခုဘဝ အလှည့် အပြောင်းတစ်ခု နဲ့တေလေ ဝိညင် ဝင်စားကာ လွှင့်မျော လာခဲ့ တာဖြစ်လေသည်။

၂။
.....
ပင်ကို အားဖြင့်တိတ်ဆိတ်စွာနေထိုင်တတ်သူ တစ်ဦးဖြစ်၍ ဧမြို့တော်ကလေးမှ သူ့ အနေအထိုင်သည် ဒေသ ခံများနဲ့ကွဲပြားကာသီးသန့်ဆံလွန်းလှပါသည်။ အခန်းထဲမှအပြင် ကိုပင်ထွက်ခဲသော ၊ ညသန်းခေါင်ယံကျမှ ဝရန်တာကိုထွက်ပြီးကြယ်တွေကိုကြည့်နေတတ်သော၊ ရံဖန်ရံခါတွင်တစ်ဦးတည်းစကားပြောနေတတ်သော သုကို အိမ်နီးချင်း အခန်းဖော်အပေါင်းက တအံ့တသြေ ရှိကြသည်။ နားလည်ရခက်သည်နှင့် အမြယဉ်ယဉ်လေး ရူးနေသူတစ်ဦးပမာသု ကိုအကဲခတ်ရင်း ခေါင်းကို ခပ်လေးလေးရမ်းခါကြဧ။် ။

၃။
....
သူကကဗျာဆရာတစ်ဦးသာဖြစ်ပါသည်။သိုသော် ပင်နီတိုက်ပုံဝတ်ပြီးဆံပင်ညင်းသိုးသိုးနှင့်ဆေးလိပ်မီးခိုး စော်နံနေတတ်သော် ကဗျာဆရာမျိုးလဲမဟုတ်ပါ။ သာမန်လူငယ်တစ်ဦးရဲ့ ဆင်ယဉ်နေထိုင်မှု့မျိုးနှင့်သာဘဝကိုဖြတ်သန်းပါသည်။ မချမ်းသာသည်တိုင်အောင် ၊ ပြေလည်သော စီးပွားရေး နဲ့မတောင့် မတ၊ မကြောင်းမကြသူရပ်တည်၍ရပါသည်။ ကြေကွယ်ဖွယ်ရာကာလ တွေကတော့အတိတ်တွင်ရှိခဲ့သည်ပေါ့လေ။

၎။
....
ယခု
ရင်ထဲတွင်အမြစ်တွဲလာသည့် (....) ပရိဒေဝသစ်ပင်ကိုခုတ်ထွင်ရန်ကြိုးစားရင်း ပင့်သက်လောင်မီးတွေကြားမှာသူ ပျင်းရိနေပါသည်။
ထိုသို့ ဖြင့်ပင်ကဗျာတွေစာတွေကြားမှာ သုကိုယ်သူမြှုပ်နံထားရပါသည်။
တစ်ခါတစ်ရံတော့လဲ(မင်ရည်ကျဲကျဲဖြင့်ပင်) စာတိုပေစတွေကိုဟိုဟိုသည်သည်ရေးနေတတ်သည်။

ဝ....ထ...က...လ...သ
က..ကညစ်...ပေမှာ ချစ်
ခ...ခရာ....အသံသာ
ဂ...ဂဏန်ရေမှာဖမ်း
.........စသည်ဖြင့်.

၅။
....
ညတွေညတွေမှာသူကအအိပ်အနေ နည်းလွန်းလှပါသည်။ထိုအတွက်ထူးဆန်းသော ညများကိုသူကြုံကြိုက်ရဧ။် ။
တစ်ည....
"ဝူး....ဝူး"
ခွေးအူသံများကိုကြားရဧ။် ။ ထိုအသံများသည် ဝေးရာမှနီးလာသည်။ ထိုအတူသုအခန်းဆီကိုတတ်လာသော နင်း သံဖွဖွကိုကြားရသည်။
သူတွေဝေသွားမိသည်။ နင်းသံကသုအခန်းတံခါးအရှေ့တွင်ရပ်လိုက်သည်။
"ဒေါက်.....ဒေါက်"
သုအခန်:တံခါးကိုခေါက်တာဖြစ်သည်။ မည်သူလဲ။ ဘယ်အတွက်လဲသူဝေခွဲမရသည်နှင့်အမြ မသင်ကာ လည်းဖြစ်မိသည်။
တံခါး ကိုသူမဖွင့်ပေးပါ။ တစ်ဖက်ကလဲခပ်ပြင်း ခေါက်နေဆဲ .....
သူဘာမှတုံ့ပြန်မှု့မပေးသည်အဆုံး "အူ....ဟူး" ဟူသည် ကြောက်မက်ဖွယ်ရာညည်းတွားသံကြီးနဲ့အတူ ပြင်းထန်သော နင်းသံနဲ့အတူပြန်ဆင်းသွားလေသည်။ ခွေးအူသံများလည်း နီးရာမှဝေးသွားတော့သည်။

၆။
.....
နောင်ညများမှာပို၍ဆိုးလာပါတော့သည်။
သန်:ခေါင်ယံလွန်သည်အခါ ခွေးအူသံများ သုအခန်:ဆီကိုလာသော အသံများ ထိုသည်နှင့်အတူတံခါးခေါက်သံများ.....
"ဒေါက်....ဒေါက်.....ဒေါက်"
သူလဲအခန်:ထဲမှရပ်တန့် နားစွင့်ရင်းတံခါ:ကိုတော့ပိတ်ထားဆဲ ။ တစ်ဖက်မှာလဲပို၍ပြင်းထန်လာပါသည်။ သုံးကြိမ်သုံးခါလာသည်။ သုံးကြိမ်လုံး သူတိတ်ဆိတ်စွာ....

သူလဲအနှောက်အယက် ဖြစ်လာသလိုခံစားရ၍နောက်တစ်နေ့မနက်မှာ ရဲစခန်: ကိုဖုန်း ဆက်တိုင်ကြားရတော့သည်။
ရဲသားများကလဲလေးနက်စွာနားထောင်ကြဧ။် ။ ထိုနောက်စုံစမ်းမှု့များလုပ်ပြီးသုထံ အကြောင်းပြန်လာသည်။

"အရပ်မြင့်မြင့်လူတစ်ဦးလိုသိရပါတယ်။ ဘယ်ဘက်လက်မှာလက်အိတ်အဖြူစွပ်ထားပါတယ်။ ဘယ်ကလူမှန်းတော့မသိပါဘူး။ ကျွန်ုတော်ဒို့စောင့် ကြည့်ပေးပါမယ်။"

၇။
....
သိုသော်လည်း...
နောင်ညများမှာဘာ မှမထူး လာခဲ့ပါဘူး။သမရိုးကျဆန်စွာကုန်လွန်ခဲ့သည်။ စောင့်ကြပ်ကြည်ရှုပေးသော ဝန်ထမ်းများပင် ထိုကိစ္စအတွက် အရေးမထားတော့ပါ။
ထိုအခါကျမှ.....
တစ်ညတွင်.....
"ဝူး.....ဝူး"
သန်ခေါင်အလွန် တွင်ခွေးအူသံများစကြားရပါပြီ။ သုစိတ်ထဲမှာလဲအလိုလိုသိလိုက်သည်။ သုအခန်: ဆီလာသောအသံ နှင့်သုအခန်: တံခါး ခေါက်သံကိုကြားရတော့မည်။ (သူကအေမီလိုဝယ် ရဲ့ကဗျာများကိုသရုပ်ခွဲလေ့လာနေတာဖြစ်သည်။ )
"ဒေါက်.....ဒေါက်.....ဒေါက်"
ထိုတစ်ကြိမ်တွင်သူတုံ့ပြန်မှု့ပေးလိုက်သည်။
"ဘယ်သူလဲ"
"ကျုပ်"
"ဘယ်ကကျုပ် လဲ"
'မင်းကိုသတ်မယ့် လူ"
"အိုကေ...ကိုယ်ကလဲသေချင်နေတာနဲ့အတော်ပဲ၊ ကောင်းပြီဝင်ခဲ့လေ၊ အထဲကိုကြွပါ "
သူတံခါးကိုဖွင့်ပေးလိုက်သည်။ အခန်: အတွင်းလူတစ်ယောက် သေမင်းပမာဝင်ရောက် လာခဲ့သည်။
ဘယ်ဘက် လက်မှာလက်အိတ်အဖြူကိုစွပ်ထားသည်။
ထိုလူကသုကို....
"ခင်ဗျားနဲ့ကျုပ်ကြားမှာပြောစရာမရှိတော့ပါဘူးနော်၊ ခင်ဗျားကသေချင်တယ် ကျုပ်ကသတ်တယ်၊ ဒါပဲပေါ့ "
ထိုနောက်ထိုလူကလက်အမြောက်ဓားရောင် ကဝင်းကနဲ တောက်သွားသည်။
"အား"
ထိုလူ လဲကျသွားသည်။ သုနောက်မှာရဲဝန်ထမ်းတစ်ယောက်။

၈။
...
ထိုလူကိုစစ်ဆေးမေးမြန်းတော့သူအနားမှာရှိနေပါသည်။ ရဲဝန်ထမ်းက....
"မင်းနဲ့သူရန်ညိုးရှိလား"
"မရှိဘူးလူချင်းတောင်မသိဘူး"
'ဒါဖြင့် သုကိုသတ်ဖို မင်းကိုတစ်ဦးဦးက ခိုင်းလိုက်တာလား"
"မဟုတ်ဘူး ကိုယ့်ဖာသာသတ်ချင်လို"
"ရှင်းအောင်ပြော ဘာအတွက်လဲ"
"ကျုပ်မှအရမ်းချစ်ရတဲ့မိန်းကလေးတစ်ယောက်ရှိတယ်"
"ဖြစ်နိုင်ပါတယ်၊ ဆက်ပြော"
ကျုပ်ကသာ သုကိုအရမ်း ချစ်ရတာ သူကတော့ဒီကဗျာဆရာကိုအရမ်းချစ်နေတယ်။

ထိုမိန်းကလေးရဲ့အမည်ကိုလဲပြောပြသည်။ သူကကျတော့လဲထိုမိန်းကလေးကိုအမည်ပင်မကြားဖူးပါ။ သုကဗျာများမှတစ်ဆင့်သုကိုတွယ်တာတာဖြစ်နိုင်သည်။

"ဒီကဗျာဆရာသေရင်သူလဲလိုက်သေမယ်တဲ့ အဲ့ဒါကြောင့်ဒီကဗျာဆရာကို သတ် ဖို ကျုပ်ကြိုးစားရတာပေါ့ "
"ဟင်....သူသေရင်မင်းကောင်မလေးကပါလိုက်သေမှာပေါ့ "
"ဟုတ်တယ်...ကျုပ်ကအဲ့လိုဖြစ်စေချင်တာ"

၉။
....
သူကဘယ်လိုမှမခံစားရသော်လည်း ရဲဝန်ထမ်း များကတအံ့တ သြဖြစ်ကုန်ကျဧ။် ။
ထိုလူကဘီလူတစ်ကောင်ပမာပြုံးပြီးသွားကြိတ်သံနဲ့ဖြေဧ။် ။
"ဓားချက်တစ်ချက်တည်းနဲ့ နှလုံးသားနှစ်ခုကို ထိုးခွဲသတ်ဖြတ်ပစ်နိုင်တာ 'ရသ' ပေါ့ ဗျာ။ ဘာကိုမှာမရနိုင်တော့တဲ့ ငါ့အတွက်ရသ မြောက် ဓားချက်ကိုတော့ယူသွားချင် လို့ ပါ။
စကားအဆုံးမှာထိုလူပြုံးလိုက်သည်။ထိုလူ့ မျက်လုံးများကဓားဦးမှ ဖြာထွက်လာသော စိန်ပွင့်များပမာ.....
တောက်စားတုန်ခါ လျက်ရှိသည်။

တာရာမင်းဝေ

P.S

ဆရာကောင်းရာသုဂတိလားပါစေ။

Friday, May 29, 2009

လူငယ်တစ်ယောက်ရဲ့လမင်း

(၁)
မြူပြာတွေနဲ့ သာယာနေတဲ့ နံနက်ခင်းပါပဲ။
မြို့အ၀င်လမ်းလေးမှာ စကြာပန်းတွေလည်း ၀င်းဝင်းဝေေ၀ ပွင့်နေကြလေရဲ့။
လယ်ကွင်းတွေဆီက စီးမျောလာတဲ့ လေသုန်လေညင်းကလည်း ရိုးပြတ်ရနံ့သင်းနေတယ်။
မြို့သူမြို့သားတွေအားလုံး ဘုရားဝတ်ပြုလို့ပြီးခါစအချိန်ပေါ့။
ချိုလွင်တဲ့ ခေါင်းလောင်းသံတွေက မြို့ကလေးရဲ့နံရံမှာ ဘောင်ဘင်ရိုက်ခတ်နေပါတယ်။
အဲဒီလိုအချိန်မှာ ဒီမြို့ကလေးကို ဖုန်မှုန့်တွေနဲ့ နီမှောင်နေတဲ့ လူငယ်လေးတစ်ယောက် ရောက်လာပါတယ်။(ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ)
လမ်းတစ်လျှောက်လုံးမှာအနောက်တောင်တန်းကတိုင်းရင်းသားတွေရဲ့သီချင်းတစ်ပုဒ်ကိုတိုးတိုးညည်းဆိုလာပါတယ်။
သူ့ကို အမှတ်တမဲ့ကြည့်လိုက်မိရင်း မြို့သူမြို့သားတွေ မျက်မှောင်ကြုတ်သွားတယ်။ သေသေချာချာထပ်ကြည့်ပြီးဘယ်သူဘယ်ရယ်လို့မှတ်မိလိုက်တဲ့အခါသူတို့မျက်နှာတွေသွေးဆုတ်ဖြူရော်သွားတယ်။
ကသုတ်ကရုတ်နဲ့ ခြေလှမ်းတွေ ယိုင်ထွက်ပြီး လူငယ်နဲ့ ဝေးရာကိုရှောင်ကြတယ်။
မကြာမီမှာပဲ 'ဒီမွန်းပြန်လာပြီ'ဆိုတဲ့ သတင်းဟာ တစ်မြို့လုံးကို ပျံ့နှံ့သွားပါတော့တယ်။
အဲဒီသတင်းကြောင့် မြို့လေးဟာ တိတ်ဆိတ်ခြောက်ကပ်သွားတယ်။
ကန်းနေတဲ့မျက်လုံးကိုစောင့်ရှောက်အုပ်မိုးပေးနေရတဲ့မျက်ခုံးမွှေးကားကားကြီးလိုစိတ်ပျက်လက်ပျက်ငိုက်တွဲကျသွားပါတယ်။
အဲဒီတစ်နေ့လုံးမှာ မြို့သူမြို့သားတွေဟာ တီးတိုးစကားကို အသံပြာအောင် ပြောဖြစ်ကြတယ်။
ညဘက်ရောက်တော့ အိမ်တံခါးတွေလုံအောင်ပိတ်ပြီး စောစောအိပ်ရာဝင်ကြတယ်။
သူတို့တွေဟာ အဲဒီလောက်အထိ ဒီမွန်းကို ရွံရှာကြောက်ရွံ့ကြတယ်။ ဒီမွန်းဟာ ဒီနယ်တစ်လွှားမှာ ပြိုင်ဘက်မရှိခဲ့တဲ့ လူမိုက်ကလေးပါ။
(ဘယ်လောက်မိုက်ခဲ့တယ်၊ သူတို့တွေ ဘာကြောင့် ဒီလောက်ကြောက်ကြတယ်၊ အခုသူ ဘယ်ကပြန်လာတယ်ဆိုတာတွေကတော့ ထားလိုက်ပါတော့)
ဒီမွန်းပြန်ရောက်လာပြီဆိုတော့ အနီးအပါးမြို့ရွာက လူမိုက်ကြီးတွေ၊ လူမိုက်လေးတွေ တဖွဲဖွဲလာရောက်နှုတ်ဆက်ကြတယ်။ ဒီမွန်းကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း တင်မြှောက်ထားလိုက်တော့တယ်။
မြို့ကလေးကတော့ ဒီမွန်းပြန်ရောက်လာတာနဲ့ ပတ်သတ်ပြီး လည်ချောင်းထဲမှာ ပင့်ကူတစ်ကောင် အိမ်ဖွဲ့လာသလို ခံစားရတယ်။
အသက်ရှူရတာလည်း လေထဲမှာ သဲတရှပ်ရှပ်ပါလာသလိုပဲတဲ့။လူကြီးအချို့ဟာ အိမ်ရှေ့ခန်းမှာထိုင်ပြီး ဆောင်းရာသီ ယပ်တောင်ကြီးတွေကို တဖျပ်ဖျပ်ခတ်နေကြတယ်။အဲဒီလိုနဲ့ပဲ ဒီမွန်းပြန်ရောက်တာ နေ့ရက်တွေအတော်ကြာလာပါတော့တယ်။
(၂)
ဒီမွန်းက သိပ်တည်ငြိမ်တယ်။
သူ ပြောဆိုနေထိုင်ပုံကို လေ့လာရင် အတွေ့အကြုံသိပ်များခဲ့တဲ့ လူငယ်တစ်ယောက်မှန်း သိသာတယ်။
ဘာသာစကားလည်း သုံးလေးမျိုးတတ်တယ်။တစ်ခါတစ်ခါ သူစကားပြောရင် ဘေးလူတွေ အလေးထားနားထောင်နေရတယ်။
ဖရီးမေဆင်ဂိုဏ်းအကြောင်းလည်းပါတယ်။ဆာမှုရိုင်းယဉ်ကျေးမှုအကြောင်းလည်းပါတယ်။စုံလို့ပါပဲလေ။သေချာတာကတော့ ဒီမွန်းကို လိုလားသူကရော မလိုလားသူကပါ အတိုင်းအတာ ခပ်ကြီးကြီးတစ်ခုထားပြီး သူ့ကို 'ဖြုံ' ရတယ်။
သူ့အယူအဆကလေးတွေကလည်း တစ်မျိုးပဲ။ တစ်ခါက သူပြောဖူးတယ်။
"ကျုပ် ကြေးစားမိန်းမပျက်လေးတွေကို သနားတယ်"
"ဘာဖြစ်လို့လဲ ကိုဒီမွန်းရဲ့"
"မိန်းကလေးတစ်ယောက်ရဲ့ ဘ၀မှာ တန်ဖိုးအကြီးဆုံးက 'အပျိုရည်' နဲ့ အဲဒါကို ထိန်းသိမ်းထားတဲ့ 'ဣနြေ္ဒ' ပဲဗျ။ မပြေလည်တဲ့စားဝတ်နေမှုကြောင့် သူ့ရဲ့ အပျိုရည်ကို ရောင်းကုန်တစ်ခုလို ဈေးကွက်တင်ခဲ့ရတဲ့ ဒီလိုမိန်းကလေးတွေကို ကျုပ်သနားတယ်"
"သြော်""စားပွဲပေါ်မှာထိုင်၊ ပန်ကာအောက်မှာထိုင်၊ ကောင်တာနောက်မှာ ထိုင်ပြီး လူတွေကို ညှစ်ထုတ်ခေါင်းပုံဖြတ်နေတဲ့ မိန်းမမျိုးနဲ့စာရင် သူခန္ဓာသူရောင်းပြီး ရပ်တည်စားသောက်ရတဲ့ အဲဒီမိန်းကလေးမျိုးကို ကျုပ်သိပ်လေးစားတယ်"
ဒီမွန်းဟာ ငယ်ငယ်တုန်းက ကျောင်းစာထူးချွန်ခဲ့တဲ့ လူငယ်တစ်ဦးပဲ။
နောက်ပိုင်းမှာ ကျောင်းဆက်မတတ်တော့ပေမယ့် တက်ခဲ့စဉ်က 'လူရည်ချွန်ဆု' နှစ်ခါရဖူးတယ်။
အဲဒါကြောင့် သူ့ရဲ့အခြွေအရံတွေက တစ်ခါကျရင် 'ကျောင်းကိုမလွမ်းဘူးလား'လို့မေးတယ်။
သူက ခေါင်းခါတယ်။
"ပညာတွေလဲ သိပ်မတတ်ချင်ပါဘူးဗျာ။ လွမ်းစရာသိပ်များတဲ့ လောကကြီးမှာ ပညာနဲ့လွမ်းရတာ အနာဆုံးပဲ"
"ဘာကိုဆိုလိုတာတုန်းဗျ"
"သြော် ... မဖြစ်သင့်တာတွေ ဖြစ်တာကိုမြင်ရင် ဖြစ်သင့်တာက တစ်မျိုးဆိုတဲ့အတွေးနဲ့ နှမြောနာကျင်ရတာ ပညာတတ်တွေရဲ့ ၀ဋ်ဒုက္ခပဲလေ"
"သြော် ... သြော်"
မြို့ထဲက အဆီပြန်မျက်နှာနဲ့ ရှေ့နေ၀၀ဖိုင့်ဖိုင့်ကြီးကိုဆိုရင် ဒီမွန်းက သိပ်ကြည့်မရပါဘူး။
(အန္တရယ်တော့လည်း မပေးပါဘူး)
အဲဒီရှေ့နေကြီးကိုတွေ့ရင် သူ့လူတွေကို မေးငေါ့ပြတယ်။
"အဲဒါ နိရှေးရဲ့ အန်သိုလိုဂျီကျမ်းကြီးပေါ့"
သူ့လူတွေက ဘယ်နားလည်ပါ့မလဲ။
သူက ရှင်းပြတယ်။
"ဟစ်တလာက မူဆိုလီနီကို မွေးနေ့လက်ဆောင်ပေးနေတဲ့ ကျမ်းကြီးလေ ... ခင်ဗျားဖတ်မလား"
"ဟာ .. မဖတ်ချင်ပါဘူး"
"အေး .. အဲဒါဆို အဲဒီလူကြီးကိုလဲ မကြည့်နဲ့၊ လာ ကျုပ်တို့မျက်နှာလွှဲထားရအောင်"
ဒီမွန်းက အဲဒီလို လူမိုက်မျိုး၊ နည်းနည်းတော့ 'အံ့' လောက်ပါတယ်။
တစ်နေ့တော့ မြို့ကလေးရဲ့ နာရီစင်အောက်မှာ သူတို့အုပ်စုလက်ဖက်ရည်ထိုင်သောက်နေတုန်း ကျူရှင်တစ်ခုက ကျောင်းသူလေးတွေ ဆင်းလာတယ်။
အဲဒီကျောင်းသူတွေထဲကတစ်ယောက်ကို တွေ့လိုက်တာမှာ ဒီမွန်းရဲ့ မျက်လုံးတွေ ၀ိုင်းစက်ပျော့ပျောင်းသွားပါတယ်။
"ဟမ်းလော့"
"မဟုတ်ဘူး .. သူ့နာမည် ဟမ်းလော့မဟုတ်ဘူး"
"ဟမ်းလော့ (Hemlock)ဆိုတာ ပန်းဖြူတွေပွင့်တဲ့ အပင်တစ်မျိုးကိုပြောတာ။ သူ့နာမည် ဘယ်သူလဲတော့ ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်အတွက်တော့ သူဟာ ဟမ်းလော့ပဲ။ ကျုပ် သူ့ကို ..."
အားလုံး အံ့သြသွားကြတယ်။
ဒီမွန်းရဲ့ သတ္တုရင်ခွင်ထဲမှာ အချစ်ဆိုတဲ့ပန်းလေးဟာ မွှေးအောင်ဘယ်လိုပွင့်သွားသလဲ။
တကယ်တော့ အဲဒီနေ့ဟာ ဘာမှမဆန်းပြားလှပါဘူး။
သာမန်နေရောင်ခြည်တွေနဲ့ တောက်လောင်နေတဲ့ နေ့ပါပဲ။
လေထဲမှာ ငှက်ကလေးတွေ ကူးခတ်ပြီး ရေထဲမှာ ငါးတွေပျံသန်းနေကြတာလည်း အရင်အတိုင်းပါပဲ။
တစ်ခုတော့ရှိတယ်။အပြန်လမ်းမှာ ဒီမွန်းတစ်ယောက်တည်း ခေါင်းငုံ့လျှောက်လှမ်းရင်း အတွေးတွေ ဝေနေခဲ့တော့တယ်။
(၃)
အဲဒီလိုနဲ့ ဒီမွန်းရဲ့ လူငယ်ညတွေမှာ လရောင်ဖြူတွေက လေတိုက်တိုင်း၊ တဖျပ်ဖျပ်လွင့်ခတ်နေကြတယ်။
တစ်ညမှာ တစ်ကြိမ်သာမြင်ခွင့်ရှိတဲ့ 'လထွက်ချိန်'ကို ငြိမ်သက်ပြီး သူ စောင့်ငေးခဲ့ပြီ။ သစ်ခြောက်ပင်ကြီးပေါ်မှာ နှင်းခါးတွေ အုံ့အုံ့မှိုင်းမှိုင်းဝေတာကိုလည်း လမ်းပေါ်ကနေ သူရပ်ကြည့်နေတတ်ပြီ။
အိပ်ပျော်ချိန်မှာလည်း ပန်းဖြူတစ်ပွင့်ပန်ထားတဲ့ ရိုမန်တစ် အိပ်မက်တချို့ကိုပဲ ဌာန်ကုန်အောင် သူ မက်ခဲ့မိပေါ့။
ဟမ်းလော့ကို သူစွဲလမ်းမိတဲ့ကိစ္စက သိပ်တော့ အဆင်မသင့်လှပါဘူး။
ဟမ်းလော့ဟာ ဒီမြို့ရဲ့ အလှဆုံးမိန်းကလေးတွေထဲမှာ ပါပါတယ်။
မိဘတွေကလည်း ငွေကြေးချမ်းသာပြီး အလိုလိုက်ကြလို့ သူမဟာ ပေါ့ပေါ့တန်တန် ကြီးပြင်းလာတယ်။
အရွယ်ရောက်လာတော့ မျက်နှာများပြီး ရည်းစားများတယ်။
လမ်းဘေးအုတ်ခုံမှာထိုင်တဲ့ လူငယ်လေးတွေက သူ့ကို အသည်းခွဲဘုရင်မလို့ ခေါ်တယ်။
အဲဒီလိုမျိုးပေါ့။သူမကို ဒီမွန်း စွဲလန်းနေတယ်ဆိုတဲ့သတင်းကလည်း ပျံ့ထွက်လာရော သူမတို့ မိသားစုဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။
ဒီမွန်း အန္တရာယ်ပေးမှာ တစ်စုံတစ်ရာ တောင်းဆိုမှာတွေကို သူတို့ စိုးရိမ်ကြတယ်။
ဒီမြို့ကို စွန့်ခွာထွက်သွားဖို့ဆိုတာလည်း မလွယ်ကူလို့ တစ်နေ့နေ့မှာ ဘာဖြစ်လာမလဲဆိုတာကိုပဲ တထိတ်ထိတ်နဲ့ စောင့်နေကြရတယ်ပေါ့။
ဟမ်းလော့ဘက်ကလည်း ဂုဏ်တက်သွားတာလေးတွေ ရှိပါတယ်။
သူမလိုလှတဲ့ တခြားမိန်းကလေးတွေလည်း ရှိသေးရက်နဲ့ သူမကိုမှ ဒီမွန်းက တွယ်ငြိသွားရခြင်း၊ ဒီမွန်းလို စက်ရုပ်လူတစ်ယောက်ကို ရင်ခုန်အောင် ဆွဲဆောင်နိုင်ခြင်းတွေဟာ သူမတို့ မိန်းကလေးတွေကြားမှာတော့ ဟမ်းလော့ ခေါင်းမော့စရာပါပဲ။
အနေဝေးသူတွေအတွက် ဒီမွန်းက ခန့်မှန်းရခက်တယ်။
ခိုင်လုံတဲ့ သတင်းရပ်ကွက်က ထွက်လာတာသာ မဟုတ်ဘူးဆိုရင် ဒီသတင်းဟာ ယုံချင်စရာမကောင်းဘူး။
ဒီမွန်းက တည်တည်ကြည်ကြည်ပါပဲ။
ဟမ်းလော့အပေါ် နူးညံ့သိမ်မွေ့နေတာကလွဲလို့ တခြားဘာအရိပ်အခြည်ကိုမှ မပြပါဘူး။
အဲဒါကြောင့် ဟမ်းလော့တို့ အသိုင်းအ၀ိုင်းက ပိုပြီးစိုးရိမ်လာကြတယ်။
တစ်နေ့မှာ သူတို့က 'နတ်ပွဲ' တစ်ခု ကျင်းပပါလေရော။
နတ်ပွဲလုပ်ရတာကတော့ သူတို့ရဲ့သမီးလေးမှာ ကြုံရမယ့် အနှောင့်အယှက်တွေကို နတ်ကတစ်ဆင့် တားဆီးကြည့်တာပါ။
ဒါပေမယ့် အဲဒီပွဲကို ဒီမွန်းက လာကြည့်တယ်။
ပြီးတော့ ..."ဟေ့လူ ... လာဦး"နတ်ဝင်သည်ကို သူ့ဆီခေါ်တယ်။
နတ်ဝင်သည်က ကြောက်နေတယ်။
(နတ်ဝင်သည်မှမဟုတ်ဘူး၊ အဲဒီအချိန်မှာ အားလုံးကြောက်နေပြီ)
"ခင်ဗျားကို မြှားနတ်မောင် ၀င်ပူးအောင် လုပ်စမ်းပါ။ နေဦး မြှားနတ်မောင်နဲ့ ဖူးစာရေးနတ်ဆိုတာ အတူတူပဲလား။"
"အဲ .. ကျွန် .. ကျွန်တော် မသိ ...""ခင်ဗျားနတ် 'က' စားနေပြီး မသိဘူးလား။ ကဲ .. ထားပါတော့။ တူတူ မတူတူ ၀င်ပူးအောင်လုပ်စမ်း"
"အဲ့ .. အဲဒီနတ်က တကယ်ရှိလို့လား"
"ဟင် ... ခင်ဗျားက ကျုပ်ကို ပြန်မေးနေတယ်။ ကျုပ်က ဘယ်သိမှာလဲ။ ကဲ အဲဒီနတ်တွေ မသေချာရင် 'ကျူးပစ်' ၀င်ပူးစမ်း။ ကျူးပစ်ဆိုတာ အချစ်နဲ့ပတ်သတ်တဲ့ ရောမက နတ်ပဲ"
"ရ ... ရမှာ မဟုတ်ဘူးဆရာ။ ဒါ ... ဒါက ရောမမှ မဟုတ်ဘဲ မလွယ် ... "
ဒီမွန်းက စိုက်ကြည့်တော့ နတ်ဝင်သည် ကြောက်ဒူးတုန်နေတယ်။
ဒါပေမယ့် ဒီမွန်းက ဘာမှမလုပ်ပါဘူး။
ဘွိုင်းဂျော့ရဲ့ သီချင်းအလိုက်အတိုင်း လေချွန်ပြီး အေးအေးဆေးဆေး လှည့်ပြန်သွားတယ်။
ညနေကျတော့ မြို့ပြင်က ပိတောက်ပင်ကြီးအောက်မှာ သူတစ်ယောက်တည်း ဂစ်တာကြိုးတပ်နေတယ်တဲ့။
သူ့ကိုလည်း သတိပေးသူက ပေးပါတယ်။
"ဟမ်းလော့တို့မိသားစုက အစ်ကို့ကို မလိုလားကြဘူး အစ်ကို"
"အဟင်း .. ဟမ်းလော့ကိုယ်တိုင်ကရော"
"အဲဒါတော့ မသိဘူး အစ်ကို။ ဒါပေမယ့် သူက ယောက်ျားလေးတွေကို ကစားတတ်၊ ပညာပြတတ်တယ်"
"ဒီလောက်တော့ရှိမှာပေါ့လေ။ ဟမ်းလော့ဆိုတာကိုက အဆိပ်ပင်တစ်မျိုးပဲဟာ"
"ဟင် ... ပန်းဖြူပွင့်တဲ့ အပင်ဆို"
"အေးလေ ... ပန်းဖြူပွင့်တဲ့ အဆိပ်ပင်"
အဲဒီလိုနဲ့ ရာသီဥတုသာယာတဲ့တစ်နေ့မှာ ဒီမွန်းက ဟမ်းလော့ကို စကားတစ်ခွန်းပြောပါတယ်။
ရိုးရိုးရှင်းရှင်းပါပဲ။မင်းကို ချစ်တယ်တဲ့။
(၄)
"တစ်ခါတည်း အဖြေမတောင်းဘူးလား"လို့ ဒီမွန်းကို ၀ိုင်းမေးကြတယ်။
ဒီမွန်းက ဘာမှပြန်မပြောဘူး။
မေးလွန်းမက မေးကြတဲ့အခါမှာ သူက လက်ဖက်ရည်စားပွဲပေါ်မှာ မြေဖြူနဲ့ ရေးလိုက်တယ်။
"ငပေ၊ ငမှေး၊ မို့ ...အဖြေကလေး ပေးပါကွယ်" တဲ့။
ပထမတော့ အားလုံးကြောင်သွားပြီး နောက်မှ ရယ်လိုက်ကြတာ သောသောညံလို့ပေါ့။
"ကိုဒီမွန်းက ကဗျာလဲရေးတတ်တာကိုး။ သိပ်မိပဲဗျာ"
လို့ ၀ိုင်းပြောကြတယ်။
ဒီမွန်းကတော့ ထုံးစံအတိုင်း အေးတိအေးစက်ကြီးပါပဲ။
ဟမ်းလော့က ဒီမွန်းကို ပြောပါတယ်။
သူ့ကိုချစ်ရင် စာမေးပွဲတစ်ခု အောင်အောင်ဖြေပေးပါတဲ့။ ဟမ်းလော့ပြောတဲ့ စာမေးပွဲက အင်မတန်ခက်ခဲတဲ့ စာမေးပွဲပါပဲ။
သက်ဆိုင်ရာ ပညာသည်တွေအတွက်တောင် အသက်ရှူမှားရတဲ့ စာမေးပွဲဟာ ဒီမွန်းလိုလူတစ်ယောက်အတွက် တွေးဝံ့စရာ မရှိပါဘူး။
ဒါပေမယ့် အံ့သြလောက်အောင်ကို တောင်းဆိုသူက တောင်းဆိုပြီး ခေါင်းညိတ်တဲ့သူက ခေါင်းညိတ်လိုက်တယ်။အဲဒီစာမေးပွဲကို ဒီမွန်းဖြေမယ်တဲ့။
(အဲဒီစာမေးပွဲဟာ နိုင်ငံကြီးတစ်နိုင်ငံကြီးမှူးတဲ့ အပြည်ပြည်ဆိုင်ရာ စာမေးပွဲတစ်ခုပါ)
ဟမ်းလော့ကို သူတစ်ခွန်းပြောခဲ့တယ်။
"ကိုယ့်သဘာဝအရတော့ ဒါတွေကို စိတ်မ၀င်စားတော့ပါဘူး။
နိမ့်ပြ၊ မြင့်ပြ၊ ဆုတ်ပြ၊ ဆန်းပြနဲ့ မင်းရှေ့မှာ ဂဏန်းတွေ တစ်လုံးပြီးတစ်လုံး ဖြစ်ပြနေတဲ့ လူတွေထဲမှာလည်း ကိုယ်မပါချင်ဘူး။
ဒါပေမယ့် မင်းတောင်းဆိုလို့ ကိုယ် ကြိုးစားမယ်။
ကိုယ်က လူမိုက်ပါ။ လူမိုက်အတိုင်းအတာအထိပဲ စွမ်းနိုင်လိမ့်မယ်။
ကြယ်တံခွန်ကို ကိုယ်မဆွတ်နိုင်ဘူး။ ဒါပေမယ့် လူမိုက်ဟာ လူမိုက်လိုတွေးတယ်။
ကိုယ်ကိုယ်တိုင်က 'လူတံခွန်' ဖြစ်အောင် လုပ်မယ်။အဲဒီတော့ မင်းစောင့်နေလေ။
အဲဒီစာမေးပွဲကို ကိုယ် အောင် အောင်ဖြေပြီး မင်းဆီ ကိုယ်ပြန်လာခဲ့မယ်။"
အဲဒီလိုနဲ့ ဒီမွန်းဟာ ကျောင်းတော်သားတစ်ယောက်ပြန်ဖြစ်သွားတယ်။
ဒါပေမယ့် သူ့ကျောင်းက ခေါင်းလောင်းမထိုးဘူး။
သူကလည်း ဖောင်တိန်၊ စာရွက်၊ ဖတ်စာအုပ် စတာတွေ ဘာမှမဆောင်ဘူး။
သူဖြေဆိုရမယ့် ဘာသာရပ်နဲ့ ပတ်သတ်ပြီး မြို့ပြင်က ကျောင်းဆရာကြီးတစ်ယောက်ထံမှာ (SYMPOSIUM) ဆိုတဲ့ စနစ်နဲ့ သင်ယူပါတယ်။
သူနဲ့ ဆရာကြီးဟာ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ထိုင်တယ်။
မြေပြင်မှာ တုတ်နဲ့ခြစ်ပြီး အပြန်အလှန်ပြောဆို ဆွေးနွေးကြတယ်။
ပြန်လည်ငြင်းခုံခွင့်ရော၊ နည်းလမ်းဆန်းသစ်ခွင့်ရော သူရတယ်။
အဲဒီလိုနဲ့ ဒီပညာကို လေ့လာခဲ့တယ်။
(ဆရာကြီးရဲ့ သမီးဖြစ်သူဟာလည်း ဒီဘာသာရပ်နဲ့ ပတ်သတ်ပြီး ကျမ်းပြုစာတမ်းတစ်စောင် ရေးသားခဲ့ဖူးတယ်။ အစပိုင်းမှာပဲ ဆရာကြီးက သင်ပေးနိုင်ပြီး နောက်ပိုင်း သူ့ ကျန်းမားရေးမကောင်းတဲ့အခါ သင်မပေးနိုင်တော့ဘူး။ ဆရာကြီးကိုယ်စား သူ့သမီးက ဆက်လက်သင်ပြပေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီမွန်းကတော့ ကြိုးစားပါတယ်။)
မီးခိုးငွေ့တန်းကို ကြိုးကွင်းနဲ့ ပစ်ဖမ်းတာကမှ လွယ်ဦးမယ်။
ဒီစာမေးပွဲကို အောင်မြင်ဖို့ မလွယ်ပါဘူး။
ဒါပေမယ့် ဒီမွန်းကတော့ တိုက်ပွဲဝင်သွားပါပြီ။
စစ်ရထားပေါ်ကနေ အားလုံးကို လက်ပြနှုတ်ဆက်ထားပါပြီ။
မြို့ပတ်လမ်းမှာ၊ သင်္ဘောဆိပ်မှာ၊ မြင်းလှည်းပေါ်မှာ၊ ပန်းခြံထဲမှာ ကျောင်းစာတွေ လေးလေးနက်နက်စဉ်းစားနေတဲ့ ဒီမွန်းကို အားလုံးတွေ့ကြရတယ်။
(အားလုံးကလည်း မသိမသာ အကဲခတ်နေကြတယ်)
အဲဒါကို ဟမ်းလော့နဲအပေါင်းအပါတွေက မသိမသာ မျက်စပစ်တယ်။
ဒီမွန်းရှေ့မှာ ဘာသံမှ မထွက်ရဲပေမယ့် ကွယ်ရာမှာတော့ ဒီမွန်းကို ငပေါတစ်ယောက်လို ဟားကြတယ်။ဒီမွန်းလိုကောင်ကို ၀ပ်သွားအောင် ပြုစားလိုက်နိုင်တဲ့ ဟမ်းလော့ရဲ့ နားထဲကိုလည်း ချီးကျူးစကားတွေ အများကြီးရောက်လာတယ်။
အဲဒီအချိန်မှာတော့ သူမတို့အတွက် ပျော်စရာဆိုတာ ဒီမွန်းကို ကျိတ်ရယ်နေကြခြင်းပါပဲ။
အဲဒါတွေအားလုံးကို ဒီမွန်း ပြန်ကြားပါတယ်။
သူ့ဆီကိုလည်း စာတစ်စောင် ရောက်လာတယ်။ဟမ်းလော့ကို ဒီမွန်းထက်အရင်ချစ်ခဲ့ပြီး ဒီမွန်းကြောင့် နောက်ဆုတ်ပေးရတဲ့ လူငယ်တစ်ယောက်ဆီကပါ။
ဟမ်းလော့ကို သူသိပ်ချစ်တယ်ဆိုတာကို နာမည်မဖော်ဘဲ ကြေကြေကွဲကွဲ ရေးထားတာပါ။ဒီမွန်းကတော့ ဘာကိုမှ မခံစားရသလိုပါပဲ၊သူ့ကျောင်းစာကိုပဲ သူလေ့လာပြီး နောက်ဆုံးတော့ သံရုံးမှာ ဖြေဆိုဖြစ်တယ်။
စာမေးပွဲအကြောင်း ဘာမှပြန်မပြောဘဲ မြို့မှာ ပုံမှန်ပြန်နေတယ်။သူ့ ထုံးစံအတိုင်း အေးတိအေးစက်ကြီးပါပဲ။
(၅)
လောကကြီးမှာ မာယာများတတ်တယ်နော်။
တချို့ညတွေမှာ ကြယ်တာရာတွေရံပြီး တချို့ညတွေမှာ လင်းနို့တွေ သင်းဖွဲ့ပျံနေကြတယ်။
မြင်းစီးသူရဲချင်းတူတာတောင် ကိုင်တဲ့ကျာပွတ်ချင်းမတူဘူး။
အဲဒီလို မျက်လှည့်ပြတတ်တဲ့ လောကကြီးထဲမှာမှ ဒီမွန်းဟာ ဟမ်းလော့ကိုချစ်ရတာ ဘီလူးတစ်ကောင်က ရွှေမင်းသမီးလေးကို မြတ်နိုးရသလိုပါပဲ။
ဟမ်းလော့ဘက်ကတော့ ဒီမွန်းကို ကြောက်တာတစ်ခုတည်းသိပြီး ဘာမှ အလေးအနက်မရှိခဲ့ပါဘူး။
အောင်မှာ မဟုတ်တဲ့ စာမေးပွဲကြီးတစ်ခု ဖြေခိုင်းပြီး လွယ်လွယ်ကူကူ ပထုတ်လိုက်တာပါ။
မတော်တဆ အောင်သွားရင် ဘယ်လိုလုပ်မလဲ။
ကျဦးတော့ ဒီမွန်းက နောက်ဆုတ်မပေးရင် ဘယ်လိုလုပ်မလဲဆိုတာလည်း သူမ ကြိုတွေးမထားပါဘူး။ဒီမွန်းရဲ့ စာမေးပွဲအတွက် အောင်စာရင်းထွက်ဖို့ နီးလာတာနဲ့ မြို့သူမြို့သားတွေ စိတ်ဝင်တစား စောင့်ကြည့်လာကြတယ်။
တစ်နေ့မှာတော့ ဟမ်းလော့တို့ အသိုင်းအ၀ိုင်းက မီးပုံပွဲတစ်ခုလုပ်ကြတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့ဟာ ဒီမွန်း အောင်စာရင်းထွက်တဲ့ နေ့ဖြစ်တယ်။
အောင်စာရင်းကြည့်ဖို့အတွက် ဒီမွန်းဟာ မနက်အစောကြီး သူ့အိမ်က ထွက်သွားပါတယ်။
သူပြန်အလာကို ရင်မောမောနဲပ စောင့်ကြိုရင်း မြို့ကလေးလည်း ရင်ခုန်သံတွေ တရိပ်ရိပ်မြန်နေပါတယ်။ညနေစောင်းတဲ့ အထိ ဒီမွန်း ပြန်ရောက်မလာပါဘူး။
ဟမ်းလော့တို့ဟာ ဒီမွန်း ရှုံးနိမ့်သွားပြီဆိုတဲ့အသိနဲ့ မီးပုံပွဲကို ပျော်ပျော်ရွင်ရွင် စတင်လိုက်ကြပါတယ်။
တစ်ယောက်က ဟမ်းလော့ကိုနောက်တယ်။
"ဒီမွန်း အောင်ခဲ့ရင် ဘယ်နှယ့်လုပ်မလဲ" တဲ့။
ဟမ်းလော့က ချစ်စရာအမှုအရာလေးနဲ့ ရယ်ရင်း ...
"သူ အောင်မှာမဟုတ်တဲ့ စာမေးပွဲပါ" လို့ ပြောတယ်။
ဟမ်းလော့ရဲ့အမေကလည်း နံဘေးနားမှာ ရှိတယ်။
နားသယ်စပ်က ဆံပင်တွေကို သပ်တင်သလိုလိုနဲ့ သူ့နားရွက်က စိန်နားကပ်ကြီးကို လူမြင်အောင် ပြနေတယ်။
ချင့်ချိန်တတ်ပုံရတဲ့ အရာရှိကြီးတစ်ယောက်က ၀င်ပြောတယ်။
"'ဒီမွန်းက စာမေးပွဲအောင်ချင် အောင်လာမှာ။ သိပ် လျှော့မတွက်နဲ့" တဲ့။
"ဒီမွန်းက ဥာဏ်ရည်သိပ်မြင့်တယ်။ သူ ဖြစ်ချင်တာကိုလဲ ဖြစ်အောင်လုပ်တတ်တယ်" တဲ့။
အဲဒီစကားကြားတော့ ဟမ်းလော့ နည်းနည်းမျက်နှာပျက်သွားပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်သွားတယ်။
ခဏကြာတော့ နိုင်ငံခြားပြန်ဆရာဝန်တစ်ယောက် ရောက်လာတယ်။
ဒီမွန်း စာမေးပွဲကိစ္စကို တဟားဟားအော်ရယ်ပြီး ...
"စိတ်ချပါဗျာ၊ ဒီမွန်းက ဘယ်လိုလုပ် အောင်မှာလဲ။ ဒီစာမေးပွဲအောင်ဖို့ဆိုတာ အမေရိကမှတောင် ... " ဘာညာပြောတယ်။ဟမ်းလော့လည်း စိတ်အေးသွားတယ်။
ဟမ်းလော့ရဲ့အမေက ငွေစက္ကူကြီးတစ်ရွက်ကို ထောင့်စွန်းလေးဖြစ်အောင်လုပ်ပြီး နားဖားချေးကလော်နေတယ်။
(နားဖာချေးကလော်သလိုလိုနဲ့ နားရွက်က စိန်နားကပ်ကြီးကို လူသတိထားမိအောင် ပြနေတယ်)နောက်ထပ်ဧည့်သည်တစ်ယောက် ရောက်လာတယ်။
သူကတော့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဒီမွန်းနဲ့လည်း စကားအပြောအဆိုရှိတယ်။
"ဒီမွန်းက ရန်ကုန်ကို ဖုန်းနဲ့ကြိုမေးပြီး အောင်စာရင်းသွားကြည့်တာ" တဲ့။"
လေကလေးချွန်ပြီး ထွက်သွားတာပဲ။ အောင်တယ်ထင်တယ်" တဲ့။
သူ့စကားကြောင့် ဟမ်းလော့က နှုတ်ခမ်းလေးကို ကိုက်ထားပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်။
အဲဒါနဲ့ သူတို့ကလည်း ရန်ကုန်က နှံ့စပ်တဲ့ မိတ်ဆွေတစ်ယောက်ဆီ အဲ့ဒီစာမေးပွဲအကြောင်း ဖုန်းဆက်မေးလိုက်တယ်။
မိတ်ဆွေက ပြန်ပြောတယ်။ ဆယ်ရာခိုင်နှုန်းပဲ အောင်တယ်။ ကိုးဆယ်ရာခိုင်နှုန်း ကျတယ်တဲ့။ဟမ်းလော့က သက်ပြင်းချတယ်။
ဟမ်းလော့ရဲ့အမေက ၀မ်းသာအားရ ပြုံးလာတယ်။
ဟိုဘက်လှည့် နှုတ်ဆက်၊ ဒီဘက်လှည့်နှုတ်ဆက်နဲ့ သူ့စိန်နားကပ်ကြီးကို လည်လိမ်ပြီး ပြနေတယ်။
ညမှောင်လာတာနဲ့ အမျှ မီးပုံပွဲက ပိုပြီး စည်ကားလှပလာတယ်။
ဟမ်းလော့ရဲ့ အပေါင်းအပါတွေ အောင်ပွဲခံသလို စားသောက်နေကြတုန်း သတင်းတစ်ခုဝင်လာတယ်။
ဒီမွန်း မနက်ကထွက်သွားတဲ့ သူရဲ့ (သိမ်းထားတာကြာပြီဖြစ်တဲ့) နာမည်ကျော် ဓားမြှောင်ကို ကိုယ်မှာဆောင်သွားတယ်။
သူ စာမေးပွဲကျရင် ဟမ်းလော့ကို အကြမ်းနည်းနဲ့ လုယက်ခေါ်ဆောင်ဖို့ ဖြစ်နိုင်တယ်တဲ့။
ဟမ်းလော့က မျက်လုံးဝိုင်းနေပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်။
နောက်တော့ ဧည့်သည်တစ်ယောက် အမောတကော ရောက်လာပြီး သူတို့ရှေ့မှာ ရပ်တယ်။ဟမ်းလော့ရဲ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာတယ်။
ဧည့်သည်က အထစ် အထစ်နဲ့ ပြောတယ်။
'ဒီမွန်း အခုပဲ ပြန်ရောက်လာပြီ'
ဆိုလို့ ထရပ်မိတဲ့ ဟမ်းလော့ရဲ့အမေဟာ ...
'ဒီကိုတော့ မလာသေးဘူး' ဆိုတဲ့ စကားကြောင့် ပြန်ထိုင်မလို လုပ်ပြီးခါမှာ ...'ဟော့ဒါပေးလိုက်တယ်' ဆိုတာကြောင့် မထိုင်မိဘဲ ကုန်းကုန်းကွကွ ဖြစ်နေတယ်။
(ခြုံငုံသုံးသပ်ရရင်တော့ သူ့ခမျာ ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်)
ဒီမွန်းပေးလိုက်တာ စက္ကူအိတ်တစ်အိတ်ပါ။
အဲဒါကို သူတို့တွေ ကြောက်ကြောက်လန့်လန့်နဲ့ ဖွင့်ကြတယ်။
"အို"ပထမဆုံး ထွက်လာတာကတော့ အဲဒီစာမေးပွဲကို ဒီမွန်က ပြောင်ပြောင်မြောက်မြောက် အောင်မြင်လိုက်တဲ့ အကြောင်း သိသာခိုင်မာတဲ့ အထောက်အထားစာရွက်ပါ။
ဟမ်းလော့တို့ အပေါင်းအပါတစ်စုလုံး မွှန်ထူသွားကြတယ်။
ဟမ်းလော့ဆိုရင် မျက်စိတွေပြာပြီး ကတုန်ကယင်ဖြစ်သွားတယ်။
'ဆက်ဖတ်ကြည့်စမ်းပါဦး' လို့ ဘေးလူတွေက တုန်လှုပ်သတိပေးရတယ်။
ဆက်ကြည့်တယ်။
ဒုတိယထွက်လာတာ လင်္ကာတစ်ပုဒ်ပါ။
အရိုးခွံကို အရေပြားနဲ့ပတ်ထားတဲ့ ရုပ်အလှဟာ မမြဲသောတရားသာဖြစ်လို့ ဒီအပေါ်မှာ ဂုဏ်မမောက်သင့်ဘူး ဆိုတဲ့အကြောင်း ဆုံးမထားတဲ့ သံဝေဂလင်္ကာကြီးပါ။
တတိယထွက်လာတာကတော့ လျှာထုတ်ပြောင်ပြရင်း လက်ဝှေ့ရမ်းနှုတ်ဆက်နေတဲ့ ကာတွန်းရုပ်ပါပဲ။အောက်က စာတစ်ကြောင်းရေးထားတယ်။
"ဒီဘ၀မှာ နှမလက်လျှော့နေလေတော့" ဟု။
အဲ့ဒီအောက်ကနေ ဒီမွန်းရဲ့လက်မှတ်ကို သူ့နာမည်ရင်းနဲ့ ရေးထိုးထားတယ်။
(၆)အဲဒီညနေဟာ ရွှေအိုရောင်မြူခိုးတွေနဲ့ ရိုးရိုးသားသားလှပနေခဲ့တယ်။
ဒီမွန်းက သူ့ကိုစာပြပေးတဲ့ ဆရာမလေးဆီ ၀င်နေတာပါ။
"မမ ကျွန်တော် စာမေးပွဲအောင်တယ်"
ဆိုတော့ ကောင်မလေးက ကြည်ကြည်လင်လင် ပြန်ပြုံးပြတယ်။
ဒီမွန်းက သူ့ကိုယ်ပေါ်က ဓားမြှောင်ကို ကောင်မလေးရဲ့ အရှေ့ဘက်မြေပြင်မှာ ပစ်ချပြီး ...
"ကျွန်တော့်လူမိုက်ဘ၀ကို မမရှေ့မှာ ကျွန်တော် လက်နက်ချလိုက်ပြီ။ ကျွန်တော့်ကို ဒီမွန်းလို့ မခေါ်နဲ့တော့" လို့ပြောတယ်။
နောက်ထပ်လည်း စကားတွေ အများကြီးပြောတယ်။
တိုးညင်းနွေးထွေးတဲ့ သူ့စကားတွေကို နားထောင်ရင်း ကောင်မလေး မျက်လွှာချတယ်။ အေးငြိမ်းတဲ့မျက်နှာလေးဟာ တဖြည်းဖြည်းအောက်ငုံ့သွားတယ်။
လေတွေ တသုန်သုန်တိုက်တဲ့အခါ သူ့ဆံနွယ်မျှင်လေးတွေက အနုပညာဆန်ဆန် မျောလွင့်နေကြတော့တယ်။
တာရာမင်းဝေ
P.S
ဆရာရဲ့ ဝတ္ထု တို တွေထဲကတစ်ခုပါ ။
ဆရာကောင်းရာသုဂတိလားပါစေ။

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP