Thursday, July 9, 2009

နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ




တရှပ်ရှပ်ကြားနေရသော ခြေသံသည် နီးသထက်နီးလာသည်နှင့်အမျ ဒိုးလေး စောင်ကို ခေါင်းအထိလုံအောင်ဆွဲခြုံရင်း မျက်စိကိုအတင်းမှိတ်ထားလိုက်သည်။

ကျီ........

တံခါးဆွဲဖွင့်သံကြောင့် ရင်ခုန်သံ မြန်လာသည်။ စောင်ကိုသာဟ၍ ခိုးကြည့်မိသည်။ အမှောင်ထဲမှာပင် မျက်လုံးနှစ်လုံးရဲ့ တောက်ပမှု့က စူးစူးရဲရဲ ၊ စောင်အတွင်းမှ ချွေးစေးပြန်အောင် တိတ်ဆိတ်နေမိပြန်သည်။

"ဒိုးလေး ဒိုးလေး ကြီးတော်ပါကွယ်၊ စားစရာတွေယူလာခဲ့တယ်။ ကြီးတော်သတိရလွန်းလို့ ပါ"

ဒိုးလေးအသံမပြုသည့်တိုင် စောင်ကိုတော့ဆွဲလှန်လိုက်သည်။

"ကြီးတော် မီးဖွင့်လိုက်မယ်နော်"
"မဖွင့်နဲ့ မဖွင့်နဲ့ ဒိုးလေး ကြောက်တယ် ၊ ကြောက်လွန်းလို့ ပါ "
"ဒိုးလေးရယ်....."

ကြီးတော်က ဒိုးလေးကို အသာ ပွေ့ထူရင်း ပါးပေါ်ကမျက်ရည်စီးကြောင်းလေးဝေကိုသုတ်ပေးသည်။ ကြင်နာစွာ ခေါင်းကိုပွတ်သပ်ပေးရင်း....

"ဒိုးလေး ကျန်းမာအောင်နေနော် ဒိုးလေးကျန်းမာလာရင် ကြီးတော်တို့ အတူ မခွဲဘဲ ပြန်နေရမှာ"

ဒိုးလေးကြီးတော်ကိုချစ်တယ်။ ကြီးတော် စကားတွေကိုနားထောင်ချင်တယ်။ ခံစားမှု့ ကင်းမဲ့နေသော မျက်ဝန်းတွေက ကြောင်တောင်တောင်ခေါင်းညိတ်ပြနေသော ဒိုးလေးကို ကြီးတော် ရင်နာစွာ ငေးမောရင်း အမှောင်ခန်းထဲမှထွက်ခွာသွားလေသည်။


ပြတင်းပေါက်ကိုအသာဟ၍ ဒိုးလေး ပြရင်းပေါက်ကမြင်နေရတဲ့ တိမ်ပြာပြာတွေငေးကြည့်မိသည်။
ဖေဖေ့ကိုမြင်ယောင်မိသည်။
မေမေ့ ကိုမြင်ယောင်သည်။
ဖေဖေ နဲ့ မေမေ ကဒိုးလေးကို မချစ်ဘူး။ ဒိုးလေးကို ဘာလို့ မချစ်ကြသလဲဆိုတာ ယနေ့ တိုင် မှုန်ဝါးဝါးအတွေးတွေနဲ့ရှိနေတုန်း။
ဦးနိုင်မိုး နဲ့ ဒေါ်ဝတီစိုး ကြောင့်လား၊ ဒါမှမဟုတ် ဖိုးသားနဲ့မီးမီးဆိုတဲ့ ဒိုးလေးရဲ့ညီလေး နဲ့ညီမလေးကြောင့်လား ဟင့်အင်း ဒိုးလေး မစဉ်းစားချင်တော့ဘူး။

ဒိုးလေးကို ပစ်ထားခဲ့ကြမှာကိုကြောက်တယ်။ မှောင်မဲနေတဲ့ အခန်းထဲမှာ ကြွက်ကြီးတွေလာဆိတ်မှာ ကိုကြောက်တယ်။ လက်တွေကိုကြိုးတုတ်ထားကြမှာကို ကြောက်နေမိတုန်း။

ဒိုးလေး သိတတ်တဲ့အရွယ်ကတည်းက မေမေ ရဲ့ ဒေါ်သတွေ၊ ဖေဖေရဲ့လှောင်ပြောင်ရယ်မောသံတွေနှင့်အတူ စတင်လူလားမြောက်ခဲ့ရသည်။ ဒါပေမယ့်ဒိုးလေး ဖေဖေနဲ့မေမေ ကိုချစ်သည်။

"ဟဲ့ကောင်လေးဒီနားလာမရှုပ်နဲ့ ၊ သွားတော်ရာသွားကစားစမ်း ၊ နင့်ကိုမွေးရတာ ဝမ်းရေစပ်တယ် မွေးမိတာငါ့အမှား"

မွေးဖွားလာခဲ့သည်ကိုပင် ပြဿနာလို့  မှတ်ယူခံခဲ့ရပေမယ့် ဒိုးလေးကတော့ မေမေ့ ရင်ခွင် ကိုတမ်းတနေရသူ။ အဲ့လို ဆူပူအော်ငေါက်နေတောင် မေမေ့ ရဲ့ ရှားပါးတဲ့အပြုံးတွေကိုမြင်ရရင် ဒိုးလေးပျော်တယ်။ ထမင်းခွံ့မကျွေးလဲကျေနပ်တယ်။ တယုတယ မရှိလဲ ဒိုးလေး ချစ်တယ်။ နောက်ဆုံး ဒိုးလေး ကိုမေမေ မေ့နေရင်တောင် ဒိုးလေး မေမေ့ မျက်နှာကိုမြင်ရရုံနဲ့တင်ကျေနပ်ခဲ့တယ်။

"ဒိုးလေး နေခဲ့လို့ဖေဖေပြောနေတယ်နော် ။ ဖေဖေ လက်မပါချင်ဘူး။ မင်းငါ့ကို လာရှုပ်ဖို့  ပြဿနာ ရှာဖို့ မွေးလာတာလား။ သွားသွား မင်းဘာသားသွားဆော့ ၊ ဒီတစ်ခါလာရှုပ်ရင် ဖေဖေရိုက်တော့မှာနော်"

ဖေဖေ ဘယ်လောက်ပြောပြော ဖေဖေ ရဲ့အနောက်ကိုဒိုးလေးလိုက်ချင်တယ်။ ဖေဖေ့လည်ပင်းကိုသိုင်းဖက်ပြီး လိုက်သွားနေချင်တာ။
တစ်ခါတစ်ခါ နာရင်းအုပ်တတ်တဲ့ ဖေဖေရဲ့ ဒေါ်သကို ဒိုးလေး လျစ်လျူ ရှုတတ်ခဲ့ပြီ။

ဒိုးလေး အမြဲတမ်းတနေတာက ဖေဖေရဲ့ အကြင်အနာတွေနဲ့ မေမေ ရဲ့ မေတ္တာ တွေ ။ တစ်နေ့နေ့တော့ရမယ်လို့  ဒိုးလေး ယုံနေမိတာခုအချိန် ထိပဲ။ ငယ်စဉ်ကတည်းက မိခင်အပေါ် ဆိုးနွဲ့တတ်တဲ့ ကလေးတစ်ယောက် ရဲ့ ဘဝကိုဒိုးလေးဆုံးရှုံးခဲ့ရပြီးပြီ။ ညည့်နက် မှ အိမ်;ပြန်လာတတ်တဲ့ ဖေဖေ နဲ့မေမေ ဆီမှာ ဒိုးလေးကိုသတိရခြင်း ဂရုစိုက်မှု့တွေမရှိတော့လောက်အောင် ဖြစ်ခဲ့ရပေမဲ့ ဒိုးလေးကတော့ ဖေဖေ နဲ့မေမေ ကိုမြင်ရတယ်ဆိုရုံ နဲ့ ကျေနပ်ခဲ့ရတာ။

ကြီးတော်ရဲ့လက်ပေါ်မှာကြီးပြင်းခဲ့ရပြီး ကြီးတော်ရဲ့ ရင်ခွင်သာ ဒိုးလေးရဲ့ နားခိုရာဖြစ်တယ်။ ဒိုးလေး အသက် ၈ နှစ်မှာ ပြင်းထန်တဲ့ဝေဒနာတွေရရှိခဲ့တယ်။ အဲ့ဒီနေ့ကို အမှတ်ရမိနေခဲ့တယ်။

"ငါတို့ ဒီလိုဆက်သွားနေရင် အချိန် တွေကုန်နေမှာပဲ။ နေမြင့်လေ အရူးရင့်လေ ဖြစ်နေဦးမှာပဲ။ ကွာရှင်းလိုက်တာကောင်းမယ်ထင်တယ် "
"ကောင်းပါတယ် ဒီစကားကိုရှင်မပြောရင်တောင်ကျမကပြောတော့မလို့ ။ မေမေ မဆုံးသေးလို့ သည်းခံနေရတာ။ ရှင် ဝတီစိုးနဲ့လက်ထပ်မာမဟုတ်လား"

မေမေ့ မျက်နာ ကခံစားမှု့တွေကင်းမဲ့နေသလို အကျဉ်းအကျပ်က လွတ်တော့မယ့် အကျဉ်းသားတစ်ဦးလို။ ဖေဖေတော့ပြောလိုက်ရလို ဝန်ထုတ်ဝန်ပိုးကြီး ကျသွားသည့်နှယ် စိတ်လက်ပေါ့ပါးသွားသည့်  နှယ် ။

"မင်းလဲ နိုင်မိုး ကိုအိမ်ပေါ် ခေါ်တင်မှာပါပဲ ၊ ကောင်းတယ် ။ အချိန်တွေ ဒီလောက်ကြာတာကိုပဲနှမြောမိတယ်။ လွန်ခဲ့တဲ့ ၈နှစ်ကျော်ကတည်းက မိဘတွေစကားနားမထောင်ခဲ့ရင်အကောင်းသား"


မီးဖိုခန်းထဲကထွက်လာတဲ့ ကြီးတော် က ဆိုဖာတွေကြား ပုန်းကွယ်နားထောင်ရင်း မျက်ရည်ကျနေတဲ့ ဒိုးလေးကို ကြည့်ပြီး ......

" ခင်လေး ကြီးတော် တစ်ခုတော့ပြောပါရစေ။ ဒိုးလေးကိုတော့ထည့်တွက်စဉ်းစားပေးကြပါ။ ခင်လေးနဲ့မောင်စိုးရ ကွဲမယ်ဆို ဒိုးလေးအတွက်မကောင်းနိုင်ပါဘူးကွယ် စဉ်းစားကြပါဦး "

ကြီးတော် စကားက ဖေဖေနဲ့မေမေ ကို ဒိုးလေးကိုသတိရသွားစေသည်။ မေမေ့ ရဲ့ စိတ်ညစ်သွားတဲ့မျက်နှာ နဲ့ ဖေဖေရဲ့စိတ်ရှုပ်သွားတဲ့မျက်နှာတွေကို ဒိုးလေး ယနေ့ထိမှတ်မိသတိရနေပါတယ်။ ဒါပေမယ့် ဒိုးလေးရင်မှာ ဖေဖေ နဲ့ မေမေ ကိုချစ်တုန်း မျော်လင့်တုန်းပါပဲ။

"ကဲ ကိုစိုးရ ကျမတို့ မေ့ထားကြတာဘယ်လိုလုပ်ကြမလဲ ကျမ အမှားပဲ ရှင်နဲ့ပတ်သက်ပြီးနောက်ဆံတင်းစရာမရှိအောင် အနှောင်အဖွဲ့မရှိအောင် နေခဲ့ရမှာ ရှစ်နှစ်ကျော် နောက်ဆုတ်လိုရရင်အကောင်းသားရှင်"

"ဘယ်တက်နိုင်မလဲ ခင်လေး၊ ဒိုးလေးနဲ့ပတ်သက်ရင် နှစ်ဦးလုံးနဲ့ဆိုင်တယ် တစ်လည့်ဆီခေါ်ထားကြတာပေါ့"


ဆက်ရန်

စာကြွင်း
ရွှေအမြုတေ မှ ပင်မြင့်စံ(ရွှေဘို) ရေးသားတဲ့ နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ကိုပြန်လည်ဖော်ပြနေတာဖြစ်ပါတယ်။
ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ် ။


နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ၂

ကျေးဇူးတင်ပါတယ်။
သက်အောင်(ကလောင်တိုက်ပွဲ)


2 comments:

Lucifer July 10, 2009 at 8:34 AM  

စာတွေလာလာ ဖတ်တယ်.. ဆက်ရေးနော်..

မိုးစက်အိမ် July 10, 2009 at 8:59 AM  

ဒိုလေးကို ခံစားသွားတယ်
အဆက်ကလေး မျှော်နေပါတယ်...

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP