နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ၂
ဖေဖေရဲ့ အဆုံးအဖြတ် ကို မေမေ ကထောက်ခံသလို ဒိုးလေးအနေနဲ့လည်း ဖေဖေကိုရော ၊ မေမေကိုရောတွေ့နေရဦးမည် ဆိုသဖြင့် ကျေနပ်စွာလက်ခံခဲ့သည်။ ကြီးတော်ရဲ့ မျက်ရည်စတွေကိုတော့ ဒိုးလေးနားမလည်ခဲ့ပါဘူး။
"ဒိုးလေး ဒီအိမ်မှာ ၆ လနေရမယ်။ မင်းဖေဖေတော့ဒီအိမ်မှာမရှိတော့ဘူး။ အဖေအသစ်ရောက်လာလိမ့်မယ်။ ကောင်းကောင်းနေနော်။ မဆော့ရဘူး၊ မေမေ စိတ်မရှုပ်အောင်နေ၊ မင်းအတွက်နဲ့ မေမေရော ၊ ဒီအိမ်ရောက်လာမယ့် ကိုနိုင်မိုးရော စိတ်ညစ်ရရင် မင်းကိုရိုက်မယ် ဒီမှာတွေ့လား"
ဒိုးလေးအတွက် မျှော်လင့်မထားတဲ့အရာဟာ ကြိမ်လုံးတစ်လုံးဖြစ်နေခဲ့သည်။ ကျောင်းကပြန်လာလျင် ဆီးကြိုမယ့်သူဟာ ကြီးတော်ရဲ့ ရင်ခွင်သာလျင် ဒိုးလေးအတွက်နားခိုရာဖြစ်လာခဲ့တယ်။ အဖေအသစ်ဆိုတဲ့ လူနဲ့ မေမေ့ရဲ့ ပျော်ရွှင်စွာရယ်မော သံတွေဟာ ဒိုးလေးအတွက် အိပ်မက် ဆိုးတွေဖြစ်လာခဲ့တယ်။
"ဟဲ့ ဒိုးလေးဒီနားမလာနဲ့ သွားကိုယ့်အခန်းထဲ ကိုယ်သွားဆော့၊ မုန့် တွေယူသွား နောင် ဒီနားကိုမလာခဲ့နဲ့ "
တဖြည်းဖြည်းနဲ့ ဒိုးလေး မေမေ နဲ့ဝေးလာခဲ့တယ်။ မေမေ့ ကိုမြင်နေခွင့်တောင်မရှိတော့လောက်အောင်ဖြစ်ခဲ့ရပြီ။ ဒိုးလေး အရုပ်တွေနဲ့လဲမဆော့ချင်ခဲ့ဘူး သူငယ်ချင်းတွေနဲ့ ဘောလုံးလဲ မကန်ချင်တော့ဘူး။ ဖေဖေ့ကိုလွမ်းခဲ့တယ်။ မေမေ့မျက်နှာ ကိုတစ်ဝကြီးကြည့်ချင်ခဲ့တယ်။ မေမေလို့ အကျယ်ကြီးအော်ခေါ်ပြီး အားပါးတရဖတ်ထားချင်ခဲ့တာ။
ဒိုးလေး တစ်နေ့မှာ အိပ်မက်ဆိုးတွေမက်တယ် ။
ဒိုးလေး အနောက်ကိုလက်မည်း ကြီးတွေ လိုက်လာတယ်။ ဒိုးလေး လည်းပြေးတယ်။ အမှောင်ကြီးထဲမှာ တစ်ယောက်တည်း ပြေးလွှား နေရတာ ကြောက်လိုက်တာလဲ မပြောပါနဲ့တော့။ အိပ်မက်ကနိုးတော့ ဒိုးလေးအော်ငိုမိတယ်။ မေမေ့ ကို အော်ခေါ်မိတယ်။ ဒါတောင် မေမေ မလာခဲ့ဘူး ။ ဒိုးလေး မေမေ ရှိတဲ့ ဆီကိုပြေးလာခဲ့မိတယ်။
"ဟဲ့ဟဲ့ ဘာလဲ ဘာလဲ ဘာဖြစ်တာလဲ "
"ဟာကွာ ရှုပ်လိုက်တာ ခင်လေး မင်းသားကို ခေါ်ထုတ်သွားစမ်း "
ဆူညံ တဲ့ ကတ်ဆက်ကိုပိတ်ပြီး ကခုန်နေတဲ့အရှိန်ပျက်သွားတဲ့အတွက် ဦးနိုင်မိုး က ဒိုးလေးကိုဒေါ်သတကြီး လှမ်းကြည့်တယ် ။
မေမေကတော့ အပေါ်ဝတ် အင်းကျီ ကို ကောက်ဝတ်ရင်း မေမေ က ဒိုးလေး ပခုံး ကို ဆုပ်ကိုင်ပြီး......
"ဒိုးလေး အခန်းထဲမလာရဘူး ငါပြောထားတယ်လေ။ နင်ဘာလာလုပ်တာလဲ "
"ဒိုးလေး ကြောက်လို့ ပါ မေမေရယ် ဒိုးလေး အိပ်မက် ဆိုးတွေမက်တယ် အိပ်မက်ကြီးကကြောက်စရာကြီး ဒိုးလေး ဒီတစ်ည မေမေ နဲ့အိပ်ပါရစေနော်။ "
မေမေ့ လက်ကိုအတင်းကိုင်ထားပြီး ဒိုးလေး တတွတ်တွတ် ပြောနေမိတယ်။ ဝေခွဲ မရစွာ တွေဝေသွားတဲ့ မေမေ့ ကို ဦးနိုင်မိုးက မျက်နှာထားတင်းတင်းနဲ့စိုက်ကြည့်တယ်။
"မဖြစ်နိုင်ဘူးနော် ခင်လေး ငါလက်မခံ နိုင်ဘူး သူကကလေးမဟုတ်တော့ဘူး အတတ် ရှစ်နှစ် တောင်ရှိပြီ "
လိုက်လျောဟန်ရှိတဲ့ မေမေ့ မျက်နာ ဟာ ဦးနိုင်မိုး စကားတစ်ခွန်းတည်းနဲ့ပင်......
"ဟုတ်သားပဲ ဒိုးလေးကကလေးမှမဟုတ်တော့တာ ၊ သွားသွား ကိုယ့်အခန်းကိုယ်ပြန်တော့"
တဆတ်ဆတ် တုန်နေတဲ့ ဒိုးလေး ကိုမေမေ မသနားဘူး ဒိုးလေးကကြောက်လို့  မေမေနဲ့အတူအိပ်ချင်တာကို တစ်ညတည်းပါ မေမေ ရယ် ။ နှင်မထုတ်ပါနဲ့ မေမေရယ် ဒိုးလေးတကယ် ကြောက်လို့ ပါ။
"ဒိုးလေးမသွားသေးဘူးလား"
မေမေ အော် နေပေမယ့် ဒိုးလေး ၊မေမေ့ မျက်နှာကို မော့ကြည့်ပြီး အသနားခံတယ်။ မေမေ့ ဂါဝန် ကိုမလွတ်တမ်းဆွဲထားမိတယ်။
"ဒိုးလေးမေမေနဲ့အိပ်ချင်တယ် မေမေနဲ့ပဲအိပ်မယ်"
"တောက်...... ဒီကလေးဟာလေ"
တဂျီဂျီ ပူဆာပြီး ငိုယိုပူဆာနေတဲ့ ဒိုးလေးကို ဦးနိုင်မိုး က ကောက်ပွေ့တယ် နောက်တော့ မည်းမှောင်တဲ့စတိုခန်း ထဲမှာပိတ်ထားတယ်။
ဒိုးလေး ကြောက်လိုက်တာလေ တံခါးကိုဝုန်းဝုန်း ထုတာတောင် မေမေ လာမဖွင့်ပေးဘူး။ မြေကြွက် ကြီးတွေ ဒိုးလေးကို လာကိုက်တယ် ။ ဒိုးလေး အော်တယ် ငိုတယ် ဒါပေမယ့် ဘယ်သူမှလာမဖွင်ပေးဘူး မေမေ လည်းလာမခေါ်ဘူး နောက်တစ်နေ့ မနက်မှ ဦးနိုင်မိုး လာဖွင့်ပေးတယ်။
" မင်းနောင်ဆိုးရင် ဒီထက်နာမယ်"
ဦးနိုင်မိုးကို ဒိုးလေး မကြည့်ရဲဘူး ကြောက်လွန်းလို့ စကားပြောလို့ တောင်မရဘူး မေမေ က ဒိုးလေးကို အဲ့လိုလုပ်တဲ့အတွက် ဦးနိုင်မိုးကိုအော်တယ် ရန်ဖြစ်တယ် ဒိုးလေးကျေနပ်လိုက်တာ ဒိုးလေး ခေါင်းကို ပွတ်ပေးပြီး ဒိုးလေးရယ်လို့  မေမေ ကညည်းညု တယ်။ အဲ့ဒီကစပြီး ဒိုးလေးရဲ့ ရင်ထဲမှာ အဲ့ဒီလို ပိတ်လှောင်ခံထားရရင် မေမေ့ဆီက သနားတဲ့အကြည့်တွေရမှာပဲလို ထင်ခဲ့တယ် ။
ဒါကြောင့်မကြာခဏ ဦးနိုင်မိုးကိုစိတ်တိုအောင်လုပ်ပြီး အမှောင်ခန်းထဲမှာပိတ်လှောင်ခံရအောင် ကြိုးစားခဲ့တယ်။ အမှောင်ကိုဒိုးလေးကြိုက်လာခဲ့တယ်။
မေမေ့ ဆီကသနားတဲ့အကြည့်တွေဟာ ရိုးသွားတဲ့သဘော နဲ့ ဒီထက်မကပိတ်ထားတာမှကောင်းမယ်။ ကိုနိုင်မိုး လုပ်တာမမှားဘူးဆိုတဲ့ မေမေ ရဲ့မှတ်ချက်က ဒိုးလေးအတွက်ဝမ်းနည်းကြေကွဲစရာဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ ၆ လပြည့်တော့ နာကျင်ခံစားမှု့ တွေနှင့်အတူဒိုးလေး ဖေဖေ့ဆီရောက်ခဲ့ရပြန်တယ်။
ဆက်ရန်
နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ၁
် စာကြွင်း
ရွှေအမြုတေ မှ ပင်မြင့်စံ(ရွှေဘို) ရေးသားတဲ့ နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ကိုပြန်လည်ဖော်ပြနေတာဖြစ်ပါတယ်။ ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ် ။
ကျေးဇူးတင်ပါတယ်။
သက်အောင်(ကလောင်တိုက်ပွဲ)
1 comments:
ဒိုလေး ဘ၀က တော်တော် သနား
ဖို.ကောင်းနေပြီ...ဘာတွေ ဆက်ပြီး
သနားဖို.ကောင်းမလဲ စောင်.နေမယ်ဗျာ...
Post a Comment