Showing posts with label အမည်မသိ. Show all posts
Showing posts with label အမည်မသိ. Show all posts

Sunday, July 5, 2009

ဟုတ်တယ်

အခွင့်အရေး ကို ဆုံးရှုံးဖူးသူမှ
အခွင့်အရေးတန်ဖိုး ကိုပိုသိတယ်တဲ့
ဟုတ်တယ်။

ကိုယ့်ကိုယ်ကိုယ် ခံတွင်းမတွေ့လို့  ဆိုပြီး
ထွေးထုတ်ပစ်လို့ မရ
ကိုယ့်ကိုယ်ကိုယ် ခံတွင်းတွေ့လှချည်ရဲ့ ဆိုပြီး
ငုံထားလို လည်းမရ
လူ့ ဘဝဆိုတာဒီလိုပါပဲ
ဟုတ်တယ်။

စီးလာတဲ့ကား ကိုကြည့်ပြီးမှ
မျက်နှာထားပြောင်းတတ်တဲ့လူမျိုး ကို
ခင်ဗျားတို့ ဘယ်လိုသဘောရလဲ
ကျနော်တော့သဘောမကျဘူး
ဟုတ်တယ်။

မိန်းမတစ်ယောက်ကို စိတ်ပါလက်ပါဆက်ဆံသလို
အရာရာကို ဆက်ဆံဖို့ ဆိုတာ အခက်သား
စိတ်မပါရင် ကိုယ်အိပ်ခဲ့တဲ့အိပ်ရာတောင်
ပြန်သိမ်းချင်တာမဟုတ်ဘူး။

မလည်ရှုပ် တော့မလုပ်ကြပါနဲ့
လည်မယ်ဆိုကမ္ဘာကြီးကို နမှုနာယူ
ငြိမ်ငြိမ်နေမယ်ဆို
အိမ်မြှောင် တစ်ကောင်လိုနေ
ဟုတ်တယ်။

လမ်းသရဲ အလုပ်လက်မဲ့ ရန်ကုန်ဂျပိုး
ခိုးကြောင်ခိုးဝှက် ကဗျာရေးသူ
ဘယ်လိုလဲ..........ကိုယ့်ဘဝကိုယ် ကျေနပ်ပါရဲ့လား
အိုး ဘာမကျေနပ်စရာရှိလဲ
ကိုယ့် အကုသိုလ်နဲ့ကိုယ်
ကိုယ်ခံချင်တဲ့ ငရဲ
ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ
ဝမ်းနည်းစရာမရှိပါဘူး ။
ဟုတ်တယ်။

စာကြွင်း -
ကဗျာဟောင်းလေးပါပဲဘယ်သူရေးတယ်ဆိုတာတော့မမှတ်မိတော့ဘူး

Tuesday, June 16, 2009

လေလွင့်သူတယောက်၏ လွမ်းဆွတ်မှု

ခြေတလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။


လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော် ခဲ့သည်။


နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော် ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘ၀၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။


အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာ တကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲ ပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။


အမေ (၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေ စတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာ
များ မှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့် တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်
အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား ။


အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေ စတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများ အရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထို
စောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့ တွေ့ချင်လို့ ပဲလေ။


အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး
ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။


မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ
အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် "ငါ လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး" ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။


အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာ အမေ့ကို ပြောဖြစ်ခဲ့သည်။


နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။


ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ
သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။


မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူ
လိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။


"ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား"
အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။


"ငါ အိုသွားတဲ့အခါ"ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ


"ငါ အိုသွားတဲ့အခါ"


ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။


ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။


အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။


မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို မြင်ယောင်ပေးပါ။


ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက "ဘာကြောင့်" ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။


စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။


အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။


တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။


ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။


ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့် စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘ၀တူ အမိမြေကို ခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း...............


ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
အမေ ထွက်သွားတဲ့ရက်
အိပ်မက်တစ်ခုလို ထင်မှား
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။


မြို့ပြတစ်ခုရဲ့ရင်ခွင် သမီးဝင်ကာနားခို
အမေ့ရွာလောက် မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။
မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။


နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစှ်စင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။

"ဘယ်တော့မှ မငိုနဲ့ ".....တဲ့
အမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်း
သမီးအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။

ဘ၀မှာ အမေသာ စံပြ
အမေ့ကို နမူနာယူလို့
အမေတူသမီး ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
အမေ့ကို လွမ်းဆွတ် သတိရဆဲပါ အမေ။


P.S

အတော်ကောင်းဗျာ ဘယ်သူရေးတာလဲတော့မသိဘူး

တစ်မျိုးပဲ.....ဒါပေမယ့်...ကောင်းတယ်

အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"



သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။


၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။

ပြီးပါပြီ

P.S

ဘယ်သူရေးတာလဲတော့မသိဘူး ကြောင်တောင်တောင်နဲ့အတော်ကောင်းဗျာ။

ပလေတို နဲ့ ဆိုကရေးတီး

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့
မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း
တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး
ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့
ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ
ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်
တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ
ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့
အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း
သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ အချစ်" လို့
ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့
မေးပြန်သတဲ့။ ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း
တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့
အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်
ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့
အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့
ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့ "တစ်ပင်ပဲ
ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း
မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ
ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ
ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြန်တော့ ဆိုကရေတီးက "အဲတာ
လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့
မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက်
လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်
လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို
ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ
နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့
ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့ "၂နာရီနီးပါး
ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး
ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့
ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက်
သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့
တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို
ထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ
သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို
ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။
ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက
ပလေတိုကို ပြောခဲ့တယ်။

P.S

သိမ်းထားတာအတော်ကြာပြီ စာတွေဖတ်ရင်းနဲ့တွေ့လိုပြန်တင်လိုက်တာ။

ပြန်လာခဲ့ပါ အချစ်ရယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တို့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တို့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတက်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တို့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တို့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်
ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တို့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး

ဒါပါပဲ......ချစ်ရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "

P.S

ဘယ်သူရေးတာလဲတော့မသိဘူး အတော်ကောင်းဗျာ။

ရေသန့်ဘူးခွံကလေးများ…

“ရေသန့်ဘူးခွံကလေးများ ပါရင်ချပေးပါ၊ ရေသန့် ဘူးခွံလေး ချပေးပါ”ဟု ဘီးလှိမ့်စပြုသည်အထိ ရထားဘေးတွင် ကပ်လိုက်ပြေးရင်း တကျော်ကျော် အော်နေသော ကလေး ၂ ဦးမှာ ရထား အရှိန်ပြင်းလာသည့်တိုင် ပြေးလိုက် နေဆဲ ဖြစ်သည်။

ရထားပေါ်မှ ပစ်ချလိုက်သော ၁ လီတာဝင် ရေသန့်ဘူးခွံလေးတခုကို ကလေး ၂ ယောက်က ပြေးနေရင်း အလုအယက် ကောက်ကြသည်။ သူတို့ဘေးတွင် အရှိန်ပြင်းစွာ ခုတ်မောင်းနေပြီ ဖြစ်သော ရထားကြီးနှင့်အပြိုင် လိုက်ပြေးကြရင်း ပါးစပ်ကလည်း အော်နေကြသည်။ အရှိန်ပြင်းသည်ထက်ပြင်းလာသော ရထားကို သူတို့ ဂရု မစိုက်၊ သူတို့အတွက် ရေသန့်ဘူးခွံလွတ်များ ရရှိရေးကသာ အရေးကြီးပုံ ရနေသည်။

တဘူးလျှင် ကျပ် ၁၀ နှင့် ပြန်ရောင်းနိုင်သော ရေသန့်ဘူးခွံတခွံ ရဖို့အရေး သူတို့ မည်သည့် အန္တရာယ်ကိုမျှ
မမြင်နိုင်ကြ၊ အခန့်မသင့်လျှင် ရန်ဖြစ်ကြသည်။ ထိုသံလမ်းပေါ်မှာပင် တယောက်နှင့်တယောက် နပန်းလုံးကြ သည်ကိုလည်း မြင်တွေ့ရသည်။

“ကျနော်က ရေသန့်ဘူးခွံတင်မဟုတ်ဘူး၊ ရောင်းလို့ရတာ အကုန်ကောက်တာပဲ၊ အမေက ကျနော်တို့ ကောက် ထားတဲ့ ဘူးခွံတွေကို ဒိုင်မှာ သွားရောင်းပေးတယ်၊ အဲဒီက ရတဲ့ ပိုက်ဆံနဲ့ ကျနော်တို့မောင်နှမ ကျောင်းတက်နေ ရတာ”ဟု အသက် ၉ နှစ်အရွယ် မောင်ရဲရင့်က ပြောပြသည်။

ကျောင်းဆင်းချိန်များတွင် တိုးကြောင်ကလေး ဘူတာရုံအနီးသို့ သွားပြီး ရေသန့်ဘူးခွံ ကောက်သည့် အလုပ်ကို သူ ပုံမှန်လုပ်သည်။ ထိုမှရသော ၀င်ငွေကို ကျောင်းစရိတ်လုပ်ခဲ့သည်မှာ ယခုဆိုလျှင် တတိယတန်းအထိ ရောက်နေပြီဟု ဆိုသည်။

သူတို့နေထိုင်ရာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၁၆ ရပ်ကွက်ထဲမှာ သူ့လို ဘူးခွံကောက်သော အလုပ်ကို လုပ်ကြသည့် ကလေး တော်တော် များများ ရှိသည်။ သူတို့အားလုံး ရောင်းစားလို့ရသမျှ ဘူးခွံ၊ ပလတ်စတစ်၊ ဆေးပုလင်းခွံ စသည့် အမှိုက်ထဲက တိုလီမုတ်စ အမျိုးမျိုးကို ကောက်ပြီး ဒိုင်မှာ ပြန်သွင်းကြသည်။ သူတို့၏ ၀င်ငွေမှာ တနေကုန်ကောက်ပါက တဦးလျှင် ကျပ် ၅၀၀ အထိ ရတတ်ပြီး မောင်ရဲရင့်ကဲ့သို့ ကျောင်းတက်နေ သူများကတော့ တနေ့လျှင် ငွေ ၂၀၀ ကျော်ခန့် သာ ရတတ်ကြောင်း သိရသည်။

ယခု နောက်ပိုင်းတွင် ရေသန့်ဘူးခွံ၊ နိုင်ငံခြားဆေးပုလင်းဘူးခွံ၊ လစ်ပိုဘူးခွံ၊ မိုင်လို၊ အိုဗာတင်း ပုလင်းခွံ စသည် တို့နှင့် ပလတ်စတစ်ဟောင်းများ ရှာဖွေ ရောင်းချသည့် အလုပ်ကို ကျောင်းနေအရွယ် ကလေးငယ်များက စီးပွားရေး လုပ်ငန်းတခုကဲ့သို့ သဘောထား လုပ်လာကြသည်ကို တွေ့ရကြောင်း အင်းစိန်မြို့နယ်ရှိ ပုလင်းခွံ၊ ဘူးခွံ ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

“လူကြီးတွေကတော့ ဒီလောက်ဝင်ငွေလေးနဲ့ သိပ်မလုပ်တော့ဘူး၊ ကလေးတွေပဲ ဒီအလုပ် လုပ်ကြတော့တယ်။ အထူးသဖြင့် ကျောင်းသားလေးတွေက တနိုင်တပိုင် ကျောင်းစရိတ်ရှာကြတာဆိုတော့ ကျမတို့ကလည်း အားပေး တဲ့အနေနဲ့ ဈေးမှန်နဲ့ ဝယ်ပေးပါတယ်” ဟု အထက်ပါ လုပ်ငန်းရှင် မမေချိုက ဆိုသည်။

စနေ၊ တနင်္ဂနွေ နှင့် တခြားကျောင်းပိတ်ရက်များတွင် မီးရထားသံလမ်းဘေး၊ လူနေ တိုက်ခန်းများ၏ နောက်ဖေး လမ်းကြားများ၊ အမှိုက်ပုံများ၊ ဈေးများ၊ စားသောက်ဆိုင် တန်းများ၊ပန်းခြံများထဲ၌ တနေကုန် ဘူးခွံများ လိုက်ရှာ ကောက်၍ လာရောက်ရောင်းချသူ အများစုမှာ ကျောင်းသားများဖြစ်နေတတ်ကြောင်း မမေချိုက ပြောဆိုသည်။

မောင်ရဲရင့်ကဲ့သို့ပင် အသက် ၁၂ နှစ်အရွယ် မနွယ်မာသည်လည်း လှိုင်မြို့နယ်အတွင်းရှိ ကျောင်းတ ကျောင်း တွင် ၅ တန်းတက်နေရင်း ကျောင်းဆင်းချိန်၌ အမေဖြစ်သူ အလုပ်လုပ်သည့် အင်းလျားကန်စောင်း စားသောက် ဆိုင်များဆီ လာရောက်ကာ ရေသန်ဘူးခွံများ၊ အအေးပုလင်းခွံလွတ်များကို လိုက်ကောက်ယူကြောင်း ပြောပြ သည်။

မနွယ်မာသည် ထိုသို့ ဘူးခွံ၊ ပုလင်းခွံနှင့် ပလတ်စတစ်များကို ရောင်းချ၍ရသော ၀င်ငွေကို ကျောင်းစာအုပ်ဖိုးတွင် ပြန်အသုံးပြုရသည်။

“ဗလာစာအုပ်က တဒါဇင်ကို ကျပ် ၃ ထောင်ကျော်၊ ဖတ်စာအုပ် ကလည်း အားလုံးယူရင် ၃၂၀၀ ဆိုတော့ အမေတို့က ၀ယ်မပေးနိုင်ဘူး၊ စာအုပ်ဖိုးကို သမီးရှာလို့ရတဲ့ ငွေထဲကနေ ပြန်သုံးရတာ” ဟု မနွယ်မာက ပြောသည်။

ကျောင်းဆင်းချိန်တွင် ယခုကဲ့သို့ ဘူးခွံ ကောက်သည့်အလုပ်ကို လုပ်သည့်အတွက် ကျောင်းစရိတ် ကာမိသော် လည်း သမီးဖြစ်သူကို စာ ကြိုးစားသည့် အလုပ်တခုသာ လုပ်စေချင်ကြောင်းသူ့မိခင်က ပြောပြသည်။ သို့ရာတွင် ထိုဝင်ငွေ၏ တစိတ်တပိုင်းက သူတို့ မိသားစုနှင့် မနွယ်မာ၏ ပညာရေးအတွက် အရေးကြီးသည်ဟု ဆိုသည်။

“ကလေးတွေက ကျောင်းတက်ချင်တယ်၊ ကျမတို့ကလည်း စားဖို့တောင် အနိုင်နိုင်ဆိုတော့ ကလေး ၃ ယောက် စလုံးကို ကျောင်းမထားနိုင်ဘူး။ အဲဒီတော့ သူတို့စရိတ်နဲ့သူတို့ စာအုပ်ဖိုးကို ရှာကြဖို့ ပြောရတယ်။ ဒါတောင် ကျောင်းအပ်ဖို့အတွက် အပြင်ကနေ အတိုးနဲ့ ငွေချေးရတယ်” ဟု သူကဆက်ပြောသည်။

ယခုနှစ် ကျောင်းအပ်ခမှာ ဖတ်စာအုပ်ဖိုးမပါဘဲမူလတန်းအရွယ် ကျောင်းသားတဦးလျှင် အနည်းဆုံး ငွေ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားအတွက် ဆိုလျှင် အနည်းဆုံး ငွေ ၇၀၀၀ ကျပ်မှ ၁၀၀၀၀ အထိ အပ်သည့် ကျောင်းပေါ်တွင် မူတည်ပြီး ကုန်ကျလေ့ရှိသည်ဟု သိရသည်။

ဖတ်စာအုပ်ဖိုးပါလျှင် ကျောင်းဖွင့်စ ကျောင်းသားတဦးအတွက် ကုန်ကျစရိတ်မှာ တဦးလျှင် အနည်းဆုံး ကျပ် ၁၃၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ရှိသည်။

ရန်ကုန်မြို့ပေါ်မှ နာမည်ကြီး ဒဂုံ၊ အထက (၁) ဆိုလျှင် ယခုနှစ် ကျောင်းသားသစ်တဦးအတွက် ၀င်ကြေးမှာ ကျပ် သိန်း ၂၀ နှင့် ကွန်ပျူတာ ၁ လုံးဖြစ်ပြီး ပညာရေးလေ့ကျင့်ရေးကျောင်း (TTC) မှာ ယခုနှစ် အတွက် ကျောင်းသား သစ် လက်ခံခြင်း မရှိသေးပေ။

တခြားနာမည်ရ ကျောင်းများ၏ ကျောင်းဝင်ကြေးများမှာလည်း အနိမ့်ဆုံး အလှူငွေအဖြစ် ကွန်ပျူတာတစုံဖိုး ထည့်ဝင် လှူဒါန်းရသည်ဟုသိရသည်။ ထိုကျောင်းများ၏ ကျောင်းဝင်ခွင့်လျှောက်လွှာ တစောင် တန်ဖိုးပင်လျှင် ငွေကျပ် ၂ သောင်းခန့် ရှိသည်။

“ကျောင်းကြီးတွေကျတော့လည်း အပ်ချင်တဲ့ မိဘတွေက တိုးမပေါက်အောင်ကို များတယ်၊ ဒီလို ဆင်းရဲသား ရပ်ကွက် ကျောင်းတွေကျတော့ ကျောင်းဖွင့်တာတောင် တပတ်ပြည့်တော့မယ်၊ ခုထိ ကျောင်းမအပ်ကြသေးလို့ မနည်းခေါ်နေရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မူလတန်း ကျောင်းတကျောင်းမှ ဒု - ကျောင်းအုပ် ဆရာမ က ဆိုသည်။

အထူးသဖြင့် သူငယ်တန်း ကျောင်းဝင်ကြေးမှာ ကနဦးကျောင်းဝင်ကြေးအဖြစ် ကုန်ကျစရိတ် များသောကြောင့် အခြေခံလူတန်းစားများ၏ ကလေးငယ်များ အသက်ပြည့်ပြီး ဖြစ်သော်လည်း မတတ်နိုင်ကြသဖြင့် ကျောင်းမနေ နိုင်သေးသည့် ကလေးငယ်များ အများအပြားရှိကြောင်း၊ သားသမီးများသော မိဘများသည်လည်း အားလုံး အတွက် မတတ်နိုင်သဖြင့် ကျောင်းမအပ်နိုင်ကြကြောင်း သိရသည်။

တချို့သော မိဘများမှာ ကလေးကို မူလတန်းကုန်သည် အထိသာ ကျောင်းထားပေးပြီး အလုပ်ခွင်ဝင်နိုင်သော အရွယ်ရောက်သည်နှင့် လုပ်ငန်းခွင် ၀င်ခိုင်းကြသောကြောင့် တချို့သော ဆင်ခြေဖုံး မြို့နယ်နှင့် ရပ်ကွက် ကျောင်းများတွင် အလယ်တန်း ကျောင်းသား အရေအတွက် လျော့နည်းလာကြောင်း တွံတေးမြို့နယ်၊ အလယ် တန်းကျောင်း တကျောင်းမှ ကျောင်းအုပ်ဆရာမကြီး တဦးက ဆိုသည်။

“စီးပွားရေးကလည်း ကျပ်တော့ ကလေးတွေကို ကျောင်းအနိုင်နိုင် ထားနေကြရတယ်၊ ဒီနှစ် ပိုဆိုးတယ်၊ မနှစ်ကလည်း အလယ်တန်းကျောင်းသား မရှိဘူး၊ ဒီနှစ်လည်း မူလတန်းကျောင်းမှာ ကလေး ၂၀ ကျော်ပဲရှိတယ်၊ အလယ်တန်းဆို လာအပ်တဲ့သူကို မရှိသေးဘူး။ ကျောင်းသားမိဘတွေကို ကျောင်းလာ အပ်ပါလို့ မနည်းပြောနေ ရတယ်” ဟု အဆိုပါ ဆရာမကြီးက ပြောသည်။

ကျောင်းသားမိဘများ အနေနှင့် ကလေး၏ ပညာသင်စရိတ်ကို မတတ်နိုင်သောကြောင့် လည်းကောင်း၊ မိသားစု စားဝတ်နေရေးတွင် ကလေး၏ ၀င်ငွေကို တစိတ်တပိုင်း မှီခိုနေကြရသောကြောင့်လည်းကောင်း ကလေးများကို ကျောင်း မပို့နိုင်ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်တွင်နေထိုင်၍ နံနက်မှ ညတိုင်အောင် မိခင်နှင့်အတူ ဘူးခွံ၊ ပုလင်းခွံ၊ ပလတ်စတစ် လိုက်ကောက်နေသော မောင်ပေါ်လေးသည်လည်း ကျောင်းနေချင်သည်ဟု နေ့စဉ် ပူဆာလျက်ရှိကြောင်း သူ့မိခင်က ပြောပြသည်။

“သူ့ကို မနှစ်ကတည်းက ကျောင်းထားရမှာ၊ မနှစ်က နာဂစ်ကြောင့် အိမ်ပြိုသွားလို့ အိမ်ပြန်ဆောက်နေရတာနဲ့ ကျောင်းမထားနိုင်ခဲ့ဘူး၊ ခုလဲ ကျောင်းဖွင့်တာ တပတ်ပြည့်တော့မယ်၊ ငွေ မပြည့်သေးလို့ မထားနိုင်သေးဘူး” ဟု မောင်ပေါ်လေး၏ မိခင်က ဆိုသည်။

လက်ရှိအခြေအနေတွင် သူတို့ သားအမိ နှစ်ယောက် တနေကုန် ဘူးခွံ၊ ပုလင်းခွံ ကောက်ရောင်းပါမှ တနေ့ဝင်ငွေ ကျပ် ၁၀၀၀ ကျော်ကျော်သာ ရသည့်အတွက် စားစရိတ်ပင် အနိုင်နိုင်ဖြစ်နေကြောင်း ပြောပြသည်။

မောင်ရဲရင့်ကဲ့သို့ ကိုယ့်စရိတ်ကိုယ်ရှာပြီး ကျောင်းတက်နေကြသော ကလေးများ ရှိသော်လည်း ထိုကလေးများမှာ အနည်းစုသာဖြစ်သည်ဟု သိရသည်။ ထိုသို့ သော ကလေးများသည်လည်း အလုပ်တဖက်နှင့် ပညာသင်ကြား နေရသဖြင့် ပညာရေးဘက်တွင် အားနည်းချက်များရှိကြောင်း တွေ့မြင်ရသည်။

“သားက ကျောင်းစာ သိပ်မလုပ်နိုင်ဘူး၊ အတန်းကတော့ အောင်ပါတယ်၊ ဒါပေမယ့် စာကတော့ ကောင်းကောင်း မဖတ်တတ်သေးဘူ”ဟု တတိယတန်းကျောင်းသား မောင်ရဲရင့်က ဆိုသည်။

ကျောင်း အတူနေသည့် သူငယ်ချင်းများက အိမ်ပြန်ရောက်လျှင် အိမ်စာလုပ်ကြ ၊ စာကျက်ကြနှင့် မိဘများ တတ် နိုင်လျှင် ကျူရှင်တက်ကြရသည်။ မောင်ရဲရင့် ကဲ့သို့သော ကလေးများမှာ ကျောင်းဆင်းချိန်တွင် တိုးကြောင် ကလေး ဘူတာဘက်သို့ သွား၍ ရေသန့်ဘူးခွံကလေးများ ကောက်ပြီး အိမ်စရိတ် ကူညီရှာဖွေကြရလေသည်။

Saturday, May 30, 2009

အရွယ်လွန်ဘဝ

ဦး ကိုကိုကြီး တစ်ယောက် သူ့ မိန်းမဆုံးသွားပြီးကတည်းက ရှိတဲ့စည်းစိမ် အကုန်သမီး ကို လွဲ ပေးပြီး သမီးနဲ့အတူနေခဲ့တာ သူ့ မြည်းလေးတစ်သက်ရှိပြီ။

တစ်မနက် ....

ဈေးသွားခါနီး ဖြစ်တဲ့သမီးကို
"သမီးရေ ဖေဖေ ငါးရံ့ အူ ဟင်းလေးစားချင် လိုက်တာ ဝယ်ခဲ့ ပေးပါဦး"
သမီး ဖြစ်သူမှာ "ဟုတ်ကဲ့" တစ်ခွန်းသာ ပြန်ဖြေပြီး ၊ သူ့ သမီး လေးကို
"သမီး ဘာဟင်းစားမလဲဟင် "
"ကြက်သားဟင်း မေမေ"
"အေးအေး" ဆိုပြီးဈေးကိုထွက်သွား တော့တယ်။

နေ့ လည် ထမင်းစား တော့ ထမင်းဝိုင်းမှာ ကြက်သားဟင်း ကနေရာယူ ပြီး ငါ့ရံ အူ ဟင်းကတော့ .......

P.S
စာအုပ်တစ်အုပ်ထဲကဖတ်ရတာပါ
ရှည်နေတဲ့အတွက်လိုရင်းကိုသာ ပြန်တင်ပေးလိုက်တာပါ။

Friday, May 29, 2009

ကြွေချိန်မတန်ခင်ကြွေ

စစ်သား စုဆောင်းရေး တပ်ကြပ်ကြီးက သူ့ရှေ့မှာ ထိုင်နေတဲ့ လူငယ်ကို သံသယ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ ပုံစံက လူရည်သန့်။ သနားကမား ရုပ်ကလေးနဲ့။
ဒါပေမယ့် သူ့မျက်နှာက တစ်စုံတစ်ခုကြောင့် အလွန်အမင်း စိတ်ဓာတ် ပျက်ယွင်းနေတဲ့ ပုံစံ။ ဘယ်လောက်တောင် စိတ်ဓာတ် ကျနေလို့ စစ်ထဲကို ဝင်ဖို့ ဆုံးဖြတ်ရတာလဲ။
ဘာအကြောင်းတွေ ရှိနေသလဲ။ တပ်ကြပ်ကြီးရဲ့ စိတ်ထဲက ကြိတ်ပြီး စဉ်းစားနေရင်း နောက်ကွယ်က အကြောင်းအရာကို ရအောင် ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“မင်းနာမည် ဘယ်သူလဲ။”
“----ပါ။”
“ပညာ အရည်အချင်းက”
“--- တက္ကသိုလ်မှာ ပထမနှစ် တက်နေပါတယ်။”
“ဘာကွ။ ဒါဆို မင်းကဘာလို့ စစ်ထဲဝင် ချင်ရတာလဲ။”
“ကျွန်တော် အခု ဖြစ်နေတာတွေ အားလုံးကို မေ့ပစ်လိုက်ချင်တယ်။ သေချင် သေပေ့စေ။ စစ်တိုက်ချင်တယ်။”
“မင်းက ဘာဖြစ်လာလို့လဲကွ။”
“ဒီလိုပါပဲ ဆရာကြီးရယ်။ ပြသနာက ပေါင်းစုံပါပဲ။”
“ငါ့ကို ပြောပြစမ်းပါ။”
“မပြောပါရစေနဲ့ ခင်ဗျာ။”
“ဒီလို လုပ်လို့ ဘယ်ရမလဲကွ။ မင်း အိမ်က ထွက်ပြေးလာတာလား။”
“အဲဒါတော့ ဟုတ်ပါတယ်။”
“တက္ကသိုလ် ကျောင်းသား အိမ်က ထွက်ပြေးလာပြီး စစ်ထဲဝင်တယ် ဆိုတာ နည်းနည်းတော့ ဆန်းတယ်။ မင်းရာဇဝတ်မှုတွေ ဘာတွေ ဖြစ်လာသလား။”
လူငယ်ရဲ့ မျက်နှာက ကွက်ကနဲ တစ်ချက် ပျက်သွားတယ်။ နောက် သူ့ဘာသာသူ ပြန်ထိန်းတယ်။
“မဟုတ်ရပါဘူး ခင်ဗျာ။”
တပ်ကြပ်ကြီး နည်းနည်းတော့ ရိပ်မိလိုက်ပါပြီ။ အဲဒါကြောင့် ဘေးက ရဲဘော်ကို အမိန့်ပေးလိုက်တယ်။
“ဟေ့ကောင်။ သူ့အိတ်ကို ရှာစမ်းကွာ။”
ရဲဘော်က မဆိုင်းမတွပဲ အမိန့်ပေးသလို လူငယ်ရဲ့ အိတ်ကို ဖွင့်ပြီး ရှာပါတော့တယ်။
လက်နက်တွေ ဘာတွေတော့ မတွေ့ရပါဘူး။ တွေ့ရတာက ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ အထုပ်တစ်ထုပ်ပါ။ သူတို့ ရွှေထုပ်ကို သေသေချာချာ ကြည့်ကြတယ်။
အထဲမှာ ပါတဲ့ ရွှေထည်တွေက ခေတ်ကာလ မိန်းကလေး တစ်ယောက် ဝတ်ဆင်တတ်တဲ့ ရွှေထည်ပစ္စည်းမျိုးတွေပါပဲ။
တပ်ကြပ်ကြီးရဲ့ စိတ်ထဲက သံသယတွေ အတော်ကို ကြီးထွားလာ ပါပြီ။
လူငယ်ရဲ့ နောက်ကွယ်က အကြောင်းက ရိုးရိုးရှင်းရှင်း ကိစ္စတော့ မဟုတ်ဘူး ဆိုတာ ရိပ်မိလိုက်ပါတယ်။ တပ်ကြပ်ကြီးက လူငယ်ကို ခြိမ်းခြောက်လိုက် ပါတယ်။
“ကဲ။ မင်းအမှန်အတိုင်း ပြောမလား မပြောဘူးလား။ မင်း ဓားပြတိုက်လာတာလား။ မိန်းကလေး တစ်ယောက်ကို သတ်ပြီး ပစ္စည်းယူလာတာလား။”
လူငယ်မှာ ဆက်လက်ပြီး ထိန်းချုပ်နိုင်တဲ့ စွမ်းအား ကုန်ဆုံးသွားသလိုပါပဲ။
ရှိုက်ကြီးတငင် ငိုချလိုက် ပါတယ်။
“ကျွန်တော် မသတ်ရပါဘူးဗျာ။ ကျွန်တော် သူ့ကို သေစေချင်တဲ့ စိတ်ဆန္ဒလည်း လုံးဝ မရှိရပါဘူး။ သူက ကျွန်တော့် ဘဝပါ။ ကျွန်တော့်ရဲ့ အချစ်ဆုံး မိန်းကလေးပါ။”
.........
နောက်တော့ လူရွယ်က အခုလို သူ့ရဲ့ အဖြစ်အပျက် ကို ပြန်ပြောပြပါတယ်။
သူ တက္ကသိုလ်မှာ ပထမနှစ် စတက်တော့ သူ့ရဲ့ ချစ်သူနဲ့ ဆုံစည်းခဲ့ပါတယ်။
သူ့ချစ်သူက သူတို့မြို့က မြို့မျက်နှာဖုံး တစ်ယောက်ရဲ့ သမီးပါ။
အရွယ်ကလည်း ငယ်ကြသေးတော့ မိဘတွေကို အသိမပေးပဲ သူတို့ဘာသာ ခိုးကြောင်ခိုးဝှက်နဲ့ပဲ ပျော်စရာ ကြည်နူးစရာ ချစ်သူဘဝ နေ့ရက်တွေကို ကုန်လွန်ဖြတ်သန်း ခဲ့ကြပါတယ်။
တစ်နေ့မှာတော့ သူ့ချစ်သူက ပြောလာပါတယ်။
“မောင် ကျွန်မတို့တော့ ဒုက္ခရောက်ပြီ။”
“ဘာဖြစ်လို့လဲဟင်။“
“ကျွန်မ မသင်္ကာလို့ စစ်ကြည့်တာ အခု ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ။”
သူတို့တတွေ ခေတ်လူငယ်တို့ရဲ့ သဘာဝအတိုင်း ခြေလွန်လက်လွန်တွေ ဖြစ်ခဲ့ကြ ပါတယ်။
“အဲဒါ ဘယ်လို လုပ်ကြမလဲ။ လူကြီးတွေကို အသိပေးကြမလား။”
“အဲဒါတော့ မဖြစ်ဘူးထင်တယ်။ အဖေက သိတဲ့အတိုင်း သိပ်စည်းကမ်းကြီးတာ။ အဖေသိရင် ကျွန်မကို သတ်လိမ့်မယ်။”
“အဲဒါဆို ကိုယ်တို့ ထွက်ပြေးကြမလား။”
“ကျွန်မတို့ နှစ်ယောက်စလုံး အခုမှ တက္ကသိုလ် ပထမနှစ်ပဲ ရှိသေးတယ်။ ဘာအလုပ်အကိုင်မှလည်း ရှိတာမဟုတ်ဘူး။ အိမ်ကလည်း သိရင် ပြန်လက်ခံမှာ မဟုတ်ဘူး။ထွက်ပြေးရင် နှစ်ယောက်စလုံး ဘဝပျက် သွားမှာပေါ့။”
အဲဒီလိုနဲ့
သူတို့ နှစ်ယောက် ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ခေါင်းပူအောင် ရှာကြပါတယ်။
နောက်ဆုံးတော့ သူတို့တစ်တွေ ဥပဒေ ပြင်ပက အလုပ်တစ်ခု ကို လုပ်ဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။
အဲဒီ ကိုယ်ဝန်ကို ဖျက်ချဖို့ပါပဲ။
သူတို့ အရပ်ဒေသမှာ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ အရပ်လက်သည် တစ်ယောက် ရှိပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သား အရပ်လက်သည် ရဲ့ အိမ်ကို ရောက်သွားကြပါတယ်။
အဲဒီ အရပ်လက်သည်က သူတို့မြို့ရဲ့ တစ်နေရာမှာ ခြံနဲ့ ဝင်းနဲ့ နေတာပါ။
သူတို့ လက်သည်ရဲ့အိမ်ကို ရောက်သွားတော့ အရပ်လက်သည်က သူ့ချစ်သူကို စမ်းကြည့်ပါတယ်။ နောက်တော
့“ရပါတယ်။ သိပ်ရင့်သေးတာမှ မဟုတ်တာ။ ထားခဲ့။ အကုန်လုပ်ထားလိုက်မယ်။ ညနေကျမှ လာပြန်ခေါ်။”
လို့ ပြောပါတယ်။အဲဒီလိုနဲ့ သူ့ချစ်သူကို အဲဒီအိမ်မှာ ထားခဲ့ပြီး တစ်နေရာကနေ ထိုင်စောင့်နေမိပါတယ်။ စိတ်ထဲမှာတော့ စိုးရိမ်ပူပန်နေ ပါတယ်။
ညနေစောင်းတော့မှ အရပ်လက်သည် ရဲ့ အိမ်ကို သူပြန်ရောက် သွားပါတယ်။ သူ့ချစ်သူကို မတွေ့ရပါဘူး။ အရပ်လက်သည်က စိတ်မကောင်းတဲ့ ပုံနဲ့ ပြောတယ်။
“ဟဲ့ ကောင်လေး။ နင့်ရည်းစားတော့ သွေးလွန်ပြီး တိမ်းပါးသွားပြီ။ ငါတို့လည်း အတတ်နိုင်ဆုံး ကြိုးစားတာပဲ။ ဒါပေမယ့် ဘယ်လိုမှ မကယ်နိုင် လိုက်ဘူး။”
“ဘာ။ ဘာပြောတယ်။ ခင်ဗျားတို့ ဘယ်လို လုပ်လိုက်တာလဲ။”
“ဒီကိစ္စက ဘယ်လိုပဲ ဖြစ်ဖြစ် အန္တရာယ်များတယ်။ ငါတို့လည်း ရအောင်တော့ ကယ်သေးတာပဲ။ ဒါပေမယ့် မကယ်နိုင်ဘူး။”
“ခင်ဗျားတို့ကို ရဲတိုင်ရမယ်။”
“တိုင်ချင်လည်း တိုင်ပေါ့။ ဒီကိစ္စမှာ မင်းလည်း ကြံရာပါပဲ။ မင်းတို့ လုပ်ချင်တယ် ဆိုလို့ ငါလုပ်ပေးတာပဲ။”
သူ နည်းနည်းတွေ သွားတယ်။
အဲဒီမှာ အရပ်လက်သည်က ဆက်ပြောတယ်။
“ကဲ မင်းလည်း ကိုယ့်ဒုက္ခကိုယ် မရှာနဲ့။
ရော့ ဟော့ဒီမှာ။ မင်းကောင်မလေးရဲ့ လက်ဝတ်လက်စားတွေ။
အဲဒါတွေ ယူပြီး မင်းဘာသာမင်း လွတ်ရာ ကျွတ်ရာသာ ရှောင်နေပေတော့။
ကောင်မလေး အလောင်းကို ငါတို့ ကောင်းကောင်းမွန်မွန် မြှုပ်လိုက်မယ်။
ဒီကိစ္စကို မင်းနဲ့ ငါတို့ အပြင် ဘယ်သူမှ မသိဘူး။ ပြသနာဖြစ်ရင် မင်းလည်း အမှုပတ်မယ်။
နောက်ပြီး ကောင်မလေး ပျောက်နေတယ် ဆိုရင် မင်းကို အရင်ဆုံး ရှာကြမှာပဲ။ မင်းပဲ ရှင်းရမှာ။အဲဒီတော့ အတွေးမမှားနဲ့။”
နောက်ဆုံးတော့ သူလည်း ကြံရာမရ ဖြစ်ပြီး ကောင်မလေးရဲ့ လက်ဝတ်လက်စားထုပ်ကို ယူပြီး ထွက်ခဲ့ပါတယ်။ တောင်ပေါ်ကို တက်တဲ့ ကားတစ်ကားနဲ့ လိုက်လာခဲ့ပြီး တောင်ပေါ်မြို့ကလေးကို ရောက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ စစ်သားစုဆောင်းရေး တွေ့တာနဲ့ စိတ်ဓာတ်ကျနေတဲ့ အဆုံး သေချင် သေပေ့စေကွာ စစ်ထဲ ဝင်မယ် ဆိုပြီး ရောက်လာခဲ့တာပါ။
ဒီကိစ္စက သေမှုသေခင်းဖြစ်တော့ ရဲကို လွှဲရပါတယ်။
လူငယ်ကို သက်ဆိုင်ရာ မြို့နယ်ရဲ့ ရဲစခန်းကို လွှဲပြောင်းပေးပြီး အရပ်လက်သည်ရဲ့ အိမ်ကို ဝင်ရှာကြပါတယ်။ သူမရဲ့ အိမ်ကို မြေလှန်ပြီး ရှာတဲ့အခါမှာတော့ အဲဒီမြို့တစ်မြို့လုံး အရမ်းကို တုန်လှုပ် ခြောက်ခြားသွား စေတဲ့ အမှုတစ်မှုကို ကြုံတွေ့ ရပါတော့တယ်။ သူမရဲ့ အိမ်ဝင်းထဲမှာ ကိုယ်ဝန် ဖျက်ချရာကနေပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်းတွေ မြှုပ်နှံထားတာကို အများအပြား ရှာတွေ့ရတာပါပဲ။
-------------------------------------------------------------------------------------------------
သူရဲ့ ဇာတိမြို့ကို အလည်သွားရာကနေ ပြန်လာတဲ့ သူငယ်ချင်းက ဇာတ်လမ်း အရှည်ကြီး ပြောပြလိုက်ရလို့ မောသွားတဲ့ ပုံနဲ့ ရေနွေးကြမ်း တစ်ခွက်ကို ကောက်မော့လိုက်ပါတယ်။
“အဲဒါ ငါမြို့ပြန်ရင်းနဲ့ ကြားခဲ့တဲ့ ဇာတ်လမ်းပဲကွ။ ငါတို့နားက ---မြို့မှာ ဖြစ်ခဲ့တာ။
တနယ်လုံးကို ဟိုးလေး တကျော်ကျော်ပဲ။ ကြားရတာတော့ တကယ့်ကို စိတ်မကောင်း စရာ ပဲကွာ။
”သူတို့ နှစ်ယောက်သား စကားဆက် မပြောနိုင်ပဲ အတော်ကြာ ငိုင်နေကြပါတယ်။ ခဏကြာမှ သူက စကားကို ပြန်စလိုက်မိတယ်။“
အေးကွ။ ကိုယ်ဝန်ဖျက်ချတယ် ဆိုတဲ့ ကိစ္စက အနောက်နိုင်ငံတွေမှာ တရားဝင် လက်ခံနိုင်ပေမယ့် တို့နိုင်ငံမှာတော့ ဘယ်လိုမှ လက်ခံလို့ မရတဲ့ ကိစ္စပဲကွ။
အနောက်နိုင်ငံတွေမှာတောင်မှ အယူအဆက အမျိုးမျိုး ကွဲကြသေးတယ်။
တစ်ချို့ ခရစ်ယာန် ဘာသာဝင်တွေက ကမ္ဗဇလေ လှုပ်ရှားတာ မဖြစ်မခြင်း အသက်မဝင်သေးဘူး လို့ ယူဆကြတယ်။
တစ်ချို့ ရဟူဒီ ဘာသာဝင်တွေက မမွေးမချင်း အသက်မရှိဘူးလို့ ယူဆကြတယ်။
အဲဒီတော့ သူတို့က အဲဒီအချိန်မှာ ကိုယ်ဝန်ဖျက်ချတာကို ဘာသာရေး အမြင်အရ အပြစ်မရှိဘူးလို့ ယူဆကြတယ်။
လူသားဆန်မှုနဲ့ ပတ်သက်ရင်လည်း အယူအဆ အမျိုးမျိုး ကွဲကြတာပဲ။
တစ်ချို့က ဒီကိစ္စကို လူမဆန်တဲ့ ကိစ္စလို့ ထင်ပေမယ့် လူတိုင်းက ထင်တာတော့ မဟုတ်ဘူး။ တစ်ချို့က လူတစ်ယောက်ရဲ့ အသက်ရှင်မှုကို ပိတ်ပင်တာ လူမဆန်တာလို့ ပြောကြတယ်။
တစ်ချို့ကလည်း မိခင်ရဲ့ ရှေ့ရေးအတွက် ဒီကိစ္စကို သူ့ဘာသာသူ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ပြောကြတယ်။ ငါတို့နိုင်ငံမှာလည်း ဘာသာရေး အမြင်တစ်ခုတည်းနဲ့ ပိတ်ပင်ထားတယ်လို့ မထင်ဘူး။
ဘာလို့လဲ ဆိုတော့ မိခင်အတွက် ကိုယ်ဝန်လွယ်ရတာ အသက်အန္တရာယ် ရှိတယ်လို့ ယူဆရင် ကိုယ်ဝန်ဖျက်ချဖို့ ဥပဒေက တရားဝင် ခွင့်ပြုထား သေးတာပဲ။
အဲဒီတော့ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ စံနှုန်းတစ်ခု အနေနဲ့ ပိတ်ပင်ထားတယ် လို့ပဲ ထင်တယ်။”
“အေးလေကွာ။ ဒါပေမယ့် ဒီကိစ္စက ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ ပြောရခက်တယ်။ ငါတို့ အမြင်မှာ မှားတယ်ထင်လို့ လူတိုင်းကို မှားတယ်လို့ ပြောလို့မရဘူး။ လူတိုင်းမှာ သူ့အကြောင်းပြချက်နဲ့ သူ ရှိနေကြ တာပဲကွ။ လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြောင်းအရာ တစ်ခုကို မြင်တဲ့ အမြင်ချင်းမှ မတူတာ။ စင်ကာပူ၊ ယူကေနဲ့ အမေရိကန်မှာ ဥပဒေအရ တရားဝင် ခွင့်ပြုထားတဲ့ ကိစ္စပဲ။ သူတို့မှာလည်း ဥပဒေအရ ခွင့်ပြုဖို့ လုံလောက်တဲ့ အကြောင်း အချက်တွေတော့ ရှိမှာပေါ့။ ကိုယ့်အယူအဆ တစ်ခုတည်းကို မှန်တယ်လို့ စွဲပြီး မျက်စိမှိတ် ဆွေးနွေး နေရင်လည်း လိုရင်း ရောက်မှာ မဟုတ်ဘူး။”သူတို့ စကားဆက်မပြောဖြစ်ဘဲ ခဏ ငြိမ်သွားကြတယ်။ နောက်တော့ သူတို့ စကားဝိုင်းက စကားလမ်းကြောင်း ပြောင်းသွားတယ်။ သူက စကားပြန်စတယ်။
“ဒီခေတ် လူငယ်တွေမှာ လက်မထပ်ခင် မစောင့်ထိန်းတာကို မဆန်းတဲ့ကိစ္စတစ်ခုလို ထင်နေကြတယ်ကွ။ မကောင်းဘူး ဆိုတာ သိပေမယ့်လည်း လူတိုင်းက မလိုက်နာ နိုင်ကြဘူး။
ဥပမာကွာ။ အရက်သောက်တာ မကောင်းဘူး ဆိုတာ လူတိုင်းသိနေတာပဲ။
ဒါပေမယ့် မကောင်းဘူး ပြောလို့ အရက်မသောက်ပဲ နေကြသလား ဆိုတော့ မနေကြဘူး။
အဲဒီလိုပဲ လူငယ်တွေကို လက်မထပ်ခင် စောင့်ထိန်းရမယ်လို့ သွန်သင်ကြတယ်။
အဲဒီလို သွန်သင် ပေမယ့်လည်း လူငယ်တိုင်းက မစောင့်ထိန်း နိုင်ကြဘူး။
ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာ လူ့အဖွဲ့အစည်းကြီးက ဘယ်လောက်ပဲ ကောင်းပါတယ်လို့ ရေးပြ ရိုက်ပြ နေပေမယ့် အပြင်လောကမှာက ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို မဟုတ်ဘူး။”
သူ့သူငယ်ချင်းက သူ့စကားကို ထောက်ခံပါတယ်။
“အဲဒါတော့ ဟုတ်တယ်ကွ။ အခုခေတ်ကြီးမှာ သမီးရည်စား အတော်များများက ဒီကိစ္စကို ထမင်းစား ရေသောက်လို ဖြစ်နေကြပြီ။
၅၀ ရာခိုင်နှုန်း မကျော်ရင်တောင်မှ ၁၀ ရာခိုင်နှုန်း မကတာတော့ သေချာတယ်။
ငါအခုတစ်ခေါက် ရန်ကုန်ဆင်းလာတော့ ဦးလေးအိမ်မှာ ဧည့်သည်တွေ များနေတာနဲ့ ဟိုတယ်မှာ တည်းမယ်ဆိုပြီး သွားတယ်။
ဟိုတယ်ရောက်တော့ ငါ့ကို ဧည့်ကြိုကောင်တာက အခန်းမရှိဘူးလို့ ပြောတယ်။ အဲဒီအချိန် ငါ့ရှေ့မှာပဲ စုံတွဲတစ်တွဲ နာရီပိုင်းနဲ့ အခန်းလာငှားတော့ သူတို့က အခန်း ထုတ်ပေးတယ်။
နှစ်ယောက်စလုံးက သနားကမားလေးတွေ ပဲကွ။ ငါလည်း ဧည့်ကြိုကို ပြသနာ ရှာတာပေါ့။
အဲဒီတော့ အဲဒီကောင်လေးက စိတ်မရှိပါနဲ့ အစ်ကိုရာ။ ကျွန်တော်တို့မှာ နာရီပိုင်းနဲ့ ငှားတဲ့ အခန်းတွေက တစ်နေကုန် ငှားတဲ့ အခန်းတွေထက် ပိုပြီး တွက်ခြေကိုက်လို့ တစ်ချို့ အခန်းတွေကို နာရီပိုင်း ငှားဖို့ သီးသန့်ဖယ်ထားလို့ပါ ဆိုပြီး ငါ့ကို တောင်းပန်တယ်။
ငါလည်း အဲဒါနဲ့ သူ့ကို စပ်စုကြည့်တယ်။ အဲဒီလို အကြံအဖန်တွေ ချည်းပဲလား ဆိုတော့ သူက အကြံအဖန် မဟုတ်ပါဘူး အစ်ကိုရယ်။
တစ်ဝက်လောက်က လွတ်ရာ ကျွတ်ရာ လာခိုတဲ့ အတွဲလေးတွေပါ ဆိုပဲ။
ငါလည်း အတော် အံ့သြသွားတယ်။”
သူတို့နှစ်ယောက် ရှေ့ဆက်စကားပြောဖို့ စဉ်းစားနေကြတယ်။
နောက်တော့ သူကပဲ စကား ပြန်စတယ်။
“ငါတို့ဘက်က မဖြစ်သင့်ဘူးချည်းပဲ နင်းကန်ပြောနေလို့တော့ မပြီးသေးဘူး။ အခု အပြင်လောက မှာ လက်ရှိ ဖြစ်နေတာကို အရင်ဆုံး လက်ခံနိုင်အောင် ကြိုးစားရမယ်။
ပြသနာတစ်ခု ကို ဖြေရှင်းဖို့အတွက် ပေးချက် မှန်မမှန် ဆိုတာက အရေးအကြီးဆုံးပဲ။
ပေးထားတဲ့ အချက်အလက်မှားရင် အဖြေလည်း မှားမှာပဲ။ ရှိနေတဲ့ ပြသနာကို မရှိပါဘူးလို့ ဇွတ်ငြင်းလို့ မရဘူး။
ကဲ အဲဒီတော့ အခုခေတ် သမီးရည်းစားတွေ အားလုံး စောင့်ထိန်းနိုင်ကြသလား မေးမယ်။ အဖြေက နိုးပဲ။ အားလုံးတော့ မစောင့်ထိန်း နိုင်ဘူး။
အဲဒီတော့ မစောင့်ထိန်း နိုင်ခဲ့ရင် ဘယ်လို ကြိုတင် တားဆီးမှုတွေ လုပ်သင့်သလဲ ဆိုတာ သိထား သင့်တယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန် ရှိမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို နားလည်အောင် ရှင်းပြ ထားသင့်တယ်။”
သူ့သူငယ်ချင်းက သူ့စကားကို နားထောင်ရင်း စဉ်းစားနေတယ်။ သူကပဲ ဆက်ပြောတယ်။“နောက်တစ်ခုက မတော်တဆ ကိုယ်ဝန် ရှိသွားခဲ့ရင်လည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကဲ့ရဲ့တာတွေ အပြစ်တင်တာတွေ လုပ်နေကြမယ့်အစား အားပေးမှုတွေ နှစ်သိမ့်မှုတွေ ပေးဖို့ ပိုပြီး လိုအပ်တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက် မရည်ရွယ်တဲ့ ကိုယ်ဝန်တစ်ခုကို လွယ်မိပြီ ဆိုကတည်းက သူ့မှာ စိတ်ဓာတ်ကျမှာ အမှန်ပဲ။ အဲဒီလို စိတ်ဓာတ်ကျနေတဲ့သူကို သွားပြီး အပြစ်ဖို့မယ် ဆိုရင် ပိုဆိုးသွားဖို့ပဲ ရှိမှာပေါ့။ လူဆိုတာ မှားတတ်တဲ့ အမျိုးချည်းပဲ လေကွာ။
နောက်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စက ဖြစ်သွားပြီ။ နောက်ပြန်လှည့်လို့ ရတာမှ မဟုတ်တာ။
ဒါတွေက ငါတို့ အခု ဆွေးနွေးနေတာထက် အများကြီး ပိုပြီး ကျယ်ပြန့်တယ်။
အားလုံး ဝိုင်းပြီး အဖြေရှာရမယ့် ကိစ္စ။”
သူတို့တွေ အတော်ကြာကြာ စကားဆက်မပြောနိုင်ပဲ ငြိမ်နေကြပါတယ်။
လေကြမ်းကြမ်း တစ်ချက်က ဝှေ့လိုက်လို့ သူတို့ အထက် သစ်ပင်ပေါ်က ပန်းတွေ ဖွာကနဲ မြေပြင်ပေါ်ကို လွင့်ကျလာပါတယ်။
ကြွေချိန်မတန်ခင် ကြွေကျလာတဲ့ ပန်းပွင့်တွေကို ကြည့်ရင်း အဲဒီလို ပန်းပွင့်တွေ ဘယ်လောက်များ များနေပြီလဲလို့ သူ စဉ်းစားကြည့် မိပါတယ်။
.....
P.S
ညီလေးတစ်ယောက် မေးလ် နဲ့ ပို့် ပေးထားတာပါ။
ကောင်းလို့ ပြန်တင်ပေးလိုက်တာပါ။

Thursday, May 28, 2009

အလွှမ်းသင့်လူ

ဟိုးတစ်ခေါ်က...
သူရဲအိုမြူထွေးတွေနဲ့...
မိုးကိုမျော်လို့ ဗုံတီးလေရဲ့ .......။

ပင်လယ်က..
အံစာလို ခြောက်မျက်နှာနဲ့
မာယာတွေ ..
သူမို့မွေး - ထုတ် - တတ် .......၊

ကောင်းကင်က..
လေဘယ်လို ..ဝှေ့ဝှေ့
ကြယ်တွေပဲ ...
နောက်ဆုံးပျို့ - အန် - ရ .......၊

ဘယ်လိုဥတုကို... ဖျော်ရောင်းရောင်း
အပြုံးတုတွေ...၀ါးပြီး
(ငါ)...
အာမညောင်း ချင်ဘူး .......။

ရင်ဘတ်က ...
ချိန်သီးလိုဘယ်လိုစွင့်စွင့်...
ဘောင်တစ်ခုလိုလှုပ်ခွင့်ရတာ ကြာပေါ့ .......။

ပက်လက်ကြီးဖြစ်တဲ့....မြစ
်ဂီတမရှိ ၊ ဘာမရှိ နဲ.
အက္ခရာပျောက်... ဒီကျောက်စာက
ခတ်ဆတ်ဆတ်.. မက်မက်ရပ်လို့
ဘောလောပေါ် အိမ်မက်နဲ.
(ငါ)
မအိပ်ချင်ဘူး .......။

ငါဆိုတာ ...
တစ်ခါတစ်ခါဘယ်လို ...
သမိုင်းကိုကိုက်ရမလဲလို့...
ကြည့်တတ်တဲ့တေလေကြွက်တစ်ကောင် .......။

ဒီလိုပါဘဲ ......
ဒီလိုပါဘဲ .....
ဒီလိုပါဘဲ .....
အပြုံးတစ်ခုနဲ.ဆက်ပြီးတော့လွမ်းနေ .......။

သစ်ညိုပင်လို ...အိုပြီး
အငွေ့သစ်ဖြစ်တဲ့... မြူ....
မရမ်းရင့်ရင့်...
အလွမ်းသင့် "လူ" .......။
P.S
သိမ်းထားတာကြာပါပြီ။
စာတွေပြန်ဖတ်ရင်းနဲ့တွေ့လိုတင်လိုက်တာပါ။

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP